ကမ္ဘာ့ငြိမ်းချမ်းရေး သွင်ပြင်သစ်ကို ထုဆစ်မည့် ထရန့်နှင့် ကင်တို့၏ သမိုင်းဝင် တွေ့ဆုံပွဲ

Anthony Wallace/Pool via Reuters

ကိုရီးယား နှစ်နိုင်ငံမှ ပြည်သူများသာမက တစ်ကမ္ဘာလုံး ရင် တမမ စောင့်မျှော်ခဲ့ရသည့်သမိုင်း ဝင် နေ့တစ်နေ့သည် အောင်မြင် ချောမွေ့စွာ အထမြောက် ပြီးဆုံး ခဲ့ပြီဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့်မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်တို့သည် စင်ကာပူနိုင်ငံတွင် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ကိုရီး ယားကျွန်းဆွယ် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် ငြိမ်း ချမ်းရေးအတွက် လက်တွဲဆောင် ရွက်ရန် သဘောတူ ကတိပြုခဲ့ သည်။ ယခုဖြစ်စဉ်သည် ရန်ဘက် နှစ်နိုင်ငံ၏ အာဏာရ ခေါင်း ဆောင်များကြား ပထမဆုံး အ ကြိမ် လူချင်းတွေ့ ဆွေးနွေးမှု အ ဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

စင်ကာပူ စံတော်ချိန် နံနက် ၈ နာရီခန့် ကတည်းက ကမ္ဘာ့အ သေးဆုံး စာရင်းဝင် ကျွန်းနိုင်ငံ လေးကို ကမ္ဘာ့မီဒီယာများအားလုံး က အာရုံစိုက် စောင့်ကြည့်နေခဲ့ သည်။ ထရန့်နှင့် ကင်တို့သည်၎င်း တို့ တည်းခိုနေရာ ဟိုတယ်အသီး သီးမှ ထွက်လာပြီး ဆန်တိုဆာ ကျွန်းရှိ ကြယ်ငါးပွင့်အဆင့် ကာ ပယ်လာ ဟိုတယ်ကြီးသို့ လုံခြုံ ရေး ယာဉ်တန်းဖြင့် ဦးတည်လာ သည်။ ကြိုတင် သတ်မှတ်ထား သည့်အတိုင်း နံနက် ၉ နာရီခန့် တွင် ကင်နှင့် ထရန့်တို့ကဟိုတယ် ခန်းမရှိ ကော်ဇောနီခင်းထားရာ  လမ်းပေါ်တွင် ပထမဆုံးအကြိမ်  မျက်နှာချင်းဆိုင် တွေ့ဆုံပြီးလက် ဆွဲ နှုတ်ဆက်သည်။ ၁၂ စက္ကန့်ခန့် ကြာမြင့်သည့် နှုတ်ဆက်မှုသည် အမေရိကန်နှင့် မြောက်ကိုရီးယား တို့ကြား  အစဉ်အဆက် တည်ရှိ နေခဲ့သည့်  ခက်ထန်မုန်းတီးမှုများ ကို စတင်ဖြေလျှော့မည့် သမိုင်း ဝင် နိမိတ်ပုံ  တစ်ခုလည်း ဖြစ်လာ သည်။

ထရန့်နှင့်ကင်တို့ လူချင်းမ တွေ့မီ ကတည်းက နှစ်နိုင်ငံ အစိုးရ ထိပ်တန်း အရာရှိများကြား  အပြန်အလှန် ကူးလူးညှိနှိုင်းမှုများ ပြုလုပ်နေခဲ့ပြီး ဖြစ်သည်။ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုသည် ပြုံယမ်းသို့ နှစ်ကြိမ် ထက်မနည်း သွားရောက်ကာ ကင်နှင့် ဆွေးနွေးခဲ့ဖူးသည်။ ထို့ အတူ မြောက်ကိုရီးယား အစိုးရ အဖွဲ့အတွင်း ကင်အားအထားဆုံး လက်ရုံးတစ်ဦးဟု ဆိုနိုင်သည့် ကင်ယောင်ချိုလ်လည်း ဝါရှင် တန်တွင် ထရန့်နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ယခုဆွေးနွေးပွဲ သည် ကနဦး ညှိနှိုင်းမှုများ၊ လူ မြင်ကွင်း နောက်ကွယ်တွင် ထား ရှိပြီးဖြစ်သည့် ကတိများကိုတရား ဝင် အထမြောက်စေရန် အာမခံ သည့် အစီအစဉ်ဟု ဆိုနိုင်သည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန် တွင် ကင်က ပို၍ စိတ်လှုပ်ရှားနေ ဟန်တွေ့ရသည်။ အသက် (၃၀) ကျော်မျှသာ ရှိသေးသည့် လူငယ် တစ်ဦးအနေဖြင့် နိုင်ငံအတွက် ရော တစ်ကမ္ဘာလုံးအတွက်ပါ  အလွန်သက်ရောက်မှု ကြီးမား သည့် အချိုးအကွေ့ တစ်ခုကိုကိုင် တွယ် စီမံနေရခြင်းကြောင့် စိတ် ဖိစီးမှုများ ရှိနေခြင်းမှာ မဆန်း ချေ။ ထို့အပြင် ကင်သည် နိုင်ငံတ ကာ မျက်နှာစာသို့ လူလုံးပြ ထွက် ပေါ်မှု အလွန်ရှားပါးသဖြင့် မီဒီ ယာများ ရှေ့မှောက်တွင် ထရန့် လောက် အသားမကျခြင်းလည်း  ဖြစ်နိုင်သည်။

ထရန့်နှင့် ကင်တို့ သီးခြား တွေ့ဆုံ ဆွေးနွေးမှုသည် ၃၈ မိနစ်မျှ ကြာမြင့်ခဲ့ကြောင်း အိမ်ဖြူ တော်က ထုတ်ပြန်သည်။အကယ် ၍ စကားပြန်ကို အသုံးပြုခဲ့သည်  ဆိုပါက ၎င်းတို့နှစ်ဦး တိုက်ရိုက် အပြန်အလှန် ပြောဆိုသည့် ကြာ ချိန်သည် ပိုလျော့မည်ဖြစ်သည်။ တစ်နည်းအားဖြင့် နှစ်ဦးသား စကားများများ မပြောဖြစ်ခဲ့ဟု ယူဆနိုင်သည်။ ထို့ကြောင့်ကင် နှင့် ထရန့်တို့သည် နှစ်နိုင်ငံ  အစိုးရ အရာရှိများကြား ကြိုတင် ညှိနှိုင်း သဘောတူထားပြီး ဖြစ် သည့် ကိစ္စများကိုသာ ခိုင်မာသေ ချာအောင် ကတိပြုခဲ့ဟန်ရှိသည်။

ယင်းနောက် နေ့လယ်စာ သုံးဆောင်ပြီးချိန်၌ ၎င်းတို့နှစ်ဦး ဟိုတယ် ဥယျာဉ်ထဲတွင်အတူယှဉ် တွဲ လမ်းလျှောက်ပြီး သတင်း ထောက်များကို ထရန့်က နှုတ် ဆက်ခဲ့သည်။ ကင်ကမူ ပြုံးပြုံးရွှင် ရွှင်ရှိနေသော်လည်း စကားဟဟ  မပြောချေ။ ယင်းသည် မိခင်ဘာ သာစကား မဟုတ်သည့် အင်္ဂလိပ် ဘာသာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်း ကျင်မှုမရှိ၍ ဖြစ်နိုင်သလို အသုံး အနှုန်း မှားယွင်းမှုကြောင့် အဓိ ပ္ပာယ် ကြီးကြီးမားမား လွဲချော် မည်ကို စိုးရိမ်နေခြင်းကြောင့်ဟု လည်း ယူဆရသည်။

မွန်းလွဲပိုင်းတွင်မူ ဆန္ဒစော စွာ မျှော်လင့်နေသည့် သတင်း ထောက်များ ရှေ့မှောက်တွင်ကင် နှင့် ထရန့်တို့ ထွက်ပေါ်လာပြီး နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းခဲ့သည့်  သဘောတူညီချက်များကို အ တည်ပြု ကြေညာခဲ့သည်။ ထရန့် က ‘‘ကျွန်တော်တို့ဟာ အရမ်း  အရေးကြီးတဲ့ သဘောတူညီမှုတွေ ကို လက်မှတ်ရေးထိုးပါမယ်။ တ ကယ့်ကို ပြည့်စုံတဲ့ သဘောတူ ညီမှုမျိုးပေါ့။ ကျွန်တော်တို့ နှစ် ယောက် တွေ့ဆုံမှုက ကျေနပ်စ ရာပါ။ ဆက်ဆံရေးကောင်းတွေ လည်း ဖြစ်ထွန်းခဲ့ပါတယ်’’ ဟု ပြောကြားသည်။ ကင်ကလည်း ၎င်း၏စကားပြန်မှတစ်ဆင့် ‘‘ကျွန် တော်တို့တွေ သမိုင်းဝင်ဆွေးနွေး ပွဲ တစ်ခုကို ကျင်းပခဲ့တယ်။ ပြီး တော့ အတိတ်က ကိစ္စတွေကို ချန်ထားခဲ့ဖို့လည်း ဆုံးဖြတ်ခဲ့ပါ တယ်။ အခုဆိုရင် သမိုင်းဝင် သ ဘောတူညီမှုတစ်ရပ်ကို လက် မှတ်ရေးထိုးပါတော့မယ်။ အထင် ကရ အပြောင်းအလဲ တစ်ရပ်ကို တစ်ကမ္ဘာလုံး တွေ့မြင်ရတော့မှာ ပါ’’ ဟု ကြေညာခဲ့သည်။

ခေါင်းဆောင်နှစ်ဦး ဆွေး နွေးမှုအစီအစဉ် အောင်အောင် မြင်မြင် ပြီးဆုံးခဲ့သည့်နောက် ည နေပိုင်းတွင် ထရန့်က သီးခြားသ တင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်း ပခဲ့သည်။ ထို့အပြင် တစ်ကမ္ဘာလုံး သိလိုစိတ် ပြင်းပြနေသည့် ဆွေး နွေးပွဲ သဘောတူညီချက်များကို လည်း ထုတ်ပြန်သည်။ နှစ်နိုင်ငံ မူအားဖြင့် အဓိက သဘောတူ ထားသည်များကို အချက်လေး ချက် ကောက်နုတ်နိုင်ပြီး အောက် ပါအတိုင်း ဖြစ်သည်။

၁။ပြည်သူများ၏ လိုလားချက် နှင့်အညီ နှစ်နိုင်ငံ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးကို ဦးတည် သည့် ဆက်ဆံရေးပုံစံသစ်တစ်ရပ်  ကို အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရများကြား ထူထောင်ရန်၊

၂။ကိုရီးယားကျွန်းဆွယ်တွင် ခိုင်မာ တည်တံ့သည့် ငြိမ်းချမ်းရေး မျိုး ပူးပေါင်း တည်ဆောက်ရန်၊

၃။ကိုရီးယား နှစ်နိုင်ငံ ခေါင်း ဆောင်များ ညှိနှိုင်း အောင်မြင် ထားသည့် ပန်မွန်ဂျုံသဘော တူညီချက်နှင့်အညီ မြောက်ကိုရီး ယားက ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက် ကင်းစင် ရေး ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်ရန်၊

၎။စစ်အတွင်း ပျောက်ဆုံးခဲ့သူ များကို နှစ်နိုင်ငံ ပူးပေါင်းရှာဖွေ ရေးနှင့် စစ်သုံ့ပန်းများ ချက်ချင်း ပြန်လွှတ်ပေးရန်၊

ဆွေးနွေးပွဲ၏ အကျိုးဆက်  အနေဖြင့် မြောက်ကိုရီးယားသည် ၎င်းတို့ ပိုင်ဆိုင်ထားသည့် နျူက လီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည် လက်နက်များ ဖျက်သိမ်းရေးကို အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ် သည်။ တစ်ဖက်တွင် အမေရိ ကန်ကလည်း မြောက်ကိုရီးယား အစိုးရကို တရားဝင် အသိအမှတ် ပြုခဲ့ပြီး နိုင်ငံတကာ အသိုက်အ ဝန်းထဲ ပြန်လည် ဆွဲသွင်းရန်နှင့် စီးပွားရေးအရ ပိတ်ဆို့ အရေးယူ မှုများ ရုပ်သိမ်းရန် လမ်းဖွင့်ပေး လာမည် ဖြစ်သည်။ ထို့အပြင် မြောက်ကိုရီးယားကို ဦးတည် သည့် အမေရိကန် - တောင်ကိုရီး ယား မဟာမိတ် ပူးတွဲစစ်ရေးလေ့ ကျင့်မှု အစီအစဉ်များကိုလည်း ရပ်ဆိုင်းထားရန် ထရန့်က ကတိ ပြုခဲ့သည်။ ယခုတွေ့ဆုံမှုတွင် မြောက်ကိုရီးယား၏ လူ့အခွင့်အ ရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက် ၍မူ အလေးထား ဆွေးနွေးခြင်းမျိုး  မရှိခဲ့ချေ။

မည်သို့ပင်ဖြစ်စေ အချိန်မ ရွေး ပျက်ပြယ်သွားနိုင်သည့် ငြိမ်း ချမ်းရေး မျှော်လင့်ချက်မှာ ထရန့် နှင့် ကင်တို့၏ လက်ဆွဲနှုတ်ဆက်မှု နှင့်အတူ အောင်မြင် အထမြောက် ခဲ့သဖြင့် တစ်ကမ္ဘာလုံး ပျော်ရွှင် ဝမ်းသာခဲ့သည်မှာ သံသယရှိ စရာ မလိုချေ။ ဆွေးနွေးပွဲဖြစ် မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုး ခဲ့သည့် တရုတ်နှင့် တောင်ကိုရီး ယား အစိုးရများကလည်း စင်ကာ ပူ တွေ့ဆုံပွဲမှ ရလဒ်ကောင်းများ  ထွက်ပေါ်ခြင်းကို ဝိုင်းဝန်းချီးကျူး ထောမနာ ပြုခဲ့သည်။

တစ်ချိန်က အပြန်အလှန် ရန်လိုခဲ့သည့် အတိတ်များသည် အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရများကြား ရရှိလာသည့် နားလည်မှု အသစ်နှင့်အတူ လွင့် စဉ်ပပျောက်သွားပြီ ဖြစ်သည်။ ယခုအချိန်တွင်မူ ကိုရီးယားကျွန်း ဆွယ်မှ စတင် တောက်ပလာ သည့် ငြိမ်းချမ်းရေး အလင်းရောင် သည် အရှေ့အာရှဒေသ တစ်ခွင် ကို ထွန်းလင်းပြီး တစ်ကမ္ဘာလုံးထိ  လွှမ်းမိုး ဖြန့်ကြက်လာရန် စိတ် အားထက်သန်စွာ မျှော်လင့်ခွင့်ရ တော့မည် ဖြစ်သည်။

-Ref: CNN, Reuter

Top News