ရေဘေးကြောင့် နှစ်ရက်အတွင်း လူသုံးဦး သေဆုံး၊ လူဦးရေ ရှစ်ထောင်ခန့် ရေဘေးကြုံနေရ

လတ်တလော ရင်ဆိုင် နေရသော ရေဘေးကြောင့် နှစ် ရက်အတွင်း လူသုံးဦးသေဆုံး၍ လူဦးရေ ရှစ်ထောင်ခန့် ရေဘေး ကြုံတွေ့နေရပြီး ဌာနဆိုင်ရာနှင့် လူမှုရေးအဖွဲ့များက ကူညီကယ် ဆယ်ရေးဆောင်ရွက်နေသည်။

ရေဘေးကြောင့် မင်းလှ၊ မင်းဘူးနှင့် ပွင့်ဖြူမြို့တို့တွင်ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက် အတွင်း လူသုံးဦးသေဆုံးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

မင်းဘူးမြို့တွင် ရေဝင်နစ် မြုပ်နေသော အမှတ် (၃)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ အသက် (၁)နှစ် လေးလအရွယ် ကလေးတစ်ဦး နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ မင်းလှ မြို့နယ် စစ္စနို့ကျေးရွာနှင့် ပွင့်ဖြူ မြို့နယ် ရေပုတ်ကြီးကျေးရွာတွင် တောင်ကျရေနှင့် မျောပါကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူတစ်ဦးလျှင် ကျပ်သုံး သိန်းစီကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ထောက် ပံ့ပေးခဲ့သည်။

မကွေးတိုင်း ကံမမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်နေ၍ ဒေသခံများ အား အရေးပေါ် ရွှေ့ပြောင်းထား ပြီး လူဦးရေခုနစ်ထောင်ကျော် ရေဘေးကြုံနေကာ လူနှစ်ထောင် ခန့်ကို အရေးပေါ်ရွှေ့ပြောင်းပေး ထားရသည်။ မကွေးတိုင်းဒေသ ကြီး မင်းဘူး၊ ပွင့်ဖြူ၊ မင်းတုန်းမြို့ တို့တွင်လည်း မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေဝင်နေပြီး အရေးပေါ် ရွှေ့ပြောင်းထားမှု မရှိသေးကြောင်း ဒေသတွင်း တာဝန်ရှိသူများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဈေးတန်း (၉) ရပ်ကွက် တွင်လည်း ချောင်းရေကျော်ကာ ရေဝင်ရောက်နေသည်။ တမူးမြို့ တွင် မိုးကောင်းနေပြီး ဇွန်လ ၁၂ ရက်က မိုးရေချိန် စံချိန်သစ်တင်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် လည်း ဇွန်လ ၁၁ ရက် နံနက်က စကာ ရေဝင်လာ၍ လူဦးရေ သုံး ရာကျော်ကို နီးစပ်ရာ ဘုန်းကြီး ကျောင်းများသို့ ရွှေ့ပြောင်းထား ရသည်။ ရခိုင်ပြည်နယ် သံတွဲမြို့ နယ်မှ ရပ်ကွက်ငါးခု၊ ကျေးရွာနှစ် ခုတွင် ရေ ၄ ပေခန့် ဝင်ရောက် နေပြီး ဒေသခံများ အခက်အခဲ ကြုံတွေ့နေသည်။

လက်ရှိ ရာသီဥတုအခြေ အနေမှာ မုတ်သုံလေအားအလွန် ကောင်းနေ၍ မြန်မာနိုင်ငံဒေသ အနှံ့ မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

More in News Section

Top News