တရုတ်နိုင်ငံထုတ်ကားများ မူဆယ် (၁၀၅)မိုင်မှ တင်သွင်းရာတွင် လုပ်ငန်းသုံးယာဉ်များသာ ခွင့်ပြုထားဟုဆို

 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ တရုတ်နိုင်ငံထုတ်ကားများ တင်သွင်းရာတွင် လုပ်ငန်းသုံး ယာဉ်များကိုသာ တင်သွင်းခွင့်ပြု ထားသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံ ဘက်မှ လုပ်ငန်းသုံးယာဉ်များသာ တင်သွင်းခွင့်ပြုပြီး လူစီးယာဉ်များ ကို လတ်တလော တင်သွင်းခွင့် မပြုသေးကြောင်းနှင့် ကားတင် သွင်းရာတွင် တရုတ်နိုင်ငံထုတ် ယာဉ်အသစ်များသာ ဖြစ်ရမည် ဖြစ်ပြီး မူရင်းထုတ်လုပ်သည့် နိုင်ငံ အထောက်အထား၊ တရုတ် နိုင်ငံအကောက်ခွန်ဌာန၏ တရား ဝင် ပို့ကုန်ဖြစ်ကြောင်း ထောက်ခံ ချက်များ ပါဝင်ရမည်ဟု ဦးခင် မောင်လွင်က ပြောသည်။

တရားမဝင် ကုန်သွယ်မှုများ လျှော့ချနိုင်ရန်နှင့် အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယခုကဲ့ သို့ နယ်စပ်မှ တရားဝင် ကုန်သွယ် မှုဆောင်ရွက်ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ လူစီးယာဉ်များပါ တင်သွင်းခွင့်ပြုရန် မျှော်မှန်းထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသန်းမြင့်က ပြည်ပသတင်းမီဒီယာတစ်ခုအား ပြောသည်။

တရုတ်ကုန်ကားများ ဈေး ကွက်အတွင်း ဝင်ရောက်လာပါက လုပ်ငန်းသုံး ယာဉ်အရောင်း အဝယ်ဈေးကွက် ပိုမိုတွင်ကျယ် လာနိုင်ကြောင်း ကားအရောင်း အဝယ်ပြုလုပ်သူများက ပြော ကြားသည်။

၂၀၁၈ မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒအရ ပြည်တွင်းသို့ ညာမောင်းယာဉ်များ တင်သွင်း ခွင့် မရတော့သဖြင့် ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် ဘယ်မောင်း လုပ်ငန်းသုံးယာဉ်များကို အသုံး ပြုမှုများလာကြောင်း ကားတင် သွင်းသူ ကိုစိုင်း (Insight)က ပြောသည်။

‘‘ကိုရီးယားက တင်သွင်းရင် ရေလမ်းခရီးက လာရမယ်။ တရုတ်နိုင်ငံကကားကို နယ်စပ် ကနေ တင်သွင်းတဲ့နေရာမှာ အခွန်အခနည်းရင်နည်းသလို ဈေးလည်းသင့်မယ်၊ ကားလည်း ကောင်းမယ်ဆိုရင်တော့ လုပ်ငန်း သုံး ကားဈေးကွက်တစ်ခု ဖြစ်လာ နိုင်တယ်’’ဟု ကိုစိုင်း (Insight)ကပြောသည်။

လက်ရှိ ပြည်တွင်းလုပ်ငန်း သုံးယာဉ်ဈေးကွက်၌ တရုတ်နိုင်ငံ ထုတ် Dongfeng, Faw အမှတ် တံဆိပ်ကုန်ကားများကို အများဆုံး အသုံးပြုနေပြီး ယခုကဲ့သို့ ခွင့်ပြု လိုက်ပါက လုပ်ငန်းသုံးကုန်တင် ယာဉ်တင်သွင်းသူများအတွက် များစွာအကျိုးရှိနိုင်သည်ဟု KMT Autoမှ ဒါရိုက်တာ ဦးကျော်မင်း ထွန်းက ပြောသည်။

တရုတ်နိုင်ငံထုတ် လုပ်ငန်း သုံးယာဉ် တင်သွင်းရောင်းချမှု ဈေးကွက်သည် ယခင်ကတည်း က ရှိခဲ့သည့်အတွက် အဆိုပါ ယာဉ်များ၏ ဈေးနှုန်းအတက် အကျ အပြောင်းအလဲ များစွာ မရှိနိုင်ကြောင်း ဦးကျော်မင်း ထွန်းက သုံးသပ်သည်။

More in News Section

Top News