ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် အာဖရိကရှိ နှစ်ထောင်ချီ သက်တမ်းရှည်သော သစ်ပင်ကြီးများ သေဆုံးနေ

အာဖရိကတိုက်တွင် သက်တမ်းထောင်ချီ အသက်ရှည်ခဲ့သည့် သစ်ပင်ကြီးများ သေဆုံးနေမှုသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်နေကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။

Nature သိပ္ပံဂျာနယ်က ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး၊ အကြီးမားဆုံး နှစ်ချို့ပင်ကြီးများ ဆက်တိုက်လိုလို သေဆုံးနေကြကြောင်း ဖော်ပြခဲ့သည်။ ယင်းအခြေအနေသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်ကို ထင်ဟပ်စေသည့် နောက်ထပ် ပြယုဂ် တစ်ခုဟု သုတေသီများက ဆိုသည်။

ဇင်ဘာဘွေ၊ နမီးဘီးယား၊ တောင်အာဖရိက၊ ဘော့ဆွာနာနှင့် ဇမ်ဘီယာတို့တွင် တည်ရှိသည့် နှစ်ချို့ပင်ကြီး အချို့မှာ လုံးဝဥဿုံ သေဆုံးသွားကြကြောင်း သိရသည်။ ယင်းသည် ရုက္ခဗေဒ ပညာရပ်အတွက် အဆုံးအရှုံး ကြီးမားလွန်းသည့် အခြေအနေလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံးဟု သတ်မှတ်ထားသည့် ဘိုဘက် သစ်ပင်ကြီး ၁၃ ပင်အနက် ၉ ပင်မှာ သေဆုံးနေပြီ ဖြစ်သလို အရွယ်အကြီးဆုံး သစ်ပင်ကြီး ၆ ပင်အနက် ၅ ပင်၏ အခြေအနေမှာ ပြီးခဲ့သည့် ၁၂ နှစ်တာအတွင်း အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာနေကြောင်း Nature၌ ဖော်ပြထားသည်။

ယင်းသစ်ပင်ကြီးများသည် အာဖရိက၏ ခြောက်သွေ့ ပူပြင်းသော ရာသီတွင် အာဟာရပြည့်ဝ ချိုမြိန်သော အသီးများ သီးလေ့ရှိပြီး အချို့သည် သက်တမ်း နှစ် ၃၀၀၀ မျှထိ ရှည်ကြာခဲ့ပြီး ဖြစ်သည်။ အကြီးဆုံး သစ်ပင်များ၏ အကျယ်မှာ ဘတ်စ်ကား တစ်စီးစာမျှထိ ရှိနိုင်သည်။

“ဒီသစ်ပင်ကြီးတွေ တဖြည်းဖြည်း ခြောက်သွေ့ သေဆုံးနေတယ် ဆိုတာဟာ တကယ့်ကို တုန်လှုပ်စရာပါ။ ထောင်စုနှစ်တွေနဲ့ချီ အသက်ရှည်ခဲ့တဲ့ သစ်ပင်တွေ လျော့နည်း ပျောက်ကွယ်နေပါပြီ”ဟု ရိုမေးနီးယားရှိ ဘာဘက်စ် ဘိုလ်ယိုင် တက္ကသိုလ်မှ ရုက္ခဗေဒ ပညာရှင် အက်ဒရီယန် ပါထရက်က ပြောကြားခဲ့သည်။

လက်ရှိ သေဆုံးသည့် အခြေအနေ ကြုံနေသည့် သစ်ပင်ကြီးများအနက် သက်တမ်း အရင့်ဆုံးမှာ ပန်ကီဟု ချစ်စနိုး အမည်ပေးထားသည့် အပင်ကြီးဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၂၅၀၀ မျှ ကြာမြင့်ခဲ့ပြီဟု သိရသည်။ ပန်ကီသည် ၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှစ၍ တဖြည်းဖြည်း ခြောက်သွေ့ ဆုတ်ယုတ်လာခြင်း ဖြစ်သည်။

သစ်ပင်ကြီးများ သေဆုံးနိုင်ခြေနှင့် ပတ်သက်၍ အခြားသော ညွှန်ကိန်းများလည်း ရှိနိုင်သည့်တိုင် ပညာရှင် အများစုကမူ သဘာဝ ပတ်ဝန်းကျင်နှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက အဓိက အကျဆုံး ကိစ္စဟု ယုံကြည် ယူဆလျက်ရှိသည်။

Ref: CNN

Top News