မိုးရွာ၍ ချောင်းရေတက်သဖြင့် သံတွဲမြို့ခံအချို့ ရွှေဆံတော်ဘုရား ဓမ္မာရုံသို့ ပြောင်းရွှေ့

 မိုးသည်းထန်ကာ သံတွဲချောင်းရေတက်သဖြင့် သံတွဲမြို့မှ အိမ်ထောင်စု ၂၃ စုကို ဇွန်လ၁၂ ရက်က ရွှေဆံတော်ဘုရား ဓမ္မာရုံသို့ ပြောင်းရွှေ့ထားကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန က သတင်းထုတ်ပြန်သည်။

မိုးအဆက်မပြတ်ရွာသဖြင့် သံတွဲမြို့ အမှတ် (၄) ရပ်ကွက် (ညောင်ပင်ဈေး)လူနေရပ်ကွက် အတွင်းသို့ ချောင်းရေ လေးပေခန့် တက်ပြီး ယခုအခါ မြေနိမ့်ပိုင်း အချို့တွင် ချောင်းရေများမကျ သေးကြောင်း ဒေသခံများက ပြောကြားသည်။

‘‘မိုးကြီးရင် လန့်နေရတယ်။ တောင်ကျရေနဲ့ ချောင်းရေက အ ကြောက်ရဆုံး။ အရင်နှစ်တွေက လည်း ရေမြုပ်ဖူးတော့ ကြောက် ကြတယ်။ ဌာနဆိုင်ရာ တာဝန်ရှိ သူတွေကတော့ ရေကြီးမှု သတိ ပေးတာတွေ လုပ်ပါတယ်။ မိုးအ ခြေအနေပဲ စောင့်ကြည့်ပြီးတော့ ပြောင်းရွှေ့တာတွေ လုပ်ရမှာပေါ့’’ဟု သံတွဲမြို့ခံ ကိုသိန်းလင်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၀ ရက်ကစ၍ အဆက်မပြတ်ရွာ သွန်းနေသည့်မိုးကြောင့် သံတွဲ- တောင်ကုတ်-မအီ-အမ်းလမ်း ပေါ်ရှိ တံတားအချို့ကျိုးကျမှု၊ လမ်းမြေသားပြိုကျမှုဖြစ်ပေါ်နေ ပြီး ဆက်သွယ်သွားလာမှု ပြတ် တောက်နေကြောင်း ၎င်းက ပြော သည်။

သက်ဆိုင်ရာတာဝန်ရှိသူ များက ကွင်းဆင်း၍ ကားလမ်း ဆက်သွယ်မှု ကောင်းမွန်ရေး ဆောင်ရွက်နေသော်လည်း မိုး သည်းနေမှုကြောင့် တောင်မြေပြို ကျမှုများ ဆက်လက်ဖြစ်ပေါ်နေ သည်။

Top News