ကျွန်တော်လေးမြတ်ရသော Invictus များ-၎

‘‘စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့မှရှူစရာမရှိဘူး’’... တဲ့။ ဤစကားကို ကြားသည်နှင့် ဤပုဂ္ဂိုလ်သည် မည်သူ၊ မည်ကဲ့ သို့သော ပုဂ္ဂိုလ်ဆိုသည်ကိုမြန်မာ နိုင်ငံ၏ နိုင်ငံရေးလောကနှင့် ထိ စပ်ပတ်သက်သူတိုင်းကောင်းစွာ  သိကြပါလိမ့်မည်။ သူဟူသည် ကားအများပြည်သူတို့နှင့် ဆိုလျှင် ဟက်ဟက်ပက်ပက် ပြုံးရယ်ကာ ကျွန်တော်.. ခင်ဗျားစသည်ဖြင့် နူးညံ့ချိုသာစွာ စကားဆိုတတ်သူ၊ အာဏာရှင်များနှင့် ဆိုလျှင်မူ အလွန်ရှုတည်သူ၊ တစ်ခွန်းဆို တစ်ခွန်းထိရှစွာပြောဆိုတတ်သူ ‘ကျားရဲကြီး’ ဟံသာဝတီဦးဝင်း  တင်ပင်တည်း။


‘‘ကိုဝင်းတင်ကို သဘော  ထားတင်းမာသူ လို့ပြောကြတယ်။  တကယ်တော့ သူကသဘောထား  တင်းမာတာမဟုတ်ဘူး။ ယုံကြည် ချက်ခိုင်မာတာပါ။ အယူအဆ တွေမတူမျှကြရင်ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်ဆိုတာကိုဝင်းတင် ရဲ့ အယူအဆပဲ’’  ဟု စာရေး ဆရာ၊ ဒါရိုက်တာကြီး မောင်မိုး သူ (ဘကြီးမိုး) က ဧရာဝတီ သတင်းမီဒီယာသို့ ထုတ်ဖော်ပြော ကြားခဲ့ဖူးသည်။ သို့သော် တရား သေ၀ါဒသမားများ၊ အထက်စီး  ကအသာယူကာ စေ့စပ်ဟန်၊ ဆွေးနွေးဟန်ဆောင်တတ်သော  အပေါ်ယံရွှေမှုန်ကြဲ အာဏာရူး သွပ်သူများနှင့်မူ မည်သည့်အခါ မျှ စေ့စပ်ဆွေးနွေးရေးမလုပ်ခဲ့ သည့် သူ၏သမိုင်းကခံ့ညားလွန်း လှသည်။

ကဗျာဆရာမောင်စိမ်းနီက ပဲ့တင်သံဂျာနယ် အမှတ် (၄) ၌ ဖော်ပြခဲ့သည့် ‘ကမ္ပည်းတင်လိုက် ပါတယ်’ ကဗျာတွင် ဗိုလ်ချုပ် အောင်ဆန်းက ခုနစ်တန်းကျောင်း သားကလေး မောင်ဝင်းတင်ကို ပြောခဲ့သည့် စကားတစ်ခွန်းကို ထည့်သွင်းရေးဖွဲ့ခဲ့သည်။ (ဆရာ ဦးဝင်းတင်) - ဗိုလ်ချုပ် ကျွန် တော် စစ်တပ်ထဲဝင်ချင်တယ်... (ဗိုလ်ချုပ်အောင်ဆန်း) - ကျောင်းနေလား၊ စစ်သားလုပ်တဲ့ သူတွေများပါတယ်၊ ကျောင်း ဆက်တက် ... တဲ့။ (၁၅)နှစ်သား မောင်ဝင်းတင် -  အဲဒီကတည်း က သတင်းစာဆရာဖြစ်သွားခဲ့ ... ဟု ကဗျာဆရာက ရေးဖွဲ့ခဲ့သည်။

လွတ်လပ်ရေးဖခင်ကြီး၏ စကားကို နာခံ၍ ပညာဆက်လက် သင်ယူခဲ့သော ကိုဝင်းတင်သည် လက်ထောက်အယ်ဒီတာ၊ ည အယ်ဒီတာ စသည်ဖြင့် စာနယ် ဇင်းလောကတွင် ကျင်လည်ခဲ့  သည်။ မြန်မာဘာသာပြန်စာအုပ် စာတမ်းများထုတ်ဝေရေးလုပ်ငန်း တွင် အကြံပေးအယ်ဒီတာအဖြစ် လည်း တာဝန်ယူလုပ်ကိုင်ခဲ့ သည်။ ကြေးမုံသတင်းစာကို တည်ထောင်ခဲ့ကြရာတွင် အယ်ဒီ တာချုပ်ဆရာဇ၀န၏ လက် ထောက်အယ်ဒီတာအဖြစ် တာ ၀န်ယူပါဝင်တည်ထောင်ခဲ့သည်။ တော်လှန်ရေး ကောင်စီခေတ်တွင် မန္တလေးဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်အဖြစ် ၁၉၆၉ မှ သတင်းစာ တိုက်ပိတ်သိမ်းခံရ သည့်  ၁၉၇၈အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။

ဦးဝင်းတင်သည် လုပ်ဖော် ကိုင်ဖက်များအပေါ် အလွန်စာ နာထောက်ထားသူဖြစ်သည် ဆို သည်ကိုသူနှင့်အတူ အလုပ်လုပ် ဖူးသူတိုင်းက ကြည်နူးစွာပြောပြ ကြသည်။ ကြေးမုံသတင်းစာတိုက် တွင် လက်ထောက်အယ်ဒီတာ ချုပ် တာဝန်ထမ်းဆောင်နေစဉ်က လည်း သူ့လစာ စာအိတ်ကို ခေါင်း အုံးအောက်တွင်ထားထား သည်။ ငွေလိုသော သတင်း ထောက်များက ယူသုံးနိုင်သည်။ သတင်းစာ တိုက်လုပ်သားများ၏ ကလေး သားငယ်၊သမီးငယ်များ ကိုမုန့်ပဲသရေစာများ အမြဲဝယ် ကျွေးသည်။ ကျောင်းစာအုပ်ဖိုး၊ ကျောင်းလခ ထောက်ပံ့သည်။ တော်လှန်ရေးကောင်စီ အစိုးရ၏ ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားရ သော လုပ်ဖော်ကိုင်ဖက် သတင်း စာသမားများ၊ မိသားစုများကို သူကြည့်ရှုထောက်ပံ့သည်။ သူရ သောလစာငွေသည် သူသုံးရ သည်မရှိဟု ကြားဖူးသည်။ သူ့ အတွက် စီးနင်းရန် ပေးထားသော မာဇဒါဖယ်မလီယာကားသော့ကို  စားပွဲပေါ် တွင်ထားပေးသည်။ အ ရေးရှိလျှင် မည်သူမဆိုယူသုံးနိုင် သည်..ဟု ဆရာမောင်ဝံသက ရေးခဲ့ဖူးသည်။ အစစအရာရာ ရှားပါးကျပ်တည်းလှသည့် လမ်း စဉ်ပါတီခေတ်တွင် သတင်းစာ တိုက်တစ်ခု၏  အယ်ဒီတာချုပ် တာ ၀န်ကိုထမ်းဆောင်နေရလင့် ကစား သတင်းစာတိုက်မှ အလုပ် သမားများ၏ စားစရာဆန်မပြတ် ရ စေရေးအတွက် ဆန်ဝယ်ယူရရှိ ရေးအထိ အစစအရာရာတွင်အ ကြီးအကဲပီသစွာ တာဝန်ယူခဲ့သူ ဖြစ်သည် ဆိုသည်ကိုဆရာမြသန်း တင့်က အမှတ်တရ အမှာစာရေး ဖူးသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖွဲ့ ၀င်အဖြစ်မှ အင်းစိန်ထောင်အ ကျဉ်းတိုက်၌ အကျဉ်းသားဖြစ်ခဲ့ စဉ်တွင်လည်း ထောင်ဝင်စာလာ ပို့သည့် အစားအသောက်များ၊ ဆေးဝါးများကို အခြားအကျဉ်း သားများအား မျှဝေပေးသည်။ တစ်ခါတစ်ရံ သူစားဖို့နှင့်သူ့ အတွက်ဆေးကိုပင် မချန်။ ဤ ကားသံမဏိကျားရဲကြီး၏ နူးညံ့ သောအစိတ်အပိုင်း။

ထို‘သံမဏိကျားရဲ’ဟု စ သည်ဖြင့် တင်စားပြောဆိုကြ သည့် ဦးဝင်းတင်သည် ‘ခေတ် ၀န်ကိုထမ်း၊ ခေတ်လမ်းကို လျှောက်သူ’၊ ‘ပခုံးပေါ်သို့ ကျ ရောက်လာသည့် သမိုင်းပေးတာ ၀န်ကို ကျေပွန်ခဲ့သူ’ ဖြစ်သည်မှာ  အငြင်းထွက်စရာမရှိခဲ့။ ၁၉၆၉  တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးနေ ၀င်းက သူ့အားဟံသာဝတီ သတင်းစာတိုက်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်ရန် မန္တလေးသို့စေလွှတ်ရာတွင်‘‘ဟံ သာဝတီသတင်းစာကို ဒုတိယလူ ထုသတင်းစာမဖြစ်စေနဲ့’’၊ ‘‘လူ ထုသတင်းစာ အသိုင်းအ၀ိုင်းနဲ့ ကင်းကင်းရှင်းရှင်းနေ’’ ဟူ၍ မှာ ကြားလိုက်သည်ဟူ၏။ ဦးဝင်း တင်ကားအာဏာရှင်ခေါင်ချုပ် ကြီး၏ စကားကိုတည့်တည့်ကြီး ပြောင်းပြန်လှန်လေ၏။ ဟံသာဝ တီသတင်းစာတိုက်ဖွင့်ပွဲတွင် ဆ ရာကြီး ရွှေဥဒေါင်း၊ တိုက်ရှင်လူ ထုဦးလှ၊ လူထု ဒေါ်အမာတို့အ ပြင် လူထုသတင်းစာတွင် ရေး သားနေကြသော ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက်  စသူများကို အကုန်အစင်ဖိတ် ကြားသော ဟူ၏။ ထို့ထက်ပို၍  ကားအာဏာရှင်ချုပ်ကြီး အလွန်  မျက်မုန်းကျိုးလှသော လူထုဦး လှအား အဖွင့်မိန့်ခွန်းပြောဆိုပေး ပါရန် ပန်ကြားခဲ့ခြင်းပင်တည်း။ ဤကားမြန်မာ့ပထမဆုံး စစ် အာဏာရှင်ကြီးအား နားသယ် မွေးဆွဲခဲ့သော ဦးဝင်းတင်၏ လုပ် ဆောင်ချက်တစ်ရပ်။

 တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးသည် ၁၉၇၄ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို တည်ထောင်ကာ မဆလ ဥက္ကဋ္ဌကြီးအဖြစ် အရေခွံလဲ၏။ တစ်ပါတီအာဏာရှစ်စနစ်ဖြင့်  တိုင်းပြည်ကို အုပ်ချုပ်ကာ ပြည် သူလူထု၏ လွတ်လပ်စွာစိုက်ပျိုး ရောင်းဝယ်ကုန်သွယ်ခွင့် တို့အား ပိတ်ပင်၏။ ပြည်သူလူထု၏ လွတ်လပ်စွာ ရေးသားပြောဆို ခွင့်၊ ဝေဖန်ခွင့်တို့ကို ပိတ်ပင်၏။ ထိုသောအခါတွင် ဟံသာဝတီ သ တင်းစာ အယ်ဒီတာချုပ်ဦးဝင်း တင်သည် မန္တလေးသား စာရေး ဆရာများကို  ဖိတ်ခေါ်ကာ အ ပတ်စဉ်စနေစာပေ၀ိုင်းကို ကမက ထပြုကျင်းပပေးနေချိန်ဖြစ်၏။ ၁၉၇၈ တွင် ထိုစနေစာပေ၀ိုင်းမှ နေ၍ မဆလ ပါတီ၏ လုပ်ရပ် များကို ဝေဖန်သည့် စာတမ်းတစ် စောင်ထွက်လာသည်။ ယင်းကား  အာဏာရှင်ချုပ်ကြီး ဦးနေ၀င်း အား မျက်ထောင့်နီစေရုံမျှမက အမျက်ဒေါသ ခြောင်းခြောင်း ထွက်စေသည့် လုပ်ဆောင်ချက် ပင်ဖြစ်ရာ ဦးနေ၀င်း၏  တစ်ချက် လွှတ်အမိန့်အရ ဦးဝင်းတင်ကို အယ်ဒီတာချုပ်အဖြစ်မှ ထုတ် ပယ်ကာ ဟံသာဝတီသတင်းစာ တိုက်ကိုလည်း ပိတ်ပစ်လိုက်စေ တော့သည်။ အာဏာရှင်၏ လက် အောက်တွင် ၀န်ထမ်းဖြစ်ခဲ့ရငြား သော်လည်း ‘ပြည်သူ့ဆန်ကိုစား၍ ပြည်သူ့အတွက် ရဲခဲ့သူ’ ဦးဝင်း တင်ကား အလုပ်ဖြုတ်ခံခဲ့ရလေ ပြီ။ သို့သော်သူ့အားဟံသာဝတီ ဦးဝင်းတင်ဟု လုပ်ဖော်ကိုင်ဖက် သတင်းစာသမားများ၊ စာဖတ် ပရိသတ်များက အသိအမှတ်ပြုခဲ့ ကြပြီးလေပြီ။

၁၉၈၈ သြဂုတ် ၈ရက်တွင် မဆလ အာဏာရှင်တံတိုင်းကြီး အား တွန်းလှန်ဖြိုဖျက်ကြသော ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာသည်။ ထိုနေ့ည နေတွင် ဦးဝင်းတင်သည် စာရေး ဆရာမောင်သော်ကနှင့်အတူ စာ ပေအနုပညာရှင်များ၏ လက် မှတ်ထိုးပွဲကို ဦးဆောင်ခဲ့ကာ အာ ဏာရှင်တော်လှန်ရေးတွင်ရှေ့ တန်းမှပါဝင်ခဲ့သည်။ ထို့နောက် စာပေနှင့် စာနယ်ဇင်းသမဂ္ဂတွင် ဒုတိယ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်း ဆောင်ကာ မဆလ တော်လှန် ရေးကို စိုက်လိုက်မတ်တတ်လုပ် ဆောင်တော့သည်။ ဆန္ဒဖော်သံ သတင်းစာကို ဦးဆောင်ထုတ်ဝေ ခဲ့သည်။ စက်တင်ဘာ အာဏာ သိမ်းပွဲနောက်တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီကို တည် ထောင်ဖွဲ့စည်းကြသည့်အခါ သူ့ အားဗဟိုအလုပ်အမှုဆောင် အ ဖွဲ့ဝင်အဖြစ် ပါဝင်တာဝန်ယူပေး ပါရန် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့သည်။ သို့နှင့် သူသည် သတင်းစာသမားဘ၀မှသည် နိုင် ငံရေးတွင် ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခဲ့ရတော့သည်။

၁၉၈၉ တွင် ဦးဝင်းတင်အ ဖမ်းခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်။ သို့သော် ၁၉၉၂ တွင်အခြားနိုင်ငံရေး အ ကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ သော်လည်း သူ့အားဆက်လက် ဖမ်းဆီးထားခဲ့သည်။ သူလွတ် ရက်စေ့ခါနီးတွင် န၀တအစိုးရက ‘လှိုင်းကြီးလေထန်ဖြစ်ရပ်မှန်’ ဆိုသည့် ခေါင်းစဉ်ဖြင့် လုပ်ဇာတ် တစ်ခုကို အင်န်ဗွိုင်းခန်းမတွင် ပြု လုပ်ကာ ဦးဝင်းတင်အား ထောင် မှခေါ်ထုတ်၍ပြသည်။ ထောင်ထဲ ပြန်အရောက်တွင် ထိုပြပွဲအပေါ် ဦးဝင်းတင်၏ ထင်မြင်ယူဆချက် ကိုရေးခိုင်းသည်။ ထိုစာတမ်းအစ တွင် ‘အင်န်ဗွိုင်း ခန်းမရှေ့မှာ ကားရပ်လိုက်တော့ အရင်ဆုံး မြင်ရတာက တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ ဆိုတဲ့ ဆိုင်းဘုတ်ပဲ၊ ပြပွဲကို ဘယ်လိုမြင် သလဲမေးလာတော့ အဲဒီဆိုင်း ဘုတ်ကစပြီး ဝေဖန်ရတော့တယ်။  တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတာဖြစ်တယ်။ ဒါ ကြောင့် ပြည်သူသာအမိ၊ ပြည်သူ သာအဖပဲဖြစ်ရမယ်။ တပ်မတော် သာအမိ၊ တပ်မတော်သာအဖလို့ ဆိုလိုက်တာဟာ သားသမီးက မိဘကို ပြန်ပြီး ဦးချခိုင်းတာနဲ့အတူ တူပဲ’ ဟု ရေးသားပေးခဲ့သည်။ ထို့အတွက် အာဏာရှင်တို့ပေးခဲ့ သည့် ဆုလာဘ်ကားထောင်ထဲ တွင် ပင်နောက်ထပ် ထောင်ဒဏ် ၁၁နှစ် ထပ်မံချမှတ်လိုက်ကြ ခြင်းပင်တည်း။ သို့သော်အာဏာ ရှင်တို့၏ အစွမ်းကုန် ရက်စက်မှု များသည် သံမဏိကျားရဲကြီးအား မည်သို့ မျှမတုန်လှုပ်စေနိုင်ခဲ့ပေ။ စတင်ဖမ်းဆီးသည့် နေ့မှစ၍ အင်းစိန်ထောင်အထူးတိုက်တွင် မည်သူနှင့်မျှ အဆက်အဆံမပြုရ ဖြတ်တောက်၍ ထားခဲ့ခြင်း၊ ၁၉၉၁ နှစ်ကုန်ပိုင်းတွင် အင်းစိန် ထောင်အထူးတိုက် (၃) သို့ ပြောင်းရွှေ့ထားခဲ့ခြင်း၊ စစ်ခွေး လှောင်အိမ်အတွင်း ပိတ်ထားခံ ရခြင်းတို့သည် ဦးဝင်းတင်၏ ဦး ခေါင်းကို လုံးဝမညွှတ်စေနိုင်ခဲ့။ အကျဉ်းထောင်အာဏာပိုင်များ  ၏ မတရားမှုများကို ဆန့်ကျင် တိုက်ပွဲဝင်ကြသည့် အကျဉ်း သားများကို ဦးဆောင်မှုပေးခဲ့ သည်။ ထောင်တွင်းသတင်းစာ တစ်စောင်ကို ထုတ်ဝေခဲ့သည်။ ၁၉၉၄ တွင် န၀တစစ်အာဏာရှင် များအနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်အားနေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာတွေ့ဆုံဆွေးနွေးအ ဖြေရှာရေး လမ်းစဉ် (Suu-Slorc Dialogue) ကိုဆောင်ရွက်ရန် သဘောထားစာတမ်းရေးသား ပေးပို့ခဲ့သည်။ န၀တခေါင်းဆောင် တို့က ၁၉၉၅ တွင် ဒေါ်အောင် ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ သော်လည်း သဘောထားအမှန် ဖြင့် ဆွေးနွေးမှုပေါ်ပေါက်မလာ သည့်အခါတွင် ကမ္ဘာသို့ ပန်ကြား ချက် (Appeal to The World) ကိုရေးသားကာ ထောင်ပြင်သို့ ပို့ဆောင်ဖြန့်ဝေခဲ့သည်။ ထို့ နောက်တွင် ပြည်သူများသို့ ပန် ကြားချက် (Appeal to The Public) စာတမ်းကို ရေးသားကာ ဖြန့်ဝေခဲ့ပြန်သည်။

၁၉၉၅ခုနှစ်တွင် ထောင် တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ရေးသား၍ ကုလ သမဂ္ဂ ရွှေရတုညီလာခံသို့ အ ရောက်ပို့ဆောင်စေခဲ့သည်။ အ များပြည်သူ၏ သဘောထားဆန္ဒ မပါဘဲ အာဏာသိမ်းစစ်ခေါင်း ဆောင်များ၏ သဘောထားဖြင့် တစ်ဖက်သတ် လုပ်ဆောင်နေ သည့် အမျိုးသားညီလာခံမှ နုတ် ထွက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သို့  တိုက်တွန်းစာကို နိုင်ငံရေးအကျဉ်းသားများ လက် မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်း စုကြည်ထံ အရောက်ပေးပို့ခဲ့ သည်။ ထိုစာနှစ်စောင်ကြောင့် ဒေါသအမျက် ခြောင်းခြောင်း ထွက်ကြသော န၀တစစ်အာဏာ ရှင်တို့က ဦးဝင်းတင်အား ဆု လာဘ်အဖြစ် စစ်ခွေးတိုက်သို့  ပို့ကာ ပိတ်လှောင်ထားလိုက်ကြ တော့သည်။ ထိုသို့ စစ်ခွေးတိုက် တွင် အပိတ်ခံရစေကာမူ ကျားရဲ ကားကျားရဲပင်။ ‘အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ ကျွန် တော်တို့ အသက်တောင်ပေး ချင်ပေးရလိမ့်မယ်။ ကျွန်တော် တို့ခေတ်မှာ ကျွန်တော်တို့တာဝန် မကျေရင်နောင်မျိုးဆက်တွေက ကျွန်တော်တို့ကို အပြစ်တင်ကြ လိမ့်မယ်။ အနည်းဆုံးတော့  နောင်မျိုးဆက် လူငယ်တွေကို  လွတ်လပ်ရေးနဲ့ တရားမျှတ ရေးအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာတော့ ကျွန် တော်တို့ စံနမူနာပြခဲ့နိုင်ရမယ်။ဒီ အလံကို ကျွန်တော်တို့ မလှဲစ တမ်းစွန့်လွှတ်စွန့်စားနိုင်မှနောင် လူငယ်တွေက ဒီအလံကို ဆက် လက်ကိုင်စွဲချီတက်ကြလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ် ကလှန်နိုင်ဖို့ ဒီပွဲမှာ အလံမလှဲစ တမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ် ကိုင်ထားကြရလိမ့်မယ်’ ဟု စစ် ခွေးတိုက်ကျဖော်ကျဖက်များကို  ရဲရဲတောက်ပြောကြားခဲ့သည်။စစ် အာဏာရှင်တို့၏ လောကဓံအထု အထောင်းတို့တွင် သူ့ဦးခေါင်း၊ သူ့ခန္ဓာတို့ ယိုင်နဲ့ခဲ့ပြီ။ သို့သော် သူ့ဒူးကမပျော့၊သူ့ဦးကားမညွှတ်။  

ဦးဝင်းတင်နှင့် ပတ်သက် လာလျှင် ချန်ထား၍မရ၊ ပြောရမည့် အကြောင်းအရာတို့က  ကျမ်းတစ်စောင်တစ်ဖွဲ့ပင် က မည်မဟုတ်။ သို့သော် ဤဆောင်း ပါးသည် ဦးဝင်းတင်ဆိုသည့် သံ မဏိကျားရဲကြီး၏ ပင်လယ်သမုဒ် ပြင်မျှမကသော အကြောင်းတို့ ကို ဖော်ပြသည့်ဆောင်းပါးမ ဟုတ်။ ထိုသမုဒ်ပင်လယ်ပြင်ကြီး ထဲမှရေတစ်ဇွန်းမျှကိုသာ ထုတ် ယူပြနိုင်ခြင်းပင်ဖြစ်လေသည်။

ထို့အကြောင်းများထဲမှ မည် သို့မျှချန်လှပ်ခဲ့၍ မရစကောင်း သဖြင့် အကြောင်းနှစ်ရပ်ကို ထုတ်ဆိုပြရပေဦးမည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဦးစီးအဖွဲ့အစည်း အဝေးက ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။ ထိုအ စည်းအဝေးတွင် ဦးဝင်းတင်က ဖွဲ့ စည်းပုံပြင်မှ ရွေးကောက်ပွဲဝင် စေလိုကြောင်း သဘောထားပေး ခဲ့သည်။ သူကရွေးကောက်ပွဲကို ဆန့်ကျင်သူ၊  သပိတ်မှောက်လို သူဖြစ်၏ (လူထုဦးစိန်ဝင်း၏ စ ကား)။ သို့သော် ဒီမိုကရေစီ သဘောအရ ဦးဝင်းတင်၏ သဘောထားက အရေးနိမ့်ခဲ့ သည်။ ဤတွင် ဦးဝင်းတင်၏ ဒီ မိုကရေစီနှလုံးသား ကြီးရင့်မူကို မြင်ရသည်။ အခြားသဘောထား သေးနုပ်သူများကဲ့သို့ ‘‘ဒါဟာ ဒီ မိုကရေစီ အနိုင်ကျင့်တာ’’ ဟု သူ မဆိုခဲ့။ သူသဘောမတူတာကို မတူဘူးဟုထားကာ ကြားဖြတ် ရွေးကောက်ပွဲဝင်ကြမည့် NLD  ကိုယ်စားလှယ်လောင်းတွေ အ နိုင်ရဖို့ NLD ကို မဲပေးကြရန် ဆောင်းပါးများကို ဒီလှိုင်းစာ ဆောင်တွင် ကလောင်စွမ်းပြပြီး အဆက်မပြတ်ရေးသား၍ ပြည် သူကို နှိုးဆော်တိုက်တွန်းခဲ့သည်။

နောက်အကြောင်းခြင်းရာ တစ်ခုကတော့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲဖြစ် သည်။ ကွင်းအတွင်း၊ ကွင်းအပြင် လူပရိသတ်ထောင်သောင်းဖိတ် လျှံနေခဲ့သည့် လူထုစည်းဝေးပွဲ ကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက်အားလုံးလို လိုသော ပြည်သူတို့က ထောက်ခံ ခဲ့ကြငြား သူက အသစ်ပြင်ဆင် ရေးကိုသာ ခံ့ခံ့ကြီးဝင့်ဝင့်ကြီး လက်ထောင်ပြခဲ့သူဖြစ်၏။ သို့ သော် ပြင်ဆင်ရေးကို အရေးမ ထားဘူး၊ ငါမကြိုက်တာ၊ ငါသ ဘောမတူတာ ငါဝင်မပါဘူးဆို တဲ့ စိတ်မျိုးသူ့တွင် မရှိ။ အများ ဆန္ဒကို သူဘယ်အခါမှ မဆန့် ကျင်။ ‘ငါ့အလိုအတိုင်းဖြစ်မှ ငါ့ သဘောနဲ့ညီမှ’ ဆိုသည့် နုံ့နဲ့ သော စိတ်ထားနှလုံးသား မျိုး သူ့တွင်မရှိ။ ဦးဝင်းတင်ဆိုသူ သည် ‘သေနတ်ဒီမိုကရေစီသမား  မဟုတ်သလို ပါးစပ်ဒီမိုကရေစီ သမားလည်းမဟုတ်ခဲ့’။ အများ ဆန္ဒကို ဦးထိပ်ရွက်တဲ့သူ၊ အများ သဘောတူဆုံးဖြတ်သည့် ကိစ္စတို့ ကို ကိုယ့်အလိုနဲ့ ဆန့်ကျင်နေလျှင် ပင်စွမ်းသမျှ၊နိုင်သမျှထမ်းရွက်သူ ဖြစ်၏။  ပါတီ၏မူဝါဒကို သူ့ရဲ့ ကလောင်နဲ့ ပုံဖော်ပေးခဲ့သည်။ ဒီလှိုင်းစာစောင်ရဲ့ စာမျက်နှာ (၃) ပေါ်တွင် ဖွဲ့စည်းပုံခြေဥပြင် ဆင်ရေး ဆောင်းပါးများ အဆက် မပြတ်ရေးသားခဲ့ကာ ပြည်သူတို့ အားလှုံ့ဆော် တိုက်တွန်းခဲ့လေ ပြီ။

အကျဉ်းထောင်အတွင်း ၁၅ နှစ်နီးပါးမျှ လူ့ငရဲကိုခံစားခဲ့ရ သည့် ဒဏ်ရာဒဏ်ချက်တို့ဖြင့် ၂၀၁၃ ဧပြီ ၂၁ရက်နေ့တွင် ကျား ရဲကြီးကျဆုံးခဲ့ရသည်။ သို့သော် သူကား စစ်အာဏာရှင်တို့ အားလုံးဝဦးမညွှတ်ခဲ့သူ ဖြစ် ကြောင်း သမိုင်းတွင် မှတ်တမ်း တင်ခဲ့ရလေပြီ။ ‘တိရစ္ဆာန်ရုံထဲက ကျားလို၊ လှောင်အိမ်ထဲမှာ တ လွန့်လွန့်နဲ့၊  ကျားညွန့်တုံးထင်သ လား’ ဟု အာဏာရှင်တို့အား သူ လှောင်ပြုံးပြုံးခဲ့သည်။ ‘‘မှတ်ထား ဟေ့၊ အ၀ါပေါ်မှာ အနက်စင်း၊ မပျက်မယွင်း ကွက်ကွက်ကွင်း၊  အရှင်းသားမလွဲသရွေ့၊ အထင်း သားစွဲသရွေ့၊ ကျားရဲဟာကျားရဲ၊ ငါလည်း အဲဒီလိုပဲကွ...ဟေ့’’ဟု အာဏာရှင်တို့အား သူဟိန်းခဲ့ သည်။ ကျားသည် သေသည့် တိုင်အ၀ါပေါ်မှ အနက်စင်းကို မဖျောက်သည်ကဲ့သို့ သူသည် လည်း သေသည့်တိုင် အာဏာ ရှင်ကို တော်လှန်သည့်စိတ်အား  လုံးဝမဖျောက်ခဲ့သူ၊ ဒူးမပျော့ ဦး မညွှတ်ခဲ့သည့်Invictus နှလုံးသား နှင့် မဟာလူသားကြီးတစ်ဦးပင် တည်။။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

Top News