ဒုသမ္မတဦးဆောင်သော ကော်မတီသို့ တင်ပြသည့် လုပ်ငန်းရှင်များ၏ အခက်အခဲတစ်ဝက်ခန့် ဖြေရှင်းနိုင်ခဲ့ဟုဆို

ဒုသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကဖွံ့ဖြိုးတိုး တက်ရေး ကော်မတီသို့ တင်ပြ သည့် စီးပွားရေးလုပ်ငန်းရှင်များ ၏ တစ်ဝက်ခန့်ကို ဖြေရှင်းနိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြော သည်။

ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ ပုံမှန်တွေ့ဆုံ၍ အစည်း အဝေး ပြုလုပ်နေသည်မှာ (၁၇)ကြိမ်ရှိပြီး ယင်းအစည်းအဝေးများတွင် လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲပေါင်း ၁၅၀ ကျော် တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြချက်များ၏ ၅၀ ရာခိုင်နှုန်းခန့်ကို အစိုးရက ဖြေရှင်းပေးပြီး ကျန်ရှိနေသည့် အကြောင်းအရာများကို ညှိနှိုင်းဖြေရှင်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့တွေ တင်ပြ ထားတဲ့ အချက်တွေနဲ့ပတ်သက် ပြီး ပြန်လည်သုံးသပ်တဲ့အခါမှာ တချို့လည်း ပြေလည်မှုရှိသလို တချို့လည်း ပြေလည်အောင်ညှိ နှိုင်းပေါင်းစပ်ပြီး အဖြေရှာရမှာ တွေ ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ညှိနှိုင်းအဖြေရှာဖို့ ခက်ပါ တယ်။ ဥပဒေကြောင်းအရ ပြုပြင် ပြောင်းလဲရမှာတွေ ရှိတဲ့အတွက် ဒီလိုကိစ္စတွေကိုလည်း သတိမူပြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်’’ဟု ဦးဇော်မင်းဝင်းက ပြောသည်။

စီးပွားရေးတိုးတက်လာရန် တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ ‘‘ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုဂ္ဂလိကဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို တင်ပြ ထားတာတွေ ရှိပါတယ်။ ထိုင်းက ငါးတန်တွေကို မြန်မာနိုင်ငံကို တရားမ၀င် သွင်းနေတာတွေ ရှိပါ တယ်။ အဲဒါတွေကို အချက်သုံး ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ တင်သွင်းခွင့်ပြုဖို့ တင်ပြထားတာ ရှိပေမယ့် အခုထိ တင်သွင်းနေ တာတွေ ရှိနေဆဲပါ’’ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ မကြာခဏတွေ့ဆုံဆွေး နွေးရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ အောက်တိုဘာအတွင်း ပြောကြားခဲ့သည်။ ထို့နောက် ယင်းကော်မတီနှင့် UMFCCI ၏ ညီနောင်အသင်း ၇၆ သင်းအပါအ၀င် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်ကစ၍ လစဉ်တွေ့ဆုံဆွေးနွေးခဲ့သည်။