အားပေးတဲ့သူတွေ စိတ်မပျက်စေရဘူးလို့ ကတိပေးတဲ့ မေယုခတ္တာ

ဓာတ်ပုံ−ဇွဲဉာဏ်

 မြန်မာနိုင်ငံ၏ အလှမယ် လောကကို တစ်ကျော့ပြန်လည် စတင်ခဲ့သည့် Miss Myanmar International ပြိုင်ပွဲ သတ္တမ အကြိမ်  အလှမယ်ရွေးချယ်ပွဲတွင် အသက် (၁၉) နှစ်အရွယ် နည်း ပညာတက္ကသိုလ် တတိယနှစ် ကျောင်းသူ မေယုခေတ္တာက သရဖူရရှိသည်။

‘‘ဒီပွဲဝင်ပြိုင်ကတည်းက မှန်းတော့မှန်းပါတယ်။ ဒါပေမဲ့ ကံတရားကိုလည်း ယုံကြည် တယ်။ ကံကောင်းရင် Winner ဖြစ်နိုင်တယ်ဆိုပြီး ကြိုးစားယှဉ် ပြိုင်ခဲ့တယ်’’ ဟု မေယုခတ္တာက ပြောသည်။

ယင်းပြိုင်ပွဲကို ဇွန်လ ၁၂ ရက်ညက နိုဗိုတယ်ဟိုတယ်၌ ပြု လုပ်ပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည့် ဆန်ခါတင်အ လှမယ် ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။

အလှမယ်ပြိုင်ပွဲများ၏ ထုံး စံအတိုင်း မြန်မာဝတ်စုံ၊ ရေကူး ဝတ်စုံနှင့် ညနေခင်းဝတ်စုံများ ဝတ်ဆင် ယှဉ်ပြိုင်ပြီး ဆန်ခါတင်၂၀ မှ ၁၀ ဦး  ရွေးချယ်ကာတူညီ မေးခွန်းကို ဖြေဆိုစေခဲ့သည်။

ထို့နောက် ဆန်ခါတင် ငါးဦး ဆက်လက်ရွေးချယ်၍ ဉာဏ်စမ်း မေးခွန်းဖြေဆိုရာ မေယုခတ္တာ ဖြေဆိုမှုအပေါ် အင်္ဂလိပ်စာအား နည်းကြောင်း ပရိသတ်အချို့က ဝေဖန်ခဲ့သည်။

‘‘ညီမကိုအားပေးတဲ့ Fan တွေ စိတ်မပျက်စေရပါဘူး။ ညီမ ရဲ့ အားနည်းချက်တွေကို ပြည့်စုံ အောင် ကြိုးစားသွားပါ့မယ်’’ ဟု မေယုခတ္တာက ပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် တင်မိုးလွင်၏ Talent & Model အေဂျင်စီတွင် ၂၀၁၆ က တက်ရောက်ပြီး အလှမယ်ပြိုင်ပွဲ အနေဖြင့် Miss Myanmar International 2018 ပြိုင်ပွဲ၌ ပထမဆုံးပြိုင်ခဲ့ကြောင်း  ၎င်းက ပြောသည်။

Miss Myanmar International 2018 တွင် သရဖူရရှိ သောကြောင့် မေယုခတ္တာသည် အောက်တိုဘာအတွင်း ဂျပန် နိုင်ငံ၌ ပြုလုပ်မည့် Miss International 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားလှပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည် ဖြစ် သည်။

အဆိုပါပြိုင်ပွဲတွင် 1st Runner Up ဆုကို ခါးနံပါတ် (၁) ပြိုင်ပွဲဝင် ပိုးအိမ့်ဇင်၊ 2nd Runner Up ဆုကို ခါးနံပါတ် (၁၆) အလှ မယ်  နေခြည်ထက်တို့က  ရရှိခဲ့ သည်။

Miss Myanmar International  ပြိုင်ပွဲကို ၂၀၁၂ တွင် ပထမဆုံးအကြိမ် ပြုလုပ်ပြီး နန်း ခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ မေဘရဏီသော်၊ အမရာငြိမ်း၊ အင်ကြင်းထူးနှင့် စဝ်ယွန်းဝတီဦး တို့က မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သည်။

Top News