စည်းကမ်းထိန်းသိမ်းရေးက ချမှတ်သည့် ပြစ်ဒဏ်များအပေါ် ရန်ကုန်အသင်းအယူခံဝင်မည်

ရန်ကုန်နှင့် ဧရာဝတီပွဲစဉ်၌ ကွင်းအတွင်းသို့ ပရိတ်သတ်အချို့ရေသန့်ဘူးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ − MNL)

ရန်ကုန်နှင့် ဧရာဝတီအ သင်းတို့ယှဉ်ပြိုင်ကစားသည့်ပွဲ စဉ်တွင် ဖြစ်ပွားသည့်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချမှတ်သည့်ပြစ်ဒဏ် အပေါ် အယူခံဝင်မည်ဖြစ် ကြောင်း ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးမြင့်သိန်းက ပြောသည်။

အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့် အဆိုပါပွဲဖြစ်ရပ်များ နှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ ချုပ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဇွန်လ ၁၂ ရက် နံနက်တွင် အစည်းအဝေးပြုလုပ် ပြီး ဒိုင်လူကြီးများကို ခေါ်ယူမေး မြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင် ကြီးကြပ်တို့ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်း တင်ဗီဒီယိုကြည့်ရှုခြင်းများပြုလုပ် ခဲ့သည်။ ထို့နောက် ပြိုင်ပွဲကျင်းပ ရေးစည်းမျည်းများကို ဖောက်ဖျက်သည့် ရန်ကုန်အသင်းကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ရန်ကုန်အသင်းက ဧရာဝတီ ကို ၂-၃ ဂိုးဖြင့်ရှုံးနိမ့်သည့်ယင်း ပွဲတွင် ရန်ကုန်အသင်းသည် ကွင်း လယ်ဒိုင်၏ပင်နယ်တီပြစ်ဒဏ်နှင့် ဆုံးဖြတ်ချက်အချို့အပေါ် ကျေ နပ်မှုမရှိသဖြင့် ပွဲအတွင်း၌စော ဒကတက်မှု မကြာခဏဖြစ်ခဲ့ သည့်အပြင် ပွဲအပြီး၌ နည်းပြဦး မျိုးမင်းထွန်းက ဒိုင်လူကြီးများကို ထိုင်၍ ကန်တော့ခဲ့သည်။ 

ယင်းပွဲတွင် အိမ်ရှင်ရန်ကုန်ယူနိုက်တက်အသင်းပရိသတ်အ ချို့သည် ကွင်းအတွင်းသို့အရာ ၀တ္ထုပစ္စည်းဖြင့် ပစ်ပေါက်ခြင်း ကြောင့် ဒဏ်ကြေးကျပ် ၁၀ သိန်းပေးဆောင်ရန်ချမှတ်ခဲ့သည်။

ရန်ကုန်နည်းပြချုပ်ဦးမျိုး မင်းထွန်းသည် သတ်မှတ်ထား သည့် (Technical Area)ကို ကျော်လွန်ကာ ဒိုင်ကို စောဒက တက်သဖြင့် အနီးစပ်ဆုံးသုံးပွဲကွင်းအတွင်းဝင်ရောက်ကြီးကြပ် ခွင့်မပြုရန်နှင့် ဒဏ်ကြေးကျပ် ခြောက်သိန်းပေးဆောင်ရန် ချ မှတ်ခဲ့သည်။

ရန်ကုန်အသင်းတိုက်စစ်မှူး ဆယ်လာသည် ပွဲအပြီး ကွင်းအ တွင်းမှ ပြန်ထွက်လာချိန်တွင် မှတ်တမ်းဒိုင်လူကြီးကို ဆဲဆိုခဲ့သဖြင့် အနီးစပ်ဆုံးသုံးပွဲဝင်ရောက်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေး ကျပ်သုံးသိန်းပေးဆောင်ရန် ချမှတ်ခဲ့သည်။

‘‘ပြိုင်ပွဲက ချန်ပီယံဆုအ တွက် အရမ်းအရေးကြီးတဲ့အချိန် မျိုးမှာ ဒီလိုမျိုးပြစ်ဒဏ်ကျခံရတဲ့ အတွက် အသင်းအတွက် အရမ်း နစ်နာပါတယ်။ ဒီအတွက် ကျွန်တော်တို့အသင်း အယူခံဝင်ဖို့ ဆောင်ရွက်သွားမှာပါ’’ ဟု ဦးမြင့်သိန်းက ပြောသည်။

ထို့အပြင် အဆိုပါပွဲ ကွင်း လယ်ဒိုင်လူကြီးဦးကျော်ဇောလွင် အနေဖြင့် ကစားသမားများ၏ ကိုယ်ထိလက်ရောက် စောဒက တက်မှုကို အရေးယူဆောင်ရွက်မှုနည်းပါးသဖြင့် ဒိုင်လူကြီးဌာနက လိုအပ်သလို အရေးယူဆောင်ရွက်ရန် စည်းကမ်းထိန်းသိမ်းရေးက ထုတ်ပြန်ခဲ့သည်။

Top News