The Voice Myanmar Winner ဆုရှင် ငွေစိုးနှင့်တွေ့ဆုံခြင်း

‘‘ဆုမရခဲ့ရင်တောင် ဒီသီချင်းကို ဆိုခဲ့ရတာနဲ့တင် ကျွန်တော့်ဘဝမှာ တော်တော်တန်နေပါပြီ’’
ဓာတ်ပုံ-ဇွဲဉာဏ်

The Voice Myanmar Season 1 အဆိုပြိုင်ပွဲတွင် Winner ဆုရရှိ ခဲ့သည့် ငွေစိုး၏ဂီတနှင့် ပတ်သက်ဆက်နွှယ်သည့် ငယ်ဘဝဖြတ်သန်းမှု၊ ဂီတအပေါ် ရူးသွပ်မှု၊ ရှိုးပွဲများသီဆိုရင်း ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံများ၊ အဆိုပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ဝါသနာ ရှင်များအပေါ် အကြံပေးစကား နှင့် ဆုရရှိပြီးနောက်ပိုင်း ဆက် လက်လုပ်ကိုင်မည့် ဂီတလှုပ်ရှားမှု များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဂီတနဲ့ပတ်သက်ပြီး ဘယ်အရွယ် ကတည်းက ဝါသနာပါခဲ့တာလဲ။

ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ သိတတ်စအရွယ်မှာ Music ကိုချစ်တယ်။ အသက်ကြီးလာတဲ့အချိန်၊ အရွယ်ရောက်လာတဲ့အချိန်ကျတော့ မန္တလေးမြို့က Venus ဆိုတဲ့တီးဝိုင်းနဲ့ စတိတ်ရှိုးအသေးစားလေးတွေမှာ လိုက်ဆိုနေပြီ။

ဂီတနယ်ပယ်မှာ ထဲထဲဝင်ဝင်လုပ် မယ်ဆိုပြီး ဘယ်အရွယ်မှာ စဉ်းစားခဲ့တာလဲ။

တက္ကသိုလ်စတက်တဲ့နှစ်မှာ ပဲ တီးဝိုင်းအကြီးကြီးတွေနဲ့ လိုက် ဆိုနေပြီ။ ၂၀၁၀ လောက်မှာ သူ ငယ်ချင်းတွေစုပြီး လုပ်တဲ့ ‘ငါ့မနက်ဖြန်များ’ ဆိုတဲ့ အခွေထဲမှာ သီချင်း တစ်ပုဒ်ပါခဲ့တယ်။ ‘ကြယ်ခြွေနတ် သမီး’ ဆိုတဲ့ သီချင်းပါ။ မန္တလေး မှာပဲ ဗီစီဒီတွေရိုက်တယ်။ ဒါပေမဲ့ အဲဒါပြီးတော့ ကြားထဲမှာ ဂီတ လောကနဲ့ ခြောက်နှစ်လောက် ဝေးသွားသေးတယ်။ ဒါပေမဲ့ ပြန်ဝင် တော့ လုပ်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။

အဲဒီအခွေထွက်တုန်းကကော ပရိ သတ်လက်ခံခဲ့တဲ့ အခွေတစ်ခွေ ဖြစ်ခဲ့လား။

မပေါက်ခဲ့ဘူး။ လူတွေလည်း သိပ်မသိခဲ့ဘူး။ ကျွန်တော်တို့သူ ငယ်ချင်းတွေလောက်ပဲ သိခဲ့ တယ်။

အဲဒါပြီးတော့ ကြားထဲမှာ ဘာတွေ လုပ်ဖြစ်ခဲ့သေးလဲ။ ဂီတအလုပ်ကို ပြန်လုပ်တဲ့အချိန်မှာကော မိသားစုက သဘောတူလား။

တူပါတယ်ခင်ဗျ။ ကျွန်တော့် အမျိုးသမီးက Melody World မှာ ပြိုင်ဖူးပါတယ်။ လှိုင်းလေးပါ။ သူ လည်း People Choice ရဖူးတယ်။ သူ့ကိုလည်း အခွေတစ်ခွေထုတ် ပေးထားဖူးတယ်။ ဒါပေမဲ့ မပေါက်ခဲ့ဘူး။ တချို့လောက်ပဲ သိခဲ့တယ်။ အခုလည်း သီချင်းဆိုတယ်။ ဒါပေ မဲ့ ဒီဇိုင်နာလည်း လုပ်နေတော့ အရင်ကလောက်တော့ မဆိုဖြစ် တော့ဘူး။

သီချင်းဆိုပြိုင်ပွဲတွေ အများကြီးထဲ မှာမှ The Voice Myanmar ကို ဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲ။

လွတ်လပ်လို့ပါ။ ကျွန်တော် က အသက်(၃၉)ပြည့်တော့မယ်။  တချို့ပြိုင်ပွဲတွေကျတော့ (၃၅) ကျော်ရင် ဝင်ပြိုင်လို့မရတာများ တယ်။ အသက်ကန့်သတ်ချက် လည်း မရှိဘူး။ ဆိုရတာလည်း လွတ်လပ်တယ်။ နိုင်ငံခြားက The Voice ပွဲတွေကြည့်တော့လည်း ကြိုက်တယ်။ ဒါကြောင့် သဘော ကျတာနဲ့ ဝင်ပြိုင်ဖြစ်သွားတာပါ။

The Voice Myanmar ပြိုင်ပွဲအစ မှာ ဘယ်လိုအတွေ့အကြုံတွေရခဲ့ လဲ။

ကျွန်တော့်အတွက်ကတော့ The Voice Myanmar က ပထမဆုံး ပြိုင်ပွဲအတွေ့အကြုံပေါ့။ အဲဒီမှာ လာပြိုင်တဲ့သူတော်တော်များများ က ပြိုင်ပွဲအတွေ့အကြုံရှိကြ တယ်။ ကြာလာတော့ ပြိုင်ပွဲဝင် အားလုံး မောင်နှမတွေလိုပဲ ပြော မနာဆိုမနာ ဖြစ်သွားကြတယ်။ ရင်းနှီးသွားကြတယ်ပေါ့။ ကိုလင်းနဲ့ဆိုလည်း ညီအစ်ကိုလိုပဲ။ လွတ် လပ်စွာ တိုင်ပင်လို့ရတယ်။

ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာကော ကိုယ့်စိတ်ကို ဘယ်လိုထားဖြစ်လဲ။ လာပြိုင်တဲ့သူတော်တော်များများ က အတွေ့အကြုံနဲ့ အရည်အချင်း တွေရှိကြတော့ ပြိုင်ဆိုင်မှုကတော့ အတော်ပြင်းထန်ခဲ့မယ်နော်။

အားလုံးက ဆိုတာ တော် တော်ကောင်းကြတယ်။ ကိုယ်က တော့ ကိုယ်ဆိုရမယ့် သီချင်းကို အကောင်းဆုံးဆိုမယ်ဆိုပြီး အ ကောင်းဆုံးပြင်ဆင်တယ်။ စင်ပေါ် မှာ အကောင်းဆုံးဆိုခဲ့တယ်။

ပြိုင်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ သီချင်းလေးတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

အသည်းကွဲဧည့်သည်၊ ရင် ချင်းဆက်ချည်တဲ့ကြိုး၊ တစ်နေ့နေ့၊ အမေ့ရုပ်ရည်၊ ချစ်သူများရဲ့ မနက်ဖြန်၊ ဆရာငှက်ရဲ့သီချင်း ရာဇဝင်များရဲ့သတို့သမီးပေါ့။

အစ်ကို့အသံက သီချင်းချိုချိုအေး အေးလေးတွေနဲ့ ပိုလိုက်ဖက်တယ် လို့ ပြောလို့ရလား

ကိုယ်နဲ့လိုက်ဖက်တဲ့သီချင်း တွေကို ပြိုင်ပွဲမှာ ရွေးဆိုခဲ့တယ်။ ကျွန်တော်က တအားကြီး ရော့ခ် လုပ်လို့မရဘူး။ သီချင်းအေးအေး လေးတွေ အဆိုများတယ်။ Slow Rock လေးတွေဆိုဖြစ်တယ်။ အ ပြင်းစားရော့ခ်တွေတော့ မဆိုဖြစ် ဘူး။

အမျိုးသမီးကလည်း ဂီတဝါသနာ ပါသူတစ်ယောက်ဆိုတော့ ပြိုင်ပွဲ ဝင်နေစဉ်အတွင်းမှာ သူက ဘာ တွေ ပံ့ပိုးပေးသလဲ။

မိသားစုကလည်း ကူညီ ထောက်ပံ့ပေးတယ်။ သမီးလေး လည်းရှိတော့ သူကတော့ သမီး လေးအနားမှာ နေရတာပေါ့။ ပြိုင် ပွဲဝင်စဉ်တစ်လျှောက်တော့ မိသားစုရဲ့အားပေးမှုက အပြည့်အဝပါပဲ။ အမျိုးသမီးနဲ့ သမီးလေးက မန္တလေးမှာ ကျန်ခဲ့တယ်။ ကျွန်တော်က လည်း မန္တလေးမှာပဲ နေတာပေါ့။ အခု ပြိုင်ပွဲဝင်တော့မှ ရန်ကုန်ရောက်လာတာပေါ့။ နောက်တော့ သွားလိုက်ပြန်လိုက်လုပ်ရမှာပေါ့။

ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာ ဒိုင် တွေနဲ့ဆက်ဆံရေးကကော ဘယ် လိုရှိလဲ။

တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ကောင်းတယ်။ ကြာတော့ ဒိုင်တွေနဲ့လည်း ရင်းနှီး လာတယ်။ မနီနီတို့၊ ကိုကျားပေါက် တို့၊ ကိုရန်ရန်ချန်းတို့ကလည်း စိတ်ရင်းကောင်းတယ်။ မာနမရှိဘူး။ ကိုလင်းဆို ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ်ပဲ။ အနုပညာအပေါ်မှာ ရိုးရိုးသားသားသွားဖို့ပဲ တိုက်တွန်းတယ်။

ဦးငှက်ရဲ့သီချင်းကို အရင်က ဘယ်သူ့ကိုမှ ပေးမဆိုဘူးလို့သိရတယ်။ အစ်ကို့အလှည့်ကျမှပေးဆိုတော့ ဘယ်လိုခံစားရလဲ။

ဒီသီချင်းလေးက ကိုယ်အဆို ချင်ဆုံးသီချင်းဖြစ်တယ်။ ဆရာ ငှက်ရဲ့သီချင်းဖြစ်တယ်။ တန်ဖိုး လည်း ကြီးတယ်။ ဒီလိုပေးဆိုတဲ့ အတွက် အတိုင်းမသိ ဝမ်းသာ တယ်။ ဆရာ့မိသားစုကိုလည်း ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမှန်းကို မသိပါဘူး။ ဆုမရခဲ့ရင် တောင် ဒီသီချင်းကို ဆိုခဲ့ရတာနဲ့ တင် ကျွန်တော့်ဘဝမှာ တော်တော် တန်နေပါပြီ။

ဆုရတဲ့ညက ပြိုင်ပွဲဝင်က အစ်ကို အပါအဝင် နှစ်ယောက်ပဲ ကျန်တဲ့ အချိန်မှာ စိတ်ခံစားချက်ဘယ်လို ရှိလဲ။ ကိုယ့်နာမည်ကြေညာလိုက် တဲ့အချိန်မှာကော ဘယ်လိုခံစားရ လဲ။

နှစ်ယောက်ကျန်တဲ့အချိန်မှာ စိတ်ထဲမှာပေါ့ပါးတယ်။ ဆရာငှက်ရဲ့သီချင်းကိုလည်း ကောင်းမွန် ချောမွေ့စွာ ဆိုနိုင်ခဲ့တဲ့အတွက် စိတ်လျှော့လိုက်တယ်။ အေးဆေး ပဲ။ ပြိုင်ပွဲဆိုတာသည် ခေါင်းထဲမှာ မရှိတော့ဘူး။ စိတ်တအားကြီး တော့ မလှုပ်ရှားဘူး။ ဆရာငှက် သီချင်းက တာဝန်အရမ်းကြီးတော့ ဒီသီချင်းဆိုပြီးတဲ့အချိန်မှာ ကျေ နပ်လို့ တအားကြီးမလှုပ်ရှားဘူး။ ဒါပေမဲ့ ကိုယ့်နာမည်ကြေညာ လိုက်တဲ့အချိန်မှာတော့ အတိုင်း မသိပါပဲ။

အစ်ကို့အသက်က (၃၉)နှစ်ရှိပြီဆို တော့ ဒီပွဲမှာသာ ဆုမရခဲ့ရင် အစ် ကို ဘာဆက်လုပ်သွားမလဲ။

ဂီတပဲ လုပ်သွားမှာပါ။ ဂီတ ကို ချစ်တယ်။ နောက်ဆုံးထွက် သက်ထိ လုပ်သွားမှာပါ။ ကိုယ်ပိုင် စီးပွားရေးတော့ လုပ်တယ်။ ဒါပေ မဲ့ သီချင်းဆိုတယ်။ ဂစ်တာတီး တယ်။

မန္တလေးမှာတုန်းက ပွဲတွေမှာ လိုက်ဆိုရတာနဲ့ ပြိုင်ပွဲက စင်ပေါ်မှာ တက်ဆိုရတဲ့ အရသာနှစ်ခုက ဘယ်လိုကွာခြားလဲ။

မတူဘူးဗျ။ ပြိုင်ပွဲစင်က Stress များတယ်။ ရိုးရိုးစင်ပေါ်မှာ တက်ဆိုတာက ပေါ့ပေါ့ပါးပါးပဲ။ လွတ်လွတ်လပ်လပ်ရှိတယ်။ စိတ် ဖိစီးမှုလည်း မရှိဘူး။ ပြိုင်ပွဲကျ တော့ စင်ပေါ်တက်လိုက်တာနဲ့ ကြောက်စိတ်ဆိုတာရှိတယ်။ အဲဒါ လေးတော့ ကွာတာပေါ့။

ဂီတလောကထဲက အစ်ကိုလေး စားအားကျရတဲ့ သူတွေရှိရင် လည်း ပြောပြပေးပါဦး။

အားလုံးကို လေးစားတယ်။ အားကျတယ်။ ဒါပေမဲ့ ငယ်ငယ် ကတည်းက ကြိုက်ခဲ့တဲ့ အဆို တော်က ကိုဘိုဘိုပေါ့။ ပြိုင်ပွဲမှာ ဝင်ပြိုင်တော့လည်း သူ့သီချင်းတွေ အဓိကဆိုခဲ့တယ်။

ပြိုင်ပွဲမှာလည်း ဆုရပြီးပြီးဆိုတော့ ရှေ့ဆက်လျှောက်လှမ်းမယ့် ဂီတ လမ်းကြောင်းမှာ ပရိသတ်အတွက်ဘယ်လိုသီချင်းမျိုးလေးတွေ အဓိ ကဖန်တီးပေးသွားမလဲ။

ကိုလင်းတို့နဲ့လည်း တိုင်ပင် ရဦးမယ်။ ကိုယ်ဆိုချင်တဲ့ သီချင်း လေးတွေကတော့ ပရိသတ်ရင်ထဲ ရောက်ရမယ်။ သီချင်းလေးတွေ က ခံ့ခံ့ညားညားလေးလည်း ဖြစ်ရမယ်။ တစ်ယောက်တည်းတော့ လုပ်လို့မရဘူး။ The Voice က လူကြီးတွေနဲ့တော့ တိုင်ပင်ရပါဦး မယ်။

ဂီတနဲ့ပတ်သက်ပြီးတော့ အဆိုပိုင်းအပြင် တခြားဘာတွေ ဝါသနာပါ သေးလဲ။

တီးတာလည်း ဝါသနာပါ တယ်။ ဂစ်တာတီးတတ်တယ်။ ကီးဘုတ်ကတော့ နည်းနည်းပါးပါး ပဲ တီးတတ်တယ်။ ရေးတာက တော့ မရေးတတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ ကြိုးစား ပြီး ရေးကြည့်ပါမယ်။

အမျိုးသမီးကကော အခုနောက်ပိုင်း သီချင်းဆိုဖြစ်သေးလား။ မိသားစုနဲ့လည်း မိတ်ဆက်ပေးပါ ဦး။

သူက အခွေတော့ မလုပ်ဖြစ် တော့ဘူး။ ဒါပေမဲ့ ပွဲလေးတွေ လိုက်ဆိုတယ်။ ပြီးတော့ ဒီဇိုင်နာ အလုပ်ကို သေချာလုပ်ဖြစ်တယ်။ အမျိုးသမီးနာမည်က လှိုင်းလေး ပါ။ Presenter လည်း လုပ်တယ်။ သမီးလေးတစ်ယောက်ရှိတယ်။ ငွေနှင်းရတီပါ။ (၉)နှစ်ရှိပါပြီ။

ပြိုင်ပွဲဝင်နေစဉ်တောက်လျှောက် လည်း မန္တလေးက ပရိသတ်တွေ အခိုင်အမာအားပေးတာကို တွေ့ ရတယ်။ သူတို့ကိုကော ဘာပြော ချင်လဲ။

မန္တလေးကတော့ ကိုယ့်မြို့ သူမြို့သားအချင်းချင်းတော့ သွေး စည်းကြတယ်။ ပျော်ပါတယ်။ ကျေနပ်တယ်။ တစ်မြို့လုံးနီးပါး အားပေးတယ်။ တစ်နိုင်ငံလုံးက လူတွေ အားပေးကြတာလည်း တွေ့ရတယ်။ သူတို့အားပေးလို့ လည်း ကျွန်တော်ဆုရခဲ့တာပါ။ နိုင်ငံခြားက သူငယ်ချင်းတွေလည်း အားပေးကြတယ်။

ဆုရပြီးနောက်ပိုင်း အရင်နဲ့မတူဘဲ ကွာခြားသွားတာကော ဘာများဖြစ်မလဲ။

ဆယ်လီဖြစ်သွားတာပေါ့။ အရင်နဲ့ မတူတော့ဘူး။ သွားရလာ ရတာ ဂရုစိုက်ရတယ်။ အရင်က ဆို သူငယ်ချင်းတွေနဲ့ ပျော်ပျော်  ပါးပါးနေတယ်။ အခုဆို နည်းနည်း ထိန်းရတယ်။ အရင်ကဆို သူငယ် ချင်းဆုံရင် ထကကြတာမျိုး ရှိ တယ်။ အခုကျ ဆင်ခြင်ရတာပေါ့။ ပရိသတ်တွေကလည်း လာနှုတ် ဆက်ကြ၊ ဓာတ်ပုံရိုက်ကြနဲ့ တော်တော်လေးလည်း ပျော်ဖို့ ကောင်းတယ်။

အစ်ကိုနဲ့အတူ ပြိုင်ပွဲဝင်တွေကို ကော ဘယ်လိုအားပေးစကား ပြောချင်လဲ။

သီချင်းလုပ်ဖို့ပေါ့။ တစ်ပုဒ် တတ်နိုင်ရင် တစ်ပုဒ်၊ တစ်ခွေ တတ်နိုင်ရင် တစ်ခွေလုပ်ဖို့ ပြော ချင်ပါတယ်။ အဓိကက ရပ်မနေ ဖို့ပါ။ ရပ်နေရင် ဒီပြိုင်ပွဲလေးမှာပဲ ပြီးသွားမယ်။ ဒီပြိုင်ပွဲမှာ ကိုယ့်ကို သိတဲ့၊ အားပေးတဲ့ ပရိသတ်တွေ ရှိတယ်။ အဲဒီပရိသတ်တွေက ကိုယ့်ကို လတ်တလောမှာ သိနေ သေးတဲ့အတွက် ကိုယ့်ရဲ့ကိုယ်ပိုင် သီချင်းကို အမြန်ဆုံး ပရိသတ်ကို ချပြရမယ်။ အွန်လိုင်းပေါ်တင်ရင် လူတွေ တန်းနားထောင်နိုင်မယ် လေ။

The Voice မှာ နောက်ထပ်ပြိုင်မယ့်ဝါသနာရှင်တွေကိုကော ဘယ်လို အကြံဉာဏ်ပေးချင်လဲ။

ပြိုင်ပွဲပြိုင်မယ်ဆိုရင် ကြိုတင် ပြင်ဆင်မှုတော့ လိုတယ်။သီချင်း လေးတွေ ကြိုတင်ပြင်ဆင်သွားပါ။ သီချင်းတွေအပေါ် ရိုးသားပါ။ ပရိသတ်အပေါ် ရိုးသားပါ။

အစ်ကို့ကို အားပေးနေတဲ့ပရိသတ် တွေကိုကော ဘာများပြောချင် သေးလဲ။

အဖွဲ့အစည်းနဲ့တိုင်ပင်ပြီး ပရိသတ်ဆီကို သီချင်းသစ်တစ်ပုဒ် လောက်ပေးချင်တယ်။ ပရိသတ် နဲ့ အဆက်အသွယ်ပြတ်သွားမှာ လည်း ကြောက်လို့ပါ။

ကျေးဇူးတင်ပါတယ်။

Top News