ကမ္ဘာ့ငြိမ်းချမ်းရေးမှ ခြင်္သေ့လည်ပြန်

‘‘စစ်ဆိုတာ ဘယ်သူမဆို တိုက်နိုင်ကြတာမျိုး ပါ။ ဒါပေမဲ့ သတ္တိအရှိဆုံးဆိုတဲ့ သူတွေသာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေး နိုင်ကြတာ ဖြစ်ပါတယ်’’ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ပြုလုပ်သော စင်ကာပူထိပ်သီးဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောကြားလိုက်ကြောင်း သိရှိရသည်။

သမ္မတ ဒေါ်နယ်ထရန့်၏ စကားကို ဖတ်ရပြီး ပြန်လည်သတိရမိသည်က လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်က ဘော့စနီးယားနိုင်ငံ ပညာရေးဝန်ကြီးတစ်ဦးက ကုလသမဂ္ဂတွင် ပြောကြားခဲ့သော စကားဖြစ်သည်။ ‘‘လူတစ်ယောက်က လူတစ်ယောက်ကို သတ်ရင် ထောင်ကျမယ်။ လူတစ်ယောက် က လူ ၁၀ ယောက်ကို သတ်ရင် စိတ္တဇဆေးရုံအပို့ခံရမယ်။ လူတစ် ယောက်က လူထောင်နဲ့ သောင်းနဲ့ ချီသတ်ရင်တော့ ဂျီနီဗာမှာခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်’’ဟူ ၏။

ကိုရီးယားကျွန်းဆွယ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ က အမေရိကန်နှင့် အနောက်အုပ်စုက တစ်ဖက်၊ ရုရှားနှင့် တရုတ်က တစ်ဖက်ဖြင့် ကိုရီးယားအချင်း ချင်းဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် သုံးနှစ်အတွင်း အရပ်သားများအ ပါအ၀င် လူ နှစ်သန်းကျော်သေ ဆုံးခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း များစွာရှိ ခဲ့သည်။ အမေရိကန်က မြောက် ကိုရီးယားအပေါ် သုံးနှစ်အတွင်း ကြဲချခဲ့သော ဗုံးအရေအတွက် သည် ဒုတိယကမ္ဘာစစ်အတွင်း အရှေ့အာရှအပေါ် ကြဲချခဲ့သော ဗုံးအရေအတွက်ထက်များပြားခဲ့ ပြီး လူနေအဆောက်အအုံပေါင်း များစွာကို ပျက်စီးစေခဲ့သည်။ စစ် ပွဲအပြီးတွင် မြောက်ကိုရီးယားက သူတို့နိုင်တယ်ဟု ပြောဆိုကာ သူ့ နိုင်ငံသားများကို အသိပေးခဲ့ပေ မယ့် စစ်ပွဲတွင် ဘယ်သူမှ မနိုင်ဘဲ စာချုပ်တစ်ခုတည်းနှင့်သာ ပြီးဆုံး သွားခဲ့သည်။

စစ်ပွဲအပြီးကာလနောက် ပိုင်း အမေရိကန်နှင့် မြောက်ကိုရီးယားဆက်ဆံရေးမျှော်လင့်ချက် ရောင်ခြည်သန်းခဲ့သော ကာလ များရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာသည် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ကာ သဘော တူစာချုပ်ချုပ်ဆိုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်လည်း အမေရိကန်သမ္မတဘီကလင်တန်က နှစ်နိုင်ငံဆက် ဆံရေးကောင်းရန် ကြိုးစားခဲ့ သည်။ သို့သော်လည်း ထိုသဘော တူစာချုပ်များသည် စာရွက်ပေါ် တွင်သာတည်ရှိခဲ့ပြီး လက်တွေ့ အဆင့်သို့ မရောက်ခဲ့ပေ။

 ယခု ဇွန်လ ၁၂ ရက်နေ့ စင်ကာပူနိုင်ငံမှာ ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားဖျက်သိမ်းရေးကို သဘောတူညီခဲ့ပြီး အမေရိကန်ကလည်း တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ဖို့ ကြေညာခဲ့သည်။ သမ္မတ ထရန့်နှင့် မစ္စတာ ကင်ဂျုံအန်တို့ လက်မှတ်ရေးထိုး ခဲ့သော ထုတ်ပြန်ချက်နှင့် ပတ် သက်၍ နျူကလီးယားလက်နက် ကို စွန့်လွှတ်မယ်ဆိုလျှင် မြောက် ကိုရီးယား၏ လုံခြုံရေးကို အာမခံ ကြောင်းလည်း သမ္မတထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း ကမ္ဘာ့နိုင်ငံရေးလေ့လာသုံးသပ် သူများက ကင်ဂျုံအန်နဲ့ ပတ်သက် လျှင် စိတ်ကူးယဉ်မျှော်လင့်ချက် သိပ်မထားရန် သတိပေးနေကြ သည်။

 တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုအဆုံး သတ်လိုက်ခြင်းကို သမ္မတ ထရန့် ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ဂျပန်ကာကွယ် ရေးဝန်ကြီးက ပြောဆိုလိုက်ပြီး စစ်ရေးပူးတွဲလေ့ကျင့်မှုသည် ဒေသတွင်းလုံခြုံရေးတွင် အရေး ပါသော အခန်းကဏ္ဍတွင်ရှိနေ သည်ဟု သုံးသပ်လိုက်သည်။ သို့ သော်လည်း သမ္မတထရန့်၏ ကြေညာချက်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မဟာမိတ် ဆက်ဆံရေးကို ပစ်ပယ်ခြင်းမ ဟုတ်ကြောင်း ထိပ်သီးဆွေးနွေးပွဲ အပြီး နောက်တစ်ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာပွန်ပီယို တောင်ကိုရီးယားသို့ သွားရောက် ကာ သမ္မတ မွန်ဂျေအင်နှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့သည်။

 နျူကလီးယား လက်နက် ဖျက်သိမ်းရေးအစီအစဉ်များကို မြောက်ကိုရီးယားဘက်က ၂၀၂၀ ပြည့်နှစ်အကုန်တွင် တော်တော် များများလုပ်ဆောင်ပြီး ဖျက်သိမ်း သောလုပ်ငန်းစဉ်ကို နိုင်ငံတကာ အနေနှင့် ဆန်းစစ်ခွင့်ရှိရမယ်ဆို သော အချက်ပေါ်တွင်လည်း မြောက်ကိုရီးယားဘက်က နား လည်သဘောပေါက်ထား ကြောင်း သိရှိရသည်။

မည်သို့ပင်ဆိုစေကာမူ အ မေရိကန်-မြောက်ကိုရီးယားထိပ် သီးဆွေးနွေးပွဲသည် ကိုရီးယား ကျွန်းဆွယ်မှ ကမ္ဘာသို့ ခြိမ်းခြောက်နေသော နျူကလီးယားမိုးတိမ်ကြီးကင်းစင်လာရန် အရိပ်အယောင်သန်းနေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို လည်း အထောက်အကူပြုနေ သည်။ လက်ရှိအခြေအနေတွင် ကွဲကွာနေသည့် ကိုရီးယားမိသားစုများ ပြန်လည်ပေါင်းစည်း ကြတော့မည်ဖြစ်၍ ကိုရီးယားပြည်သူများ ပျော်ရွှင်နေကြမည် ထင်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ၀မ်းသာပီတိဖြစ်နေကြချိန်တွင် မြန်မာ့ ငြိမ်းချမ်းရေးဘက်သို့ ခြင်္သေ့လည်ပြန် ကြည့်စေချင် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်သည် ကိုရီးယားကျွန်းဆွယ် စစ်ပွဲနှင့်အတူ မရှေးမနှောင်းစ တင်ခဲ့သည်။ ကိုရီးယားကျွန်း ဆွယ်စစ်ပွဲကြောင့် ကမ္ဘာ့ဆန်ဈေး များမြင့်တက်သွားပြီး ပါလီမန်ဒီမို ကရေစီခေတ်တွင် မြန်မာ့ဆန်ကို ကမ္ဘာသို့ တင်ပို့ရောင်းချခြင်း စံချိန်တင်ခဲ့သည်က မေ့မရစရာ ဖြစ် သည်။

ယခုနှစ်ပေါင်း ၆၀ ကြာ လိပ်ခဲတည်းလည်းဖြစ်ခဲ့သည့် ကိုရီးယားနိုင်ငံ ဆက်ဆံရေးက အထူးကောင်းမွန်လာပြီး နှစ်နိုင်ငံပေါင်းစည်းရေးအထိ ရှေးရှုသွားနိုင်သည်။ ဗုဒ္ဓက‘ဆန္ဒာအဓိပတိ’ဟု ဟောခဲ့သည်။ ယခုဖြစ်ရပ်များသည် ငြိမ်းချမ်းလိုသော ဆန္ဒရှိသည့် နှစ်နိုင်ငံခေါင်းဆောင်များကြောင့် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မက်ဖြစ်ပွားရာမှ အခြားနိုင်ငံ များပါ ပါဝင်လာပြီး စစ်ပွဲကာလ သုံးနှစ်အတွင်း လူ နှစ်သန်းကျော်သေကျေပျက်စီးခဲ့ရသော အဖြစ် အပျက်ကြီးသည် နည်းသည့် အာဃာတတရားမဟုတ်။ ထိုအာ ဃာတကို ပစ်ပယ်ကာ အရာရာ ကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေး ခရီးလမ်းကို စတင်လျှောက်လှမ်း သည်က ခေါင်းဆောင်များ၏ သတ္တိရှိမှုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မကြာတော့မည့်ကာလအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၁ ရာစုပင် လုံညီလာခံ ထပ်မံကျင်းပရန်ရှိနေ သည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲမှုစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ဆွေးနွေးကြမည် ဖြစ် သည်။ ထို့အတူ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များလည်း တက်ရောက်ဆွေးနွေးသင့်သည်ဟု ထင်သည်။ နျူကလီးယားလက်နက်များ တစ်ခုပြီး တစ်ခုစမ်းသပ်ကာ ကမ္ဘာကို ခြိမ်းခြောက်နိုင်လောက်သည့် အင်အားရှိသည့် နိုင်ငံပင် သူ့နိုင်ငံသားအကျိုးစီးပွားအတွက် စားပွဲဝိုင်း ပေါ်ရောက်ရှိလာသည်။

လူပေါင်းများစွာသေကျေ ပျက်စီးရမှုအတွက် တရားရုံးမ ရောက်၊ စိတ်ကျန်းမာရေးဆေးရုံ မရောက်ဘဲ စားပွဲဝိုင်းပေါ်ရောက် ကာ တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းဖြင့် အနာဂတ်လူ့အဖွဲ့အ စည်းကို သာယာဝပြောစေခြင်းက အတုယူရမည့် ငြိမ်းချမ်းရေးဖြစ် စဉ်တစ်ခု ဖြစ်ပါကြောင်း....။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)

Top News