ဒန်တေလား၊ ပါပီလွန်လား

လက်စားချေခြင်းဟူသည် စီးဆင်းနေသော ပျားရည်တို့ ထက်ပင်ပိုမိုချိုမြိန်၏။ ( The Revenge issweeter far than flowinghoney) ဟု ဂရိစာဆိုကြီး ဟိုးမားကအီလိယတ် (Iliad) လင်္ကာကြီးတွင် စပ်ဆိုခဲ့သည်။ ဘီစီ(၁၂)ရာစုတွင် စပါတာမြို့ နိုင်ငံကို ဘုရင်မင်နီလေးယပ်စ်၏ ဖိတ်ကြားမှုဖြင့် စပါတာသို့ရောက်လာသော ထရွိုင်မင်းသားပဲရစ်သည် လူမက နတ်မမျှလှပလွန်းသည့် ဟယ်လင်(မင်နီလေးယပ်စ်၏ မိဖုရား)နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ ပဲရစ်က ဟယ်လင်ကို  ခိုးယူဆောင်ကာ ထရွိုင်သို့ ပြန်ပြေးသည်။ ထိုအရေးကို အခွင့်ကောင်းယူ၍ မင်နီလေးယပ်စ်၏ အစ်ကိုဖြစ်သူ အင်ပါယာဘုရင်အက်ဂါမင်နွန်က ထရွိုင်မြို့ကို စစ်ပြုသည်။  အက်ဂါမင်နွန်ဘက်မှ ဂရိဒဏ္ဍာရီစစ်သူရဲကောင်း အာခီလိစ်နှင့် အီသာကာဘုရင် အိုဒက်ဆီယပ်တို့က  ပါဝင်တိုက်ခိုက်ပေးခဲ့ကြသည်။ ထရွိုင်တို့ဘက်မှ စစ် သူရဲကောင်းမှာ အိမ်ရှေ့မင်းသား ဟက်တာ (Hector)ဖြစ်၏။


ထိုစစ်ပွဲကြီးတွင် ထရွိုင်အိမ် ရှေ့စံစစ်သူရဲကောင်းဟက်တာ က အာခီလိစ်၏စစ်ဝတ်စုံကို ၀တ် ဆင်ထားသော ပက်ထရိုကလပ် ကို တိုက်ပွဲတွင်သတ်ဖြတ်ခဲ့သည်။ တူတော်သူပက်ထရိုကလပ်၏ကျ ဆုံးခြင်းသည် အာခိလိစ်အား အ ဆုံးစွန် အမျက်ဒေါသထွက်စေခဲ့ သည်။ အာခီလိစ်အတွက်ထရိုဂျန် စစ်ပွဲအား အနိုင်ရခြင်း၊ မရခြင်း သည် အရေးမဟုတ်တော့ပြီ။ သူ့တူတော်ကို သတ်ဖြတ်ခဲ့သော ဟက်တာအား ပြန်လည်သတ် ဖြတ်နိုင်ခြင်းသည်သာ သူ့အ တွက် ပဓာနအရေးဖြစ်တော့ပြီ။ သူသည် ထိုအမျက်ဒေါသအာဃာ တဖြင့် ဟက်တာအား စိန်ခေါ် စီးချင်းထိုး၍ သတ်ဖြတ်သည်။ ဟက်တာ၏ အလောင်းကို သူ့စစ် မြင်းရထားတွင် ကြိုးဖြင့်ချည်ကာ တရွတ်တိုက်ဆွဲသည်။ သူ့လက်စွဲ တော်ဓားကို ကိုင်မြှောက်၍ ကြုံး ၀ါးသည်။ ‘It (The Revenge) is sweeter far than flowing honey’ ဟူ၍။

ဟမ်မူရာဘီ၏ ကိုဓဥပဒေ တွင်တော့ မျက်လုံးတစ်လုံးအ တွက်မျက်လုံးတစ်လုံးဟု ပြဋ္ဌာန်း ခဲ့သည်။ မက်ဆိုပိုတေးမီးယား ခေတ်နှောင်း၊ ဘေဘီလိုနီးယန်း မင်းဆက်၏ ခြောက်ဆက်မြောက် ဘုရင်ဖြစ်သော ဟမ်မူရာဘီသည် နိုင်ငံသားတို့လိုက်နာရန် ထိုဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ကျောက်သားပေါ်တွင် ထွင်းထု၍ မှတ်တမ်းတင်ထားစေခဲ့သည်။ နှောင်းလူတို့တွေ့ရှိကာ ထိန်းသိမ်းထားသော ယင်းဥပဒေကျောက်စာချပ်တစ်ချပ်သည် ၂ ဒသမ ၂၅ မီတာ အကျယ်ရှိပြီး ယင်းကျောက်စာထက်တွင် အထက်တွင်ဖော်ပြခဲ့သည့် An eye for an eye , a tooth for a tooth   ဟု ဖော်ပြပါရှိသည်။ (ပညာရှင်အများက ထိုဥပဒေသည်လွတ်လပ်သော နိုင်ငံသားယောက်ျား၊ မိန်းမတို့အား ထိခိုက်နာကျင်စေရန် ပြုမိသော ကျေးကျွန် (ငွေဝယ်ကျွန်)များအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေဟု ဆိုကြ၏။)

ဤသည်တို့ကား လက်စား ချေခြင်းသည် တရားမျှတ၏၊ လက်စားချေခြင်းသည် ကောင်း ၏ဟူသော အတွေးအခေါ်များ၊ အယူအဆများကို လှစ်ဟနေကြ သည့် ကမ္ဘာကျော်သက်သေအ ထောက်အထား ဖော်ပြချက်များ ဖြစ်ကြ၏ ။ ယင်းအယူအဆတို့၏ ဆန့်ကျင်ဘက်ဖြစ်သော လက် စားချေခြင်းဟူသည် ကောင်းကျိုးတစ်စုံတစ်ရာမရှိဟု ထင်မြင်ယူဆ မှုဘက်မှတော့ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်နှင့် အိန္ဒိယ၏ဖခင် ကြီးမဟတ္တမဂန္ဒီတို့အားတင်သွင်း ရပေလိမ့်မည်။

ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-၄၇၉) ကတော့ ‘‘လက်စားချေဖို့ ခရီးကိုမစတင်ခင်မှာ အလောင်း ထည့်ဖို့ မြေကျင်းနှစ်ခုတူးခဲ့ပါ (Before you embark on a journey of revenge, dig two grave)’’ဟု မိန့်ဆိုခဲ့၏။ သူ့ကို ငါ သတ်၊ ငါ့သူသတ်နှင့် သတ်သံ သရာ ဘယ်မှာဆုံးမည်နည်းဟု ဆုံးမချင်ပုံရ၏။ အကြမ်းမဖက် သော အဟိံသာဝါဒဖြင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင်ခဲ့သော မဟတ္တမဂန္ဒီကြီးကတော့ ‘‘မျက် လုံးတစ်လုံးအတွက် မျက်လုံး တစ်လုံး(ပြန်ဖောက်ရမယ်)ဆိုရင် လောကကြီးတစ်ခုလုံး အကန်း တွေဖြစ်ကုန်မှာပေါ့။(An eye for an eye will only make the whole world blind ’’ဟု သြ၀ါဒ ပြုခဲ့လေသည်။

Isaac Friedmann ဆိုသူက တော့ The forgiveness is the sweetest revenge ( ခွင့်လွှတ်ခြင်းသည် အချိုမြိန်ဆုံးလက်စားချေမှု)ဟုဆို၏။  သည်အဆိုအမိန့်ကား အာခီလိစ်၏ ‘It (The Revenge) is sweeter far than flowing honey‘ ဆိုသည်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့ပြီ။

ဤနေရာတွင် အမည်မသိ ရှေးပညာရှိတို့ ဆိုမိန့်ခဲ့သော စကားတစ်ရပ်ကိုလည်း ကြား ညှပ်၍ တင်ပြလိုသေး၏။ ယင်းအ ဆိုအမိန့်ကား ( Weak people revenge , Strong people forgive ; Intelligent people ignore) ဟုဆို၏။ စိတ်ဓာတ်ခွန် အားချည့်နဲ့သူတွေဟာ လက်စား ချေကြတယ်။ စိတ်ဓာတ်အင်အား ကောင်းသူတွေကတော့ ခွင့်လွှတ် ကြတယ်။ ဉာဏ်ပညာနဲ့ ပြည့်စုံ သူတွေကတော့ လျစ်လျူပြုကြ တယ်ဟု ဆိုရလေမည်ထင်၏ ။ လက်တုံ့ပြန်ခြင်း၊ လက်စားချေ ခြင်းကို မလိုလားသည့်လူ့အသိုင်း အ၀ိုင်းအတွက်တော့  အလွန်နှစ် သက်စရာ ကိုးကားဖွယ်ရာ ကောင်းလှသည့် အဆိုအမိန့် တစ်ခုပင်။

အင်္ဂလိပ်လူမျိုး လော့ဒ်ဗိုင်း ကောင့်တ် ဖရန်စစ်ဘေကွန်က တော့ -‘လက်စားချေခြင်းဟူသည် မှာ ကြမ်းတမ်းရိုင်းပျသော တရား မျှတမှုအသွင်သဏ္ဌာန်တစ်မျိုး’ ဟု ဆိုခဲ့သည်။ အပြစ်တစ်စုံတစ် ရာကျူးလွန်သူတို့ကို လူတို့သတ် မှတ်ထားသော တရားဥပဒေတို့ အားဖြင့် အရေးယူအပြစ်မပေး နိုင်သည့်အခါ (သို့မဟုတ်) အပြစ် ကျူးလွန်သူတို့က တရားဥပဒေ ဆိုသည်၏ အထက်သို့ရောက် နေကြသောအခါမျိုးတွင် လက် တုံ့ပြန် လက်စားချေခြင်းသည် ပင်လျှင် တရားမျှတမှုဖြစ်၏’ ဟု ဆိုရမည်ထင်၏ ။

လူ့လောကတွင် အားကြီးသူ က အားနည်းသူကို အနိုင်အထက် ပြုခြင်း၊ အသိုင်းအ၀ိုင်းအသင်းအ ပင်း အားကောင်းသူက အသင်း အပင်းနည်းသူကို အနိုင်အထက် ပြုခြင်း၊ ရာထူးအာဏာအားကြီး သူက ရာထူးအာဏာနိမ့်သူ၊ကင်း မဲ့သူတို့အား အနိုင်အထက်ပြုခြင်း စသည်တို့မှာ ခေတ်အဆက်ဆက် ရှိကြစမြဲဖြစ်သည်။ ထိုသို့မပြုရ စေရန်၊ ထိုသို့ပြုသူတို့အား အရေး ယူအပြစ်ပေးရန် တရားဥပဒေ တို့ကိုပြုခဲ့ကြသော်လည်း တရား ဥပဒေသည် မတရားမှုအလုံးစုံတို့ အား အရေးယူအပြစ်ပေးခြင်း မပြုနိုင်၊ အားနည်းသူတို့အား အ ပြည့်အ၀ အကာအကွယ်မပေးနိုင် သည်မှာလည်း ခေတ်အဆက် ဆက်ပင်ဖြစ်၏။  အချို့သော တရားဥပဒေတို့မှာ ဥပဒေကိုယ် ၌ကပင် အားနည်းချက်များရှိ သဖြင့်  ရာထူးအာဏာဥစ္စာရှိသူ တို့က လက်တစ်လုံးခြားလုပ်သည် ကို မဟန့်တားနိုင်ခြင်း၊ ထိုသူတို့ အား အသာစီးရစေခြင်းတို့က လည်းရှိတတ်သည်။ အချို့သော ဥပဒေတို့မှာ ကိုယ်၌ကအား ကောင်းသော်လည်း  ဥပဒေကို ကိုင်တွယ်သုံးစွဲသူတို့၏ အဂတိ လိုက်စားခြင်း၊ ထိုသူတို့ကိုယ် တိုင်က တရားဥပဒေကို အလွဲသုံး စားပြုခြင်းတို့ကြောင့် တရားဥပ ဒေ၏ချိန်ခွင်သည် ရာထူးအာ ဏာဥစ္စာရှိသူတို့ဘက်သို့ လျှာပြူ တတ်သည်များလည်းရှိ၏။

ထိုသို့ဖြစ်လေခြင်းကြောင့် တရားဥပဒေဆိုသည်ကို ယုံကြည် ၍၊ အားကိုး၍ မရနိုင်တော့သော အခါ မတော်မတရားနိုင်ထက်စီး နင်းပြုခံရသူတို့ဘက်မှ ပြုသူတို့ အား လက်တုံ့ပြန်လက်စားချေ ခြင်းသည်ပင် တရားမျှတမှုတစ်ခု ဟု ယူမှတ်စရာဖြစ်လာတော့ သည်များလည်းရှိပါသည်။ ဖရန် စစ်ဘေကွန်၏ အဆိုအမိန့်သည် ထိုသို့သောအခြေအနေမျိုးတို့အ တွက် ရည်ညွှန်းသည်ဟုထင်မြင်မိ ပါသည်။

 လူတစ်ဦးတစ်ယောက် ကြောင့်၊  တစ်စုတစ်ဖွဲ့ကြောင့်ဘ၀တစ်ခုလုံး ထိခိုက်နစ်နာရလောက်သည့် အခြေအနေမျိုး မကြုံခဲ့ဖူးသေးသူများအတွက် တော့  လက်စားချေခြင်းကချိုမြိန် သည် ဟူသည်မှာ မှန်သလား၊ ခွင့် လွှတ်ခြင်းက မြတ်သည်ဆိုသည် က မှန်သလား ဆိုသည်ကိုစာတွေ့ ဖြင့်၊ စိတ်ကူးဖြင့်သာ ပြောဆိုနိုင် ကြပေလိမ့်မည်။  ကိုယ်တွေ့ခွဲခြား ဆုံးဖြတ်နိုင်ခြင်းတော့ ရှိနိုင်မည် မဟုတ်။ သို့သော် စာတွေ့ထဲတွင် ပင် စာရေးသူဖတ်ခဲ့ရဖူးသည့် စာအုပ်နှစ်အုပ်မှပေးသည့် အ ကြောင်းအရာနှစ်ခုကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။

မွန်တီခရစ္စတိုမြို့စားကြီးစာ အုပ်ကို ဖတ်ဖူးကြမည်ထင်ပါ သည်။ ထိုစာအုပ်တွင် အဓိက ဇာတ်ဆောင်ဖြစ်သော အက်ဒမွန် ဒန်တေသည် အလွန်ရိုးသားကြိုး စားသော သင်္ဘောအရာရှိကလေး ဖြစ်၏။ သူသည် ပြင်သစ်နိုင်ငံ မာဆေးမြို့ မော်ရယ်လ်သင်္ဘော ကုမ္ပဏီတွင် အလုပ်လုပ်ရင်း ကုမ္ပဏီပိုင်ဖာရွန်းသင်္ဘောဖြင့် ခရီးထွက်သွားရာမှ အပြန်လမ်း တွင် သင်္ဘောကပ္ပတိန်ဖြစ်သူ မစ္စတာလက်စလာ့စ် ကွယ်လွန် သွားခဲ့သည်။ ယာယီကပ္ပတိန်အ ဖြစ် သင်္ဘောကိုအုပ်ချုပ်ကာ ပြန် လာခဲ့ရသောဒန်တေသည်   ကပ္ပ တိန်၏ နောက်ဆုံး အမှာစကားအ တိုင်း အယ်လ်ဘာကျွန်းသို့ဝင် ရောက်ရပ်နားခဲ့သည်။ သူ၏ ကပ္ပတိန်ပေးခဲ့သောစာကိုမာရှယ် ဘာထရန်ထံသို့ ပေးအပ်ခဲ့သည်။ မာရှယ်ဘာထရန်က ပဲရစ်မြို့မှ  လူတစ်ဦးအားပေးရန် စာတစ် စောင်ကို သူ့အားပြန်ပေးလိုက် သည်။ သူက ထိုစာကိုယူကာ သင်္ဘောကိုရွက်လွှင့်၍ မာဆေး သို့ပြန်လာခဲ့သည်။ သူလုပ် ဆောင်ခဲ့သည်က ဤမျှပင်။ အပို အလိုမရှိ။ ကွယ်လွန်သွားသည့် ကပ္ပတိန်၏အမိန့်ကို လေးစား လိုက်နာဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်၏။

သို့သော် ထိုစာတစ်စောင် ကို သူယူလာခဲ့မိခြင်းက သူ့ဘ၀ ကို ခြေမွှဖျက်ဆီးမည့်ဒုက္ခဆင်းရဲ တို့၏ အစဖြစ်တော့သည်။ ဒန် တေ၏ ကပ္ပတိန်ရာထူးကိုလိုချင် သော သင်္ဘောစာရေးဒန်ဂလားစ်၊ ဒန်တေ၏ ချစ်သူမာဆေးဒေးစ် ကို ရယူပိုင်ဆိုင်လိုသော (မာဆေး ဒေးစ်၏ မောင်ဝမ်းကွဲ)၊ ဒန်တေ အား သတ်ပစ်ချင်လောက်အောင် အမုန်းအငြိုးသိုနေသော  စစ်ဗိုလ် ကလေး ဖာနန်မွန်ဒေဂိုတို့၏လက် ချက်ဖြင့် သူ့ဒုက္ခများကစတင်ခဲ့ သည်။ ဒန်ဂလားစ်က ဒန်တေ သည် ဘုရင့်ဂိုဏ်းကို ဆန့်ကျင်၍ ကျွန်းပြစ်ဒဏ်ကျနေသော နပိုလီ ယံထံမှ စာတစ်စောင်ကိုယူ ဆောင်လာခဲ့ကြောင်း နိုင်ငံတော် ဥပဒေချုပ်ထံသို့ တိုင်ကြားစာတစ် စောင်ကိုလက်ရေးဖျက်၍ ရေး သားသည်။ ထိုစာကို ဖာနန်မွန်ဒေ ဂိုကယူဆောင်သွားကာ ဘုရင့် ဂိုဏ်းသားများလက်ထဲသို့ ပေး အပ်လိုက်သည်။ နိုင်ငံတော်ဥပ ဒေချုပ်မရှိချိန်ဖြစ်၍ လက် ထောက်ဥပဒေအရာရှိ ဒီဗီလီဖို့တ် ထံသို့တိုင်ကြားစာက ရောက်ရှိ သွားခဲ့သည်။ ဒန်တေနှင့် မာဆေး ဒေးစ်တို့၏ မင်္ဂလာပွဲကျင်းပတော့ မည့်အချိန်တွင် ဘုရင့်ဂိုဏ်းသား များက ဒန်တေကို သူလျှိုမှုဖြင့်လာ ရောက်ဖမ်းဆီးသည်။ နပိုလီယံ၏ စာကို လက်ခံမည့်သူမှာ သူ၏ ဖခင်နွိုင်းတီးယား ဒီဗီလီဖို့တ်ဖြစ် နေကြောင်းသိရှိသွားသည့်အခါ ဘုရင့်ဂိုဏ်းအား ပုန်ကန်သည့် ကိစ္စတွင် သူ၏ဖခင်ပါဝင်ပတ် သက်နေမှုသည် သူ၏အနာဂတ် အတွက် ဆိုးကျိုးများဖြစ်လာစေ နိုင်သည်ကိုသိရှိသော ဥပဒေအ ရာရှိ  ဒီဗီလီဖို့တ်သည် ဒန်တေ အား ပြင်သစ်၏အဆိုးရွားဆုံး သော ရှက်တူးဒိဖ်ကျွန်းရဲတိုက်အ ကျဉ်းထောင်သို့ အရောက်ပို့ ဆောင်လိုက်တော့သည်။

နပိုလီယံသည် ပဲရစ်သို့ပြန် ရောက်လာခဲ့ပြီး အာဏာကို ပြန် လည်သိမ်းပိုက်ခဲ့သည့်အခါတွင် သင်္ဘောကုမ္ပဏီပိုင်ရှင် မော် ရယ်လ်က ဒန်တေပြန်လည်လွတ် မြောက်လာရေးအတွက် အပြင်း အထန်ကြိုးပမ်းသည်။  သို့သော် ဒီဗီလီဖို့တ်က သူ၏ သစ္စာဖောက် မှုပေါ်ပေါက်မည်စိုး၍ ဒန်တေ အား ရှက်တူးဒိဖ်ထောင်ထဲမှ ပြန် မထွက်ရစေရန် စီမံသည်။ ရက် တစ်ရာစစ်ပွဲ၏ နောက်ဆုံးတိုက်ပွဲ ဖြစ်သော ၀ါတာလူးတိုက်ပွဲတွင် နပိုလီယံအရေးနိမ့်ကာ လူဝီ (၁၈)က ပြန်လည်အာဏာရသည်။ နပိုလီယံကို ထောက်ခံခဲ့သော နိုင်ငံတော်ဥပဒေချုပ် ထောင် ဒဏ်ကျခံသွားရပြီးနောက် တွင် ဒီဗီလီဖို့တ်သည် ထိုရာထူးကို လက်ခံရရှိခဲ့သည်။ သူသည် သူ့ ဖခင်၏ နပိုလီယံအားထောက်ခံ သူအဖြစ်ကို တစ်သက်တာဖုံး ကွယ်ထားနိုင်ရန်နှင့် သူ့အနာဂတ် အတွက် ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်မလာစေရန်အတွက် ဒန်တေ အား ထောင်မှပြန်လည်လွတ် မြောက်မလာရစေရန်လုပ်ဆောင် ခဲ့သည်။  အကျဉ်းသားမှတ်တမ်း တွင် ဒန်တေသည်ဘုရင်အား ပုန် ကန်သည့် နပိုလီယံဂိုဏ်းသားဖြစ် သည်။ နပိုလီယံ ပြန်လာနိုင်ရန် ကူညီခဲ့သူ၊ ပြင်သစ်နိုင်ငံတော်အ တွက် အန္တရာယ်ကြီးသောသူဖြစ် သည်ဟု မှတ်ချက်ရေးထားခဲ့ သည်။  ဒန်တေ၏ လွတ်မြောက် ရေးအလင်းရောင်သည် မီးစာ ကုန်ဆီခန်းသွားခဲ့ပြီ။

ဒန်တေ၏ ဖခင်သည်သားအ တွက် နှလုံးကြေကွဲ ၀မ်းနည်းမှု ဒဏ်၊ ဆင်းရဲငတ်မွတ်မှုဒဏ်တို့ ဖြင့် အတိဒုက္ခကြီးစွာ သေဆုံးခဲ့ရ သည်။ မာဆေးဒေးစ်သည်လည်း မလွှဲမရှောင်သာ ဖာနန်မွန်ဒီဂိုကို လက်ထပ်လိုက်ရသည်။ ဒန်တေ ၏ ဘ၀တွင်အရာရာဆုံးရှုံးခဲ့ရပြီ။

x x x x x

ဒန်တေသည် ရှက်တူးဒိဖ် ထောင်တွင် အန္တရာယ်အကြီးမား ဆုံးအကျဉ်းသားများနှင့် ရူးသွပ် နေသူများကိုထားရှိသည့် မြေ အောက် တိုက်ခန်းအကျဉ်းခန်း တွင် နှစ်ပေါင်းများစွာတိုက်ပိတ်ခံ နေခဲ့ရသည်။ ထောင်ဖောက်ပြေး ရန်ကြံစည်သည့် အက်ဘီဖရိုင် ယာအမည်ရှိ အီတလီလူမျိုး (ကာ ဒီနယ်) အကျဉ်းသားကြီးတစ် ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ဖရိုင်ယာထံမှ  အင်္ဂလိပ်၊ စပိန်၊ ဂျာမန်၊ အီတလီဘာသာစကား များ၊ အသိပညာ၊ အတတ်ပညာ များကို သင်ယူခဲ့ရသည်။ ဖရိုင် ယာက သူ့အား တူလို၊ သားလိုချစ် ခင်ခဲ့သည်။ ရိုင်ယာ၏ ဆင်ခြင် တွေးဆပြောကြားချက်များအရ သူရှက်တူးဒိဖ်အကျဉ်းသားဖြစ်ခဲ့ရသည်မှာ မည်သူတို့၏လက် ချက်ဖြစ်ကြောင်း ဒန်တေကောင်း စွာသိရှိခဲ့ရသည်။ နာကြည်းခံပြင်း လှစွာဖြင့် ထိုသူတို့အား လက်စား ချေရန် ဒန်တေသစ္စာပြုခဲ့သည်။  

ဖရိုင်ယာမသေဆုံးမီတွင်ဒန် တေအား ရတနာမြေပုံတစ်ခုပေး၍အလွတ်မှတ်ခိုင်းသည်။ ဖရိုင် ယာ၏ ရုပ်အလောင်းထည့်သည့် အိတ်တွင် ဒန်တေက၀င်နေခဲ့ပြီး ပင်လယ်တွင်းသို့ ပစ်ချခံရကာ အလောင်းအိတ်ကိုခွဲ၍ လွတ် မြောက်ခဲ့သည်။ ရှက်တူးဒိဖ်မှဝေး ရာသို့ ရေကူးထွက်ပြေးစဉ်ယန်း အမ်မလီယာသင်္ဘောနှင့် တွေ့ ကာ ကယ်တင်ခြင်းခံရသည်။

ထို့နောက်တွင် ရတနာများ မြှုပ်နှံထားရာ မွန်တီခရစ္စတိုကျွန်း သို့ သူအရောက်သွားခဲ့သည်။  ရတနာများကို ရှာဖွေရရှိပြီး နောက် အီတလီနိုင်ငံဂျီနိုအာမြို့သို့သွားသည်။ ငွေများစွာသုံး၍ လော့ဒ်ဝီလ်မိုးအမည်ဖြင့် အင်္ဂ လိပ်လူမျိုး သူကောင်းတစ်ဦး၏ ဘ၀သစ်ကိုဖန်တီးသည်။ ထို့ နောက်တွင် သူ၏ဓနအင်အား နှင့် အင်္ဂလိပ်သူကောင်းဘွဲ့တို့ကို အသုံးချကာ ဘုန်းတော်ကြီးဘူဆိုနီအဖြစ်ဟန်ဆောင်ကာ  လက် စားချေရေးအစီအစဉ်ကို စတင်အ ကောင်အထည်ဖော်တော့သည်။ ကောင့်တ်မောဆက်ဟု အမည်ခံ ထားသော ဖာနန်မွန်ဒီဂိုသည် သူကာကွယ်စောင့်ရှောက်ပေးရ မည့် ဂျနီနာမင်းသား အလီတက် ဘီလင်အား ရန်သူများလက်သို့ အပ်ခဲ့သည့်အကြောင်း၊ အလီ တက်ဘီလင်အား ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး ယင်း၏သမီး တော် ဟေဒီမင်းသမီးအား ကျွန် အဖြစ်ရောင်းချခဲ့သည့် သစ္စာမဲ့မှု တို့ကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်ကာ အရှက်တကွဲဖြစ် စေသည်။ ဇနီးဖြစ်သူ မာဆေး ဒေးစ်နှင့် သားအဲလ်ဘတ်မော ဆက်တို့ကလည်း အရှက်ရကာ ဖာနန်အား စွန့်ခွာသွားခဲ့ကြသည်။ ဖာနန်တစ်ဖြစ်လဲ ကောင့်တ်မောဆက်သည် သူ၏ ဂုဏ်သိက္ခာ၊ သူ၏မိသားစုအရာရာကို ဆုံးရှုံးခဲ့ရပြီးနောက်တွင် သူ့အသက်ကိုပါ အဆုံးစီရင်သွားခဲ့တော့သည်။

ဒန်တေအား ရှက်တူးဒိဖ်အ ကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သော ဒီဗီလီဖို့တ်မှာမူ သူခိုး၊ လူလိမ်၊ လူသတ်သမား အင်ဒရီယာ၏ အမှုကိုစစ်ဆေးနေသည့် တရား ခွင်တွင် (နိုင်ငံတော်ဥပဒေအရာရှိ အဖြစ်) ထိုင်နေရင်း ထိုတရားခံမှာ သူ့သားအရင်းဖြစ်ကြောင်း ပေါ် ပေါက်ခဲ့သည်။ ထို့အပြင် သူ သည်ထိုသားကို မွေးသည့်နေ့ မှာပင် အသက်ရှင်လျက်မြေမြှုပ်ပစ်ခဲ့ကြောင်း၊ လူတစ်ယောက်က ရတနာထုပ်အထင်ဖြင့် ဖော်ယူ သွားရာမှ အသက်ရှင်ခဲ့ရကြောင်း ပေါ်ပေါက်ပြီးနောက် သူ့အား သားအရင်းမွေးကင်းစကလေးကို ရက်ရက်စက်စက်သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံရသည်။ ထောင်ထဲတွင် သွက်သွက်ခါ အောင်ရူးသွပ်သွားခဲ့သည့် သူ့ အား အရူးထောင်သို့ ပို့လိုက်ရ၏။ ဤကား ဒန်တေ၏ ဒုတိယမြောက် လက်စားချေခြင်း။

သင်္ဘောစာရေးဘ၀မှ ဘဏ် သူဌေးဖြစ်လာခဲ့သော ဘေရွန်ဒန် ဂလားစ်သည် နာရီပိုင်းအတွင်းမှာ ပင် (ဒန်တေ၏ အစီအမံဖြင့်) သူ ပိုင်ဆိုင်သမျှ ငွေကြေးအားလုံးနီး ပါးကိုဆုံးရှုံးသွားခဲ့ရသည်။ သူ့ တွင်အပ်နှံထားသည့် ဆေးရုံပိုင် ငွေ ဖရန့်ငါးသန်းကိုခိုးယူကာ အီတလီသို့ထွက်ပြေးသည်။ အီ တလီတွင်ထိုငွေများကို ဘဏ် တွင် အပ်နှံပြီးအပြန်လမ်းတွင် သူ ပြန်ပေးဆွဲခံရသည်။ အစာ ငတ်ရေငတ်အထားခံရပြီးနောက် အစားအစာတစ်နပ်စာကို ငွေ တစ်သန်းမျှပေး၍စားခဲ့ရသည်။ သူဘဏ်တွင်အပ်ထားခဲ့သော ငွေ ငါးသန်းမှ ငါးသောင်းသာကျန် တော့သောအချိန်တွင် သူသည် စိတ်ရောကိုယ်ပါ ချုံးချုံးကျသွား ခဲ့ပြီ။ သူ့ခေါင်းမှ ဆံပင်တို့သည် တစ်ချောင်းမကျန် ဖွေးဖွေးဖြူ သွားခဲ့ပြီ။

ဒန်တေသည် လက်စားချေ မည့် သန္နိဋ္ဌာန်အားပြီးပြည့်စုံ အောင် ဆောင်ရွက်နိုင်ခဲ့၏။ သို့ သော်သူချစ်သောသူများနှင့် ပျော် ရွှင်ချမ်းမြေ့စွာအတူတကွ ပြန် လည်နေထိုင်ခွင့်ကိုကား မရနိုင် ခဲ့ပါ။ သူ့ဖခင်သည် ဆင်းရဲဒုက္ခ များစွာဖြင့် သေလွန်ခဲ့ပါပြီ။ သူ အချစ်ရဆုံးသော မာဆေးဒေးစ် ကိုလည်း သူပြန်လည်ပိုင်ဆိုင်ခွင့် မရခဲ့တော့ပါ။ မာဆေးဒေးစ်နှင့် ဘ၀တစ်ခုကို အတူပြန်လည် တည်ဆောက်ချင်သည့် သူ့ဆန္ဒ သည် သူမ၏ ကောင်းကင်ဘုံကျ မှ ပြန်လည်ဆုံတွေ့ကြရအောင် ဟူသည့် အဖြေစကားတွင်ကြေ မွပျက်စီးသွားခဲ့ရလေသည်။

THE COUNT OF MONTECHRISTO သည် ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး အလက် ဇန်းဒါး ဒူးမား (Alexander Dumas)၏ ဂန္ထ၀င်လက်ရာတစ် ပုဒ်ဖြစ်ပါသည်။ ဤ၀တ္ထုကြီးကို ရှေးခေတ်မြန်မာစာရေး ဆရာကြီး ဂျိမ်းလှကျော်က ‘မောင်ရင်မောင်  မမယ်မ’ အမည်ဖြင့် မြန်မာမှုပြုခဲ့ သည်။ ဆရာကြီးရွှေဥဒေါင်းက လည်း ‘ရတနာသိုက်’ အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ အချို့သော ဝေဖန်ရေးဆရာတို့က မူ ထိုဝတ္ထုကြီးသည် သူရဲကောင်း သုံးယောက် ( The Three Musketeers) ထက်ပင် ပိုမိုသာလွန် သည် ဟုဆိုကြသည်။ ဤစာရေး သူအနေဖြင့်မူ ထိုဝတ္ထုကြီးများကို အဆင့်သတ်မှတ်ရန် မတတ်စွမ်း နိုင်ပါ။ ဤစာသည်  ဇာတ်ဆောင် အက်ဒမန်ဒန်တေ၏ လက်တုံ့ပြန်  လက်စားချေမှုတို့အကြောင်းကို သာ ထုတ်နုတ်တင်ပြခြင်းဖြစ်ပါ သည်။

လူငယ်လူရွယ်ဘ၀က ဤ စာအုပ်ကို ဖတ်ရသောအခါ ဒန် တေကို များစွာနှစ်ခြိုက်ခဲ့မိသည်။ ဒန်တေ၏လက်တုံ့ပြန်ရန် စနစ် တကျ အစီအမံ အဆောင်အရွက် ပြုမှု၊ လုံ့လစိုက်ထုတ်မှုတို့ကို အ လွန်သဘောကျခဲ့သည်။ ဟမ်မူ ရာဘီ၏ An eye for an eyeဆိုသည်လောက်တော့ အစွန်းမရောက်သော်ငြား ဖရန်စစ်ဘေကွန်၏  ‘လက်စားချေခြင်းဟူ သည်မှာ ကြမ်းတမ်းရိုင်းပျသော တရားမျှတမှု အသွင်သဏ္ဌာန် တစ်မျိုး’ ဆိုသည်ကို လက်ခံသည့် အဆင့်သို့ ရောက်ခဲ့ကြောင်းကို တော့ ၀န်ခံရပေမည်။

သော် မိတ်ဆွေတစ်ဦးထံမှ သည်စာအုပ်ကို ဖတ်ကြည့်စမ်းပါဟု ပေးလာသည့် စာအုပ် တစ်အုပ်ကို ဖတ်ရသည့်အခါတွင် တော့ စာရေးသူ၏စိတ်တွင် လက်စားချေခြင်းနှင့် ပတ်သက်၍ ဒွိဟဖြစ်ရတော့သည်။ စာအုပ်အ မည်က ‘ပါပီလွန်နှင့်ဗင်ကို (Papillon& Banco)’။  တကယ့် အဖြစ်အပျက်ကို ရေးသားထား သည့် စာအုပ်တစ်အုပ်။ ထိုစာ အုပ်ကို ဦးလှဝင်း(လေသူရဲတစ် ဦး)က မူရင်းအမည်ဖြင့်ပင် ဘာ သာပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံသား ပါပီလွန် သည် လူငယ်စိတ်ဖြင့် မြေ အောက်လောကတွင် ကျင်လည် ခဲ့သည်။ တစ်နေ့တွင် သူတို့မြေ အောက်လောကမှ ရဲသတင်းပေး တစ်ဦးဖြစ်သူ ရိုလင်းလီပီထက်ဆို သူအား သေနတ်ဖြင့်ပစ်မှုဖြင့် အ ဖမ်းခံရသည်။ လီပီထက်သည် ချက်ချင်းမသေခဲ့ဘဲ သူ့အား သေ နတ်ဖြင့်ပစ်ခဲ့သူမှာ ‘ပါပီလွန် ရော ဂျား’ ဟု ရဲကို သေတမ်းစစ်ချက် ပေးနိုင်ခဲ့သေးသည်။ ရဲတို့သည် ပါပီလွန်ရောဂျားကို ဖမ်းဆီးရန် လိုက်ရှာသည်။ ရှာမတွေ့သော အခါ ပါပီလွန်(ဟာရီပါပီလွန်)ကို ပါရီရဲအင်စပက်တာမေဇော့တ် က  အမှုဆင်ဖမ်းဆီးသည်။ သက် သေလိမ်ဂေါ့စတီးကို တရားရုံး ရှေ့သို့တင်ကာ ပါပီလွန်ကို လူ သတ်သမားဖြစ်ကြောင်း မမှန်မ ကန်ထွက်ဆိုစေသည်။ လီပီထက် သေနတ်အပစ်ခံရချိန်တွင် ပါပီ လွန် အရက်သောက်နေခဲ့သော အိုင်းရစ်ဘားဆိုင်ပိုင်ရှင်နှင့် ပါပီ လွန်အား စားပွဲထိုးပေးနေသော စားပွဲထိုး ကလေးတို့မှာလည်း ရဲ အရာရှိနှင့် ဥပဒေအရာရှိ (ဆွဲချ) ပရာဒဲလ်တို့၏ ဖိအားကိုကြောက် ရွံ့သဖြင့် မမှန်မကန်ထွက်ဆိုခဲ့ကြ သည်။  သို့နှင့်  ပါပီလွန်မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြင်သစ်ဂီယာနာသို့ပို့ခြင်းခံ ခဲ့ရသည်။

သူမကျူးလွန်ရသော ပြစ်မှု အတွက် မတရားပြစ်ဒဏ်ချမှတ် ခံရသည်ကို ပါပီလွန်က လွန်စွာ ခံပြင်းသည်။ တရားရုံးမှ အထွက် တွင်ပင် တရားသူကြီးအား ပြန် လှည့်ကြည့်ကာ ‘‘ကျုပ်ခင်ဗျားဆီ ကို မရောက်ရောက်အောင်ပြန် လာခဲ့မယ်၊ ခင်ဗျားရဲ့ မတရား မှုကို ပြန်စာရင်းရှင်းဦးမယ်’’ ဟု ပြောခဲ့သည်။ သူ့အား တစ်ကျွန်း သို့ မရောက် ရောက်အောင်ပို့ ခဲ့ကြသည့် ရဲအရာရှိမေဇော့တ်၊ သက်သေလိမ် ဂေါ့စတီး၊ ဆွဲချ ပရာဒဲလ်နှင့် တရားသူကြီး ဗီပင်န် တို့အား လက်တုံ့ပြန်လက်စားချေ ရန်အတွက် သူသန္နိဋ္ဌာန်ချခဲ့သည်။

ပါပီလွန်သည် ကျွန်းသို့ ရောက်သောအခါ ထောင်ဆေးရုံ သို့ အပို့ခံရရန် စီစဉ်ဖန်တီးသည်။ တစ်ကျွန်းသို့ရောက်ပြီး ၃၇ ရက် အကြာတွင်ပင် မာကျူးရပ်စ်နှင့် ကလိုဆေးအမည်ရှိ အကျဉ်းသား နှစ်ဦးနှင့်ပေါင်းကာ ထောင်မှ ထွက်ပြေးသည်။ သူတို့အား ထောင်မှ လှေဖြင့်ခေါ်ထုတ်ပေးခဲ့ သူ၏ အကြံပေးချက်အရ ခိုကျွန်း တွင် ခေတ္တခိုလှုံနေကြသည်။ ခို ကျွန်းဆိုသည်မှာ ကုဋ္ဌနူနာသည် များကို ထားသည့်ကျွန်းဖြစ်၏။ ထို့နောက် လှေတစ်စီးဝယ်၍ ပင် လယ်ပြင်ကို ဖြတ်ကြသည်။ ကမ်း မမြင်လမ်းမမြင်ပင်လယ်ကြီးထဲ တွင် မုန်တိုင်းဒဏ်ကိုခံရပြီး ၁၁ ရက်မြောက်နေ့တွင် ရေနံတင် သင်္ဘောတစ်စီးနှင့်တွေ့၍ သူတို့ ရွက်လှေကို ဆွဲယူသွားပေးကာ အင်္ဂလိပ်ပိုင်ထရီနီဒတ်ကျွန်းသို့ ပို့ထားခဲ့သည်။ လှေကို ပြင်ဆင် ပြီး နှစ်ပတ်အကြာတွင် ပင်လယ် ပြင်သို့ ပြန်လည်ထွက်ခွာခဲ့ရ သည်။ ထရီနီဒတ်မှ ဟွန်ဒူးရပ်စ် သို့ရွက်လွှင့်ခဲ့ရာလမ်းတွင် မုန် တိုင်းမိပြန်သည်။ ထိုမှ ကူရာကာ အူကျွန်းသို့ရောက်သည်။  ထိုမှကို လံဘီယာအပိုင် ရိုအာဂျီလာကျွန်း အရောက်တွင် အဖမ်းခံရကာ ရိုင်ရိုဟာချီ အကျဉ်းထောင်သို့ ရောက်သွားသည်။ ထိုမှအန်တို နီယိုအမည်ရှိ အကျဉ်းသားတစ် ဦးနှင့်အတူ ထောင်ဖောက်၍ ထွက်ပြေးပြန်သည်။

ရိုင်ရိုဟာချီမှ ထွက်ပြေးပြီး နောက် အင်ဒီးယန်းလူရိုင်းတို့၏ ရွာသို့ရောက်သွားသည်။ ထိုရွာက ပုလဲငုပ်သည့်ရွာဖြစ်၏။ ထိုရွာ တွင် ခုနစ်လမျှနေပြီးနောက် ရွာမှ ထွက်ကာ စင်တာမာတာ မြို့သို့ အရောက်တွင် ထောင်ပြေးအဖြစ် ဖြင့် ပြန်လည်အဖမ်းခံရပြန်သည်။ ထိုမှတစ်ဖန် ဗာလင်လီကွီအကျဉ်း ထောင်သို့ ပြောင်းပို့ခံရသည်။ ထောင်အုတ်နံရံကိုကျော်၍ ခုန်ချ ထွက်ပြေးရာတွင် ခြေဖ၀ါးရိုး နှစ်ဖက်လုံး သွင်သွင်ကျိုးသွားပြီး ပြန်အဖမ်းခံရသည်။ ခြေထောက် ဒဏ်ရာက အလွန်ဆိုးရွားသည်။  ဒဏ်ရာသက်သာသော် ထောင်နံ ရံကို ဒိုင်းနမိုက်ဖြင့်ခွဲ၍ ထွက်ပြေး ရန်ကြံပြန်သည်။ အုတ်နံရံအက် ကွဲသွားသော်လည်းအက်ကြောင်း က လူတစ်ကိုယ်စာထွက်၍မရ။ သို့နှင့် သူမူလကထွက်ပြေးခဲ့ သော ပြင်သစ်ဂီယာနာကျွန်းသို့ တစ်ခေါက်ပြန်လည်ပို့ဆောင် ခြင်းကို ခံရပြန်တော့သည်။

ကျွန်းသို့ ပြန်ရောက်ပြီး နောက် ပါပီလွန်အားခုံရုံးဖွဲ့၍ စစ်ဆေးကြသည်။ သူ့အား ၂ နှစ် အလုံတိုက်ပိတ် ပြစ်ဒဏ်ချမှတ်၍ စိန့်ဂျိုးဇက်ကျွန်းသို့ ပို့ခဲ့ကြသည်။ လူသားစားထောင် (သို့မဟုတ်) ပြန်လမ်းမဲ့ထောင်ဟု အမည်ပေး ခံရသည့် စိန့်ဂျိုးဇက်ကျွန်းပေါ်မှ ခြေလှမ်းငါးလှမ်းစာမျှသာ ကျယ် သော အလုံပိတ်ခန်းထဲတွင် သူ့ အား ထည့်ပိတ်လိုက်ကြသည်။ အလင်းရောင် မှုန်မွှားမွှားသာရှိ သောအလုံခန်းထဲတွင် ၂ နှစ်တိ တိ၊ နာရီပေါင်း တစ်သောင်းခုနစ် ထောင်ငါးရာ့နှစ်ဆယ်တိတိ။

ထိုပြစ်ဒဏ်စေ့သော် ထောင် အာဏာပိုင်တို့က ပါပီလွန်အား လွယ်ရယ်ကျွန်းအကျဉ်းထောင်  သို့ပို့ခဲ့သည်။ ထိုကျွန်းတွင် ငါးလ မျှနေရစဉ်အတွင်း အုန်းသီး ခြောက်များကို တိတ်တဆိတ်စု ဆောင်းကာအိတ်တွင်ထည့်ချုပ် ၍ ဖောင်လုပ်သည်။ သစ္စာဖောက် သူရှိ၍ ထွက်ပြေးမည့်အကြံပျက် သွားသည်။ သစ္စာဖောက် ဆီလီ ယာကို သတ်မှုဖြင့် နောက်ထပ် ထောင်ဒဏ်ရှစ်နှစ်ကျသည်။ အ လုံပိတ်ထောင်သို့ ဒုတိယမ္ပိပြန် ရောက်ရပြန်ပြီ။

အလုံပိတ်အကျဉ်းထောင် တွင် ၁၈ လမျှနေရပြီးသော် ကံ ကြမ္မာက တစ်ဆစ်ချိုးပြန်ခဲ့သည်။ အာဏာပိုင်များက အကျဉ်းသား များအား ကျန်းမာရေးအတွက် နေ့စဉ်တစ်နာရီမျှ နေရောင် အောက်သို့ထွက်ပြီး လမ်း လျှောက်ခွင့်ပေးသည်။ ထောင် နှင့် ရေဆိပ်အနီးတွင်လမ်း လျှောက်ရသည်။ ရေဆင်းကူး ခွင့်ရသည်။ သို့သော် ထိုရေဆိပ် ၏ အပြင်ပင်လယ်ဘက်သို့ထွက် ၍မရ။ ငါးမန်းများ အလွန်ပေါ သည်။  လမ်းလျှောက်ခွင့် အခွင့် အရေးကိုရပြီး တစ်လအကြာတွင် ရေဆိပ်၌ ကလေးတစ်ယောက်ရေ နစ်သည်ကို သူအသက်စွန့်ကယ် တင်ခဲ့သည်။ အကြောင်းလှချင် တော့ ထိုကလေးမှာ ထောင်ပိုင် ကြီး၏ သမီးဖြစ်နေသည်။ ငါးမန်း တို့၏ အန္တရာယ်ကြားမှ  ထောင် ပိုင်ကြီး၏သမီးကို အသက်စွန့် ကယ်တင်ခဲ့သဖြင့် ရှစ်နှစ်အလုံ ပိတ်ထောင်ဒဏ်ကို ၁၉ လသာ ကျခံခဲ့ရပြီး လွယ်ရယ်ကျွန်းသို့ ပြန်ရောက်ခဲ့ရသည်။

လွယ်ရယ်ကျွန်းထောင်သို့ ပြန်ရောက်ပြီးမကြာမီ ထောင်ပုန် ကန်မှုကြီးပေါ်ခဲ့သည်။ သည့် နောက်တွင် ပါပီလွန်က ရူးချင် ယောင်ဆောင်ကာ အရူးဆေးရုံသို့ တက်ခွင့်ရရန်ကြံစည်သည်။ ထို မှသည် ထောင်ဆရာဝန်နှင့်ခင် မင်မှုရအောင်လုပ်ကာ သရဲကျွန်း သို့ ပြောင်းခွင့်ရအောင်လုပ်သည်။ ထို့နောက်တွင် သရဲကျွန်းမှတစ်ဖန် ပင်လယ်ပြင်ကိုဖြတ်ကာ ထွက် ပြေးပြန်သည်။ လမ်းတွင်ကျွန်း တစ်ခု၌ ခေတ္တနား၍ ပင်လယ် ပြင်ကို ပြန်ထွက်သည်။ ထိုအချိန် တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေ လေပြီ။ နောက်ဆုံးတွင်ကား ပါပီ လွန်သည် သူတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရရာ ပြင်သစ် ဂီယာနာမှ လွတ်မြောက်၍ အင်္ဂလိပ်ဂီယာနာ၏ မြို့တော် ဂျော့ခ်ျတောင်းသို့ ရောက်ခဲ့ရလေ တော့သည်။

x x x x x

ပါပီလွန်သည် ပြင်သစ်ဂီ ယာနာကျွန်းတွင် နှစ်ကြိမ်နှစ်ပြန် ထောင်ဒဏ်ကျ၍ နှစ်ကြိမ်နှစ်ခါ ထွက်ပြေးလွတ်မြောက်ခဲ့သည်။  ကမ်းလမ်းမမြင်ရသော၊ မိုးသက် မုန်တိုင်းတို့ ထန်ပြင်းလှသော သမုဒ်ပင်လယ်ပြင်ကြီးကို လှေ ငယ်တစ်စီးနှင့် သက်စွန့်ကြိုးပမ်း ထွက်ပြေးသည့် ရည်ရွယ်ချက် ကား တစ်သက်တစ်ကျွန်းပြစ် ဒဏ်မှ လွတ်မြောက်လိုခြင်းသက် သက်မဟုတ်။  သူ့ဘ၀ကို အသစ် တစ်ဖန် ပြန်လည်တည်ဆောက် ရေး၊ ဘ၀သစ်တွင် ကြီးပွားချမ်းသာနေနိုင်ရေးအတွက်မဟုတ်။ သူ့ရင်ထဲတွင် ညီးညီးလောင် နေသော မီးတောက်မီးလျှံတို့ကို ငြှိမ်းသတ်ရန်ဖြစ်သည်။ ထိုမီး တောက်မီးလျှံတို့သည်ကား သူ့ အား မတော်မတရားပြုကာ တစ် သက်တစ်ကျွန်းပြစ်ဒဏ်ခံရစေခဲ့ သော ရဲအရာရှိ၊ သက်သေလိမ်၊ ဆွဲချရှေ့နေနှင့် တရားသူကြီးတို့ အား လက်စားချေလက်တုံ့ပြန်  ရေးပင်။

သူသည် ဂျော့ခ်ျတောင်းတွင် နေထိုင်ရင်းမှ မိတ်ဆွေအချို့နှင့် စားသောက်ဆိုင်တစ်ခုဖွင့်သည်။ အစပိုင်းတွင် အဆင်ပြေသော် လည်း အမေရိကန်သင်္ဘောသား များနှင့် ရန်ပွဲဖြစ်ပြီးနောက်တွင် ဆိုင်တွင် မကြာခဏရန်ပွဲများ ဖြစ်၍ အရောင်းအ၀ယ်ပျက်လာ ကာ ပြန်ရောင်းလိုက်ရသည်။ ဘော်ဆိုက်သတ္တုတွင်းများသို့ သွားကာ ညကလပ်ဖွင့် ပြန်သည်။ အစတွင် လုပ်ကိုင်စီးပွားကောင်း သော်လည်း ပြဿနာများမကြာ ခဏဖြစ်၍ ပိတ်လိုက်ရပြန်သည်။ ဂျော့ခ်ျတောင်းတွင် အဆင်မပြေ တော့သဖြင့် ထိုမှလှေတစ်စီးဖြင့် ပင်လယ်ပြင်သို့ဖြတ်ကာ ဟွန်ဒူး ရပ်စ်သို့သွားသည်။ လမ်းတွင် မုန် တိုင်းမိ၍ ဟွန်ဒူးရပ်စ်သို့ မရောက် ဘဲ ဗင်နီဇွဲလားပိုင်အာရာပါရွာသို့ ရောက်သွားသည်။

ထိုနေရာတွင် ချထားသော ရေမြှုပ်မိုင်းများကို ဗော်ယာထင်၍ လှေကို ကြိုးချည်ဆိုက်နေမိခဲ့သေးသည်။ ကံကြီးလွန်း၍ ရေမြှုပ်မိုင်းမကွဲခဲ့။ ထိုရွာတွင် ဗင်နီဇွဲလားရဲတို့က သူ့အားဖမ်းကာ ဂူရီမြို့အချုပ်ခန်းသို့ပို့သည်။ ထိုမှတစ်ဆင့် အယ်ဒိုရာဒို  အကျဉ်းစခန်းသို့ရောက်သွားသည်။ ထိုအကျဉ်းစခန်းတွင် အဖမ်းခံနေရရာမှ ထောင်ဖောက်၍ ပြေးရန်ကြံစည်ဆဲတွင် ဗင်နီဇွဲလား၌ အာဏာသိမ်းမှုဖြစ်ပွားသည်။  

ဗင်နီဇွဲလားတွင် ဗိုလ်ချုပ်မီဒီ နာအစိုးရပြုတ်ကျ၍   အစိုးရသစ် တက်လာသည့်အခါ ပါပီလွန် လည်းထောင်မှ ပြန်လွတ်လာခဲ့ သည်။ သူ့စိတ်တွင် အနာတရတို့ က အထပ်ထပ်။ ရဲအရာရှိ မေ ဇော့တ် သက်သေလိမ်ဂေါ့စတီး၊ ဆွဲချရှေ့နေပရာဒဲလ်နှင့် တရား သူကြီးဗီပင်န်တို့၏ မျက်နှာများကို မြင်ယောင်ကာ ဒေါသတို့ဖြင့် ည အိပ်ရာဝင်သည်။ ထိုဒေါသတို့ ဖြင့် မနက်ခင်းကို နိုးထသည်။ သူ၏ ၀င်သက်ထွက်သက်တိုင်း သည် ထိုသူတို့အား လက်စားချေ လိုစိတ်တို့ဖြင့် အငွေ့ခြောင်း ခြောင်းထနေသည်။

  အယ်ဒိုရာဒိုတွင်ပင်နေထိုင်၍ ရွှေမိုင်းတွင်အလုပ်လုပ်သည်။ ထိုမှ ကာလကတ်မြို့တော်သို့ ပြောင်းသည်။ ငွေအလုံးအရင်း ရရန် စိန်ရွှေလက်ဝတ်ရတနာ အပေါင်ဆိုင်ကို ဖောက်သည်။ အ ဖမ်းခံရသည်။ ပြန်လွတ်လာသော် မာလကာဗိုးမြို့သို့ ပြောင်းသည်။ ရေနံကုမ္ပဏီတစ်ခု၏ ဘူမိဗေဒ လေ့လာရေးအဖွဲ့တွင် ကြီးကြပ် ရေးမှူး ၀င်လုပ်ရင်းငွေစုသည်။  ထိုမြို့၌ ဗီလာခရစ်ဟိုတယ်တွင် တည်းကာ အလုပ်လုပ်နေရင်း ဟိုတယ်ပိုင်ရှင် ‘ရီတာ’ဆိုသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျ သည်။ သူမနှင့် အိမ်ထောင်ကျ ခြင်းသည် ပါပီလွန်၏ ဘ၀တွင် ကြီးစွာသော ပြောင်းလဲခြင်း၏ အစဖြစ်တော့သည်။

ပါပီလွန်နှင့် ရီတာအိမ် ထောင်ကျပြီး သုံးလအကြာတွင် ပါပီလွန် အလုပ်လုပ်နေသည့် ရစ်မောက်ရေနံကုမ္ပဏီ၏ မီးခံ သေတ္တာဖောက်ထွင်းခံရသည်။ နောက်ကြောင်းမရှင်းသည့် ပါပီ လွန်မှာ အဖမ်းခံရကာအကျဉ်း ထောင်တွင်းသို့ ရောက်သွားရပြန် သည်။ ပါပီလွန်သည် တစ်သက် တစ်ကျွန်းမှ ထွက်ပြေးလာသည့် အကျဉ်းသားဖြစ်ကြောင်း ရီတာ သိသွားသည်။ ထိုဖြစ်ရပ်ကရီတာ အား အလွန်စိတ်ထိခိုက်စေခဲ့ကာ ရူးမတတ်ဖြစ်စေခဲ့သည်။ သူမကို ပါပီလွန်က လိမ်လည်လှည့်ဖြားခဲ့ သည်ဟု ရီတာက ၀မ်းပန်းတနည်း ပြောခဲ့သည်။

ပါပီလွန်သည် မိန်းမအတွေ့ အကြုံမရှိသူမဟုတ်။ တစ်သက် တစ်ကျွန်းမကျမီကပင် အိမ် ထောင်သည်ဖြစ်၏။ သူ့ဇနီးအ မည်မှာ နီနန်တီး။  ပြင်သစ်ဂီယာ နာကျွန်းမှ ပထမအကြိမ်ထွက်ပြေး ရာတွင်လည်း အင်ဒီးယန်းကျေး ရွာမှ လာလီနှင့် ဇိုလာမားညီအစ်မ တို့နှင့် အိမ်ထောင်ကျခဲ့သည် ။ ဒုတိယအကြိမ်ထောင်မှ ထွက် ပြေး၍ ဗင်နီဇွဲလားသို့ရောက်ပြီး အယ်ဒိုရာဒိုတွင် နေခဲ့စဉ်ကလည်း မာရီယာအမည်ရှိ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျခဲ့သေး သည်။ ထိုမိန်းမများအပေါ်တွင် အနည်းနှင့်အများ သံယောဇဉ်ရှိခဲ့ သော်လည်းသူ၏ ပြင်သစ်သို့ ပြန်၍ ရန်သူတော်များအား လက် စားချေရေး သန္နိဋ္ဌာန်အတွက် ၎င်း တို့အား သူစွန့်ထားနိုင်ခဲ့သည်။

ယခုရီတာနှင့်မူထိုသို့မဟုတ် တော့။ ရီတာနှင့် အတူတည် ဆောက်ထားသည့် ငြိမ်းချမ်းသော ဘ၀ကလေးကို သူမစွန့်ခွာနိုင် တော့။ အတိတ်နှင့် ဆန့်ကျင် ဘက် အနာဂတ်နေ့ရက်များကို သာ တည်ဆောက်တော့မည်ဟု ရီတာအား သူပြောပြသည်။ သူမ အား ချစ်ခင်သည့်စိတ်ဖြင့် သူ့ ရန်သူများကို လက်စားချေမည်ဟူ သည့်သန္နိဋ္ဌာန်ကိုပင် စွန့်ပစ် တော့မည်ဟု သူကတိပြုသည်။ ‘‘ငါ့ကို တစ်ကျွန်းရောက်အောင် မတရားလုပ်တဲ့ ဆွဲချ၊ ရှေ့နေ၊ ငါ့ကို အမှုဆင်ဖမ်းပြီး တရားရုံးပို့ ခဲ့တဲ့ရဲ၊ လိမ်ပြီးသက်သေထွက်ခဲ့ တဲ့သူတွေကို သူတို့အိပ်ရာတွေ ပေါ်မှာ  အေးအေးဆေးဆေးမသေ စေရဘူး၊ ငါ့လက်နဲ့သတ်ပြီးမှသေ စေရမယ်လို့ အမြဲဆုံးဖြတ်ထားခဲ့ တာ။ ခုတော့မင်းကိုချစ်တဲ့အ တွက် သူတို့အိပ်ရာတွေပေါ်မှာ အေးအေးဆေးဆေး သေကြပါ စေတော့။ အတိတ်ကပါပီလွန် ဟာ သေသွားပြီ။ အခုမင်းရှေ့မှာရှိနေတဲ့ပါပီလွန်ဟာ အသစ်မွေး ဖွားလာတဲ့ ပါပီလွန်ပါ’’ ဟု ရီတာ အား သူကတိစကားဆိုခဲ့သည်။

ရီတာကလည်း ပါပီလွန်အ တွက် ဇနီးကောင်းဖြစ်ခဲ့သည်။ ပြင်သစ်သို့သွား၍ ပါပီလွန်၏အ ဖေကိုသွားရှာပေးခဲ့သည်။  သူမ မရောက်မီလေးလအလွန်က ပါပီ လွန်၏ ဖခင်သေဆုံးသွားခဲ့ပြီဆို သည်ကို ပြန်ပြောပြသည့်အခါ ပါ ပီလွန်မှာ အလွန်ကြေကွဲဝမ်းနည်း သည်။ သူ့ဖခင်ကို နောက်ထပ် တစ်ကြိမ်မျှ ပြန်လည်တွေ့ခွင့်မ ရခဲ့သည့်အတွက် သူ့ကြိုးစား ဖျောက်ဖျက်ခဲ့ရသည့် အမုန်း တရားတို့က ပြန်ပေါ်လာသည်။ ပြင်သစ်သို့ပြန်ကာ သူ့ရန်သူများ ကို လက်စားချေမည့်အကြံအစည် ကို ပြန်၍ကြံစည်ပြန်သည်။ ရဲအ ရာရှိမေဇော့တ်ရှိနေမည့် ရဲစခန်း အတွင်းသို့ ယမ်းဘီလူးများတင် ထားသည့် ထရပ်ကားဖြင့်ဝင် တိုက်ကာသတ်ဖြတ်မည်။ ဆွဲချ ရှေ့နေပရာဒဲလ်ကိုဖမ်း၍ ညှဉ်းဆဲ နှိပ်စက်ပြီးသတ်မည်။ သက်သေ လိမ်ဂေါ့စတီးကို နောက်ဆုံးမှ သတ်မည်စသည်ဖြင့် အစီအစဉ် လုပ်သည်။ သို့သော် ရီတာက လက်မခံ။ ပါပီလွန်၏ ဖခင်သာ အသက်ရှင်နေပါသေးလျှင် သား ဖြစ်သူ၏ လက်စားချေမည့်အကြံ အစည်တို့ကို သဘောတူပါမည် လား ဟုမေးသည်။ ပါပီလွန်မဖြေ နိုင်။ ထိုအခါတွင်မှ ရီတာက ပါပီ လွန်အားပြောသည်။

‘‘ရှင် သူတို့ကို ကလဲ့စားချေ ချင်ရင် ကျွန်မတို့အိမ်ထောင်၊ ကျွန်မတို့ရဲ့မိသားစုဘ၀ဟာ ဒီ ပတ်ဝန်းကျင်မှာ စံပြဖြစ်နေ အောင်လုပ်ရမယ်။ ကျွန်မတို့စီး ပွားရေးကို ဒီထက်တိုးတက် အောင်လုပ်ရမယ်။ လူတိုင်းက ရှင့်ကို ဒီပြင်သစ်ဟာ လူကောင်း၊ လူဖြောင့်၊ သူ့စကားဟာ သူ့အရိုး လိုပဲ မြဲတဲ့သူ၊ တည်ကြည်တဲ့လူ ဆိုတာမျိုးဖြစ်အောင် နေပြရ မယ်။ ဒီလိုသာနေနိုင်ရင် ရှင်သူ တို့ကို ကလဲ့စားချေပြီးသားဖြစ်ပြီ။ သူတို့ဟာ ရှင့်ကိုတစ်ကျွန်းကိုမတ ရားပို့ခဲ့တယ်ဆိုတာပေါ်လွင်ပြီ။ ရှင်မှန်တယ်၊ သူတို့မှားတယ်ဆို တာ မပြောဘဲနဲ့အားလုံးသိအောင် ပြထားသလိုဖြစ်ပြီ။ အဲဒီထက် ကောင်းတဲ့ ကလဲ့စားချေတာ ဘာ ရှိသေးလဲ’’။

ပါပီလွန်သည် ရီတာ၏ စကားအတိုင်းနေပြခဲ့သည်။ သူ သည် ရီတာပြောသည့်အတိုင်း လူကောင်း၊ လူဖြောင့်၊လူမှန်ဆို သည်ကို သက်သေပြခဲ့သည်။ သို့ နှင့် လွတ်လပ်သော ဗင်နီဇွဲလား နိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ရခဲ့ သည်။ အဖနိုင်ငံဖြစ်သောပြင်သစ် နိုင်ငံသို့ ပြန်လည်သွားရောက်ခွင့် ရခဲ့သည်။ သူ့ဖခင်၏မြေပုံကို ဂါရ၀ပြုခွင့်ရခဲ့သည်။ အကောင်း ဆုံးမှာကား ပျော်ရွှင်သော၊ ချမ်း မြေ့သော မိသားစုတစ်ခုကိုပိုင် ဆိုင်ခွင့်ရခဲ့ခြင်းပင်။

ပါရီတွင် ရှစ်ရက်မျှနေထိုင် ခဲ့စဉ်တွင် သူ့ဘ၀၏ ဒုက္ခဆင်း ရဲများအစပြုရာဖြစ်သော မွန်မာ ဒရီရပ်ကွက်သို့ ရှစ်ကြိမ်ရှစ် ခေါက် ပြန်လည်သွားရောက်ခဲ့ သည်။ ထိုအချိန်တိုင်းတွင် လုံးဝ အပြစ်ကင်းသော လူကြီးလူ ကောင်းတစ်ယောက်အဖြစ် ထို ရပ်ကွက်ထဲသို့ ရင်ကော့ခေါင်း မော့၍ ပြန်ဝင်ခဲ့ရခြင်းကို သူအ လွန်ကျေနပ်ပီတိဖြစ်ခဲ့သည်။ ထို အချိန်များတွင် သူ့ရင်ထဲတွင် သူ့ ကိုယ်သူ ပြောနေခဲ့သည့်စကား သည်ကား ‘‘နောက်ဆုံးမှာ အနိုင်ရသူက မင်းပါပဲ ပါပီ၊ မင်းကိုမတ ရားလုပ်ခဲ့သူတွေက အနိုင်ရသူတွေမဟုတ်ကြပါဘူး။ ဘ၀ကို စိုးပိုင်သူဟာမင်း၊ အပျော်ရွှင်ရဆုံး သူဟာလည်းမင်းပါပဲ’’ ဟူ၍ဖြစ်သည်။

ဤသည်မှာ ကျွန်တော်ဖတ် ခဲ့ရဖူးသည့် စာအုပ်နှစ်အုပ်မှ ဇာတ်ဆောင် ဇာတ်ကောင်နှစ် ဦး၏ အကြောင်းများ ဖြစ်ပါသည်။ ဒန်တေနှင့် ပါပီလွန်တို့သည် မတရားပြစ်ဒဏ်စီရင်ခံခဲ့ရသည်။ နာကြည်းမှုများစွာကို စားသုံးရှင် သန်ကာ ရန်သူတို့အားလက်စား ချေရေးအတွက် အားထုတ်ခဲ့ကြ သည်။ ဒန်တေကတော့ လက်စား ချေခဲ့သည်။ ပါပီလွန်က ခွင့်လွှတ် ခဲ့လိုက်သည်။  ထိုသူတို့ အပြင် လောကတွင် တကယ်ရှိသည်၊မရှိ သည်ကိုထား၍ (ဒန်တေ တကယ် ရှိ၊ မရှိ ကျွန်တော်မသိပါ) သူတို့ နေရာတွင် ကျွန်တော်တို့သာ ဖြစ် ခဲ့သော် မည်သို့ဖြစ်မည်နည်း။  လက်စားချေခြင်းသည် ပျားရည် ကဲ့သို့ချိုမြိန်၏ ဆိုသည့်စကား အတိုင်းကျင့်မည်လော။ ခွင့်လွှတ် ခြင်းသည် အချိုမြိန်ဆုံးသောလက် စားချေမှုဟု နှလုံးသွင်းမည်လော။  အကောင်းဆုံး လက်စားချေပြခဲ့ သူသည် ဒန်တေလော။ ပါပီလွန် လော။

မြန်မာနိုင်ငံတွင် အာဏာ ရှင်အဆက်ဆက်တို့ လက် အောက်တွင် တရားဥပဒေစိုးမိုးမှု သည် ယိုယွင်းပျက်ပြားခဲ့ရသည် ဆိုသည်ကို အားလုံးအသိပင်ဖြစ် ပါသည်။ ထိုခေတ်အဆက်ဆက် တွင် ဒန်ဂလားစ်များစွာ၊ ဖာနန်မွန် ဒေဂို များစွာ၊ ဒီဗီလီဖို့တ်များစွာ ရှိခဲ့သည်။ မေဇော့တ်များစွာ၊ ဂေါ့ စတီးများစွာ၊ ပရာဒဲလ်များစွာ၊ ဗီ ပင်န်များစွာရှိခဲ့သည်။ သို့ဖြစ်၍ ဒန်တေတို့များစွာရှိခဲ့ရသည်။ ပါပီ လွန်တို့များစွာရှိခဲ့ရပြီ။

ကျွန်တော်တို့ ဘာလုပ်ကြ မည်နည်း။ အချိုမြိန်ဆုံးသော လက်စားချေမှုဖြစ်သည်ဆိုသည့် ခွင့်လွှတ်ခြင်းကို ရွေးချယ်မည် လော၊ အာခီလိစ်၏ ပျားရည် ထက်ချိုမြိန်သော အရာကိုရွေး မည်လော။ အပြောလွယ်သ လောက် အကျင့်အလုပ်ခက်လှ မည်ဖြစ်သော်ငြား  ကျွန်တော် တို့ကြိုတင်စဉ်းစား ပြင်ဆင်ထား သင့်ကြပေသည်။ ထို့ထက်ပို၍မူ ဒန်တေအား ရှက်တူးဒိဖ်သို့၊ ပါပီ လွန်အား ပြင်သစ်ဂီယာနာတစ် ကျွန်းသို့ ပို့ဆောင်ခဲ့သည့် အဓိက အကြောင်းရင်း တရားခံ၏မျက် နှာကို ရှာဖွေတွေ့မြင်ကြရန်၊ ထို အကြောင်းရင်းတရားခံအား ဖယ် ရှင်းနိုင်ရန်မှာကား ဒန်တေများ၊ ပါပီလွန်များ နောက်ထပ်မပေါ် ပေါက်လာရစေရေးအတွက် အ ရေးအကြီးဆုံးပင် ဖြစ်မည်ထင်ပါ သည်။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

Top News