နှစ် ၁၈၀ ကျော် သက်တမ်းရှိ ကျွန်းခုတင်နှင့် ကျွန်းသေတ္တာကို ထိန်းသိမ်းရန် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ကနည်းပညာကူညီ

ရှေးဟောင်းကျွန်းခုတင်ကို ပြုပြင်ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ - ထက်သာဦး)

 နှစ် ၁၈၀ ကျော် သက် တမ်းရှိပြီဖြစ်သည့် ရှေးဟောင်း ကျွန်းခုတင်နှင့် ကျွန်းသေတ္တာ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ရှေးဟောင်းအမွေအ နှစ်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WMF) မှ သစ်သားပညာရှင်များ က နည်းပညာများကူညီပေးနေ ကြောင်း ကျွန်းခုတင်နှင့် ကျွန်း သေတ္တာပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။


ယင်းအဖွဲ့မှ ပညာရှင်များ သည် ပြီးခဲ့သည့် ဖေဖော်ဝါရီက ရှေးဟောင်း ကျွန်းခုတင်နှင့် ကျွန်း သေတ္တာကို လာရောက်လေ့လာ ပြီးနောက် ယင်းပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး နည်းပညာများ ရေးသားထားသော စာအုပ်ကို ပေးအပ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။

‘‘WMF အနေနဲ့ ပုဂ္ဂလိကပိုင် ရှင်တစ်ယောက်ကို ဒီလိုကူညီတာ ပထမဆုံးလို့ သိရပါတယ်။ ဒီစာ အုပ်က လက်ရှိမှာတော့ အင်္ဂလိပ် ဘာသာနဲ့ ရေးသားထားတာဖြစ် ပြီး မြန်မာဘာသာနဲ့ ပြန်ဆိုသွား မယ်။ ပြီးရင် ရှေးဟောင်းအမွေအ နှစ်တွေ ထိန်းသိမ်းစောင့်ရှောက် နေတဲ့ စိတ်ဝင်စားတဲ့သူတွေကို ဝေငှပေးသွားမယ်’’ဟု ၎င်းက ဆို သည်။

ယင်းကျွန်းခုတင်နှင့် ကျွန်း သေတ္တာသည် မင်းတုန်းမင်း၏ ငယ်ဆရာ ပခန်းမင်းကြီး ဦးရန်ဝေးအသုံးပြုခဲ့သော ပစ္စည်းများဖြစ်ပြီး နှစ် ၁၈၀ ခန့် သက်တမ်းရှိပြီဟု ဆိုသည်။ ယခင်က မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ပခန်း ကြီးဒေသတွင် ထားရှိကာ မျိုး ဆက် ခြောက်ဆက်တိုင်ထိန်း သိမ်းစောင့်ရှောက်ခဲ့ပြီး ၂၀၁၅ တွင် မန္တလေးမြို့သို့ ရွှေ့ပြောင်း သယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။

‘‘ခုတင်နဲ့ သေတ္တာက ကောင်းမွန်တဲ့ စိုထိုင်းစနဲ့ နေရောင်ခြည်အောက်မှာ ထိန်းသိမ်းထား တဲ့အတွက် ကောင်းတဲ့အနေအ ထားမှာရှိနေပါတယ်။ အခုက တော့ တချို့အပိုင်းတွေကို ဆေး နဲ့ သန့်ရှင်းရေးလုပ်နေတာပါ။ နောက်ပိုင်းမှာ ပုံမှန်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုပါ တယ်’’ဟု WMF အဖွဲ့၏ သစ်သား ပညာရှင် အီတလီနိုင်ငံသူ မစ္စ အာစလာက ပြောသည်။

ကမ္ဘာ့ရှေးဟောင်းအမွေအ နှစ် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WMF) သည် မန္တလေးမြို့ရှိ ကုန်း ဘောင်ခေတ် အဆောက်အအုံ တစ်ခုဖြစ်သော ရွှေနန်းတော် ကျောင်းပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းများကို ကူညီနေသည်။

Top News