ခိုတက်ဖမ်းသော တတိယတန်းကျောင်းသား မျက်နှာကြက်ပေါ်မှ ပြုတ်ကျသေဆုံး

စာသင်ကျောင်းမျက် နှာကြက်ထပ်ခိုးပေါ်သို့ ခိုတက် ဖမ်းသော တတိယတန်းကျောင်း သားတစ်ဦး ပြုတ်ကျသေဆုံးမှု ကျောက်ကြီးမြို့တွင် ဖြစ်ပွားခဲ့ ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ကျောက်ကြီးမြို့ မေတ္တာ ရပ်ကွက်ရှိ အလယ်တန်းကျောင်း ခွဲတွင် တတိယတန်းတက်နေ သော အသက် (၁၀) နှစ်အရွယ် ကျောင်းသားသည် ဇွန်လ ၁၃ ရက်ညနေ ၅ နာရီခွဲ၌ အတန်းဖော်သူငယ်ချင်း နှစ်ဦးနှင့်အတူ မျက်နှာကြက်ပေါ်သို့ ခိုတက်ဖမ်းကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘ကျောင်းမှာက အစောင့်မရှိ ဘူးထင်တယ်။ ဖြစ်တာက ကျောင်းဆင်းပြီးတော့မှ ဖြစ်တာ။ ကျောင်း က ၃ နာရီခွဲကတည်းက ဆင်းတာလေ။ အိမ်ပြန်ပြီးမှ တစ်ခေါက်ပြန်လာတာလား။ ကျောင်းဆင်းကတည်းက ကျန်ခဲ့တာလားဆိုတာတော့ သေသေချာချာမသိဘူး’’ဟု ကျောက်ကြီးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ကျောင်းသား သုံးဦးသည် နှစ်ထပ်ကျောင်းဆောင်မျက်နှာ ကြက်ပေါ်သို့ စာရေးစားပွဲခုံ ငါး လုံးဆင့်ကာ တက်ခဲ့ပြီး သေဆုံးသူကျောင်းသားသည် မျက်နှာကြက်ကျောက်ပြားကျွံကျပြီး ၂၄ ပေအမြင့်မှ ပြုတ်ကျခဲ့သည်။

မျက်နှာကြက်ပြုတ်ကျသဖြင့် တတိယတန်းကျောင်းသား ၏ ဦးခေါင်းတွင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သဖြင့် အလောင်းကို ကျောက်ကြီးပြည်သူ့ဆေးရုံသို့  ပို့ဆောင်ခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးမှုနှင့် ပတ် သက်ပြီး ကျောက်ကြီးမြို့မရဲစခန်း က သေမှုသေခင်းဖြင့် အမှုဖွင့်စစ် ဆေးနေသည်။

Top News