အသင်းဖော်များကို မကူညီနိုင်ခဲ့၍ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်

ဆွီဒင်ကို ၁-၀ ဂိုးဖြင့် ရှုံးသောပွဲတွင် အသင်းဖော်များကို ပံ့ပိုးကူညီနိုင်ခြင်းမရှိသောကြောင့် တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့သည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း စပါးတွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူ ဆွန်ဟောင်မင်သည် တောင်ကိုရီးယားအသင်း၌ တစ်ဦးတည်းသော ကမ္ဘာ့အဆင့်မီကစားသမားဟု ယူဆခံထားရသည်။


‘‘ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တကယ်စိတ်ပျက်မိပါတယ်။ အသင်းဖော်တွေကို ပံ့ပိုးနိုင်သူ တစ်ယောက်ဖြစ်သင့်တယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး’’ဟုဆွန်ကပြောသည်။
တောင်ကိုရီးယားသည် ဆွီဒင်နှင့်ပွဲတွင် ဂိုးပေါက်ကန်သွင်းမှု နှစ်ကြိမ်သာပြုလုပ်နိုင်ပြီး တစ်ကြိမ်မျှ ဂိုးပေါက်မတည့်ခဲ့ပေ။

‘‘ဒီအတွက် ကျွန်တော်တို့ တိုက်စစ်မှူးတွေမှာ တာဝန်ရှိပါတယ်’’ဟုဆွန်ကပြောပြီး ယခုရလဒ်ကို လက်ခံရမည်ဖြစ်ကြောင်းနှင့် မက္ကဆီကိုနှင့်ပွဲမတိုင်မီ သေချာပြင်ဆင်ရမည်ဟု ဆိုသည်။
‘‘သူတို့က ဂျာမနီကို အနိုင်ရထားတာပါ။ မက္ကဆီကိုဟာ မြန်ဆန်ပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာရင် သူတို့လုပ်ပြခဲ့သလိုမျိုး ကျွန်တော်တို့ လုပ်ပြနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဆိုတာ လွယ်ကူတဲ့ ပြိုင်ပွဲမဟုတ်ပါဘူး’’ဟု ဆွန်က ပြောသည်။
တောင်ကိုရီးယားသည် ဇွန်လ ၂၃ ရက်တွင် မက္ကဆီကိုနှင့် ကစားမည်ဖြစ်သည်။

—Ref: Reuters