ဟယ်ရီကိန်းက အဓိကခြားနားချက်ဟု တူနီးရှားနည်းပြချီးကျူး

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက မိမိတို့နှစ်သင်းကြား အဓိကခြားနားချက်ဖြစ်စေခဲ့ကြောင်း တူနီးရှားနည်းပြ နာဘီလ်က ချီးကျူးပြောကြားသည်။

တူနီးရှားကို ၂-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ဟယ်ရီကိန်းတစ်ဦးတည်း နှစ်ဂိုးသွင်းယူရာ အနိုင်ဂိုးကို နာကျင်အချိန်ပိုရောက်မှ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

‘‘နေရာမှန်၊ အချိန်မှန် အမြဲတမ်းရှိနေတာက ဟယ်ရီကိန်းပါ။ ဟယ်ရီကိန်းဟာ ထူးချွန်ပြီး စွယ်စုံရတဲ့ တိုက်စစ်မှူးပါ။ ဟယ်ရီကိန်းဖန်တီးပေးတဲ့ နေရာလွတ်တွေဟာ ကျွန်တော်တို့ကို အလွန်ပဲခြောက်လှန့်ခဲ့ပါတယ်’’ဟု နာဘီလ်က ပြောသည်။

ဟယ်ရီကိန်းကို ထိပ်တန်း တိုက်စစ်မှူးတစ်ဦးအဖြစ် အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က သတ်မှတ်ခဲ့ပြီး ယူရို ၂၀၁၆ တွင် ဂိုးမသွင်းနိုင်ခဲ့သော ဖိအားမှ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့သည်ဟု ဆိုသည်။

‘‘သူ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဒါက အသင်းလိုက်စုဖွဲ့ကြိုးစားမှုဖြစ်တာကြောင့် တစ်ဦးချင်း၊ တစ်ယောက်ချင်းကို ထုတ်ပြောဖို့ ခက်ခဲပါတယ်’’ဟု ဆောက်ဂိတ်က ပြောကြားပြီး ၎င်းတို့အပိုင်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ကြောင်း၊ ပွဲပြီးခါနီးအထိ သရေကျနေသော်လည်း စိတ်ရှည်ရှည်ဖြင့် ကစားနိုင်ခဲ့ကြောင်း၊ အနိုင်ရလဒ်နှင့် ထိုက်တန်ကြောင်း ပြောသည်။

ဟယ်ရီကိန်းသည် ၁၉၉၀ က ကင်မရွန်းနှင့်ပွဲတွင် နှစ်ဂိုး သွင်းခဲ့သော ဂယ်ရီလိုင်နီကာ နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ခု၌တစ်ဦးတည်း နှစ်ဂိုးသွင်းသော ပထမဆုံး အင်္ဂလန်ကစားသမားဖြစ်လာသည်။

ယခုပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုရခဲ့သူ ဟယ်ရီကိန်းသည် အင်္ဂလန်အတွက် ၂၅ ပွဲကစားပြီး ၁၅ ဂိုးအထိ သွင်းယူထားသည်။   —Ref: BBC/fifa.com