ပုသိမ်တွင် (၁၉) နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် ငွေစက္ကူအတုလုပ်သူ လေးဦးကို ဖမ်းမိ

ငွေစက္ကူအတုလုပ်သူများကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ − ပုသိမ်နယ်မြေရဲစခန်း)

အသက် (၁၉) နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် ငွေ စက္ကူအတုလုပ်သူ လေးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိကြောင်း ပုသိမ်မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးက ပြောသည်။

၎င်းတို့ကို ဇွန်လ ၂၂ ရက်ည က ပုသိမ်မြို့တွင် ဖမ်းမိပြီး ၎င်းတို့ ထံမှ ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူအတု ၁၂ ရွက်နှင့် ကျပ် ၅,၀၀၀ တန်ငွေစက္ကူအတု ၉၉ ရွက်၊ စုစုပေါင်း ကျပ် ၆၁၅,၀၀၀ ဖမ်းမိခဲ့ကြောင်း ရဲမှူး ခင်မောင်စိုးက ပြောသည်။

ဖမ်းမိထားသူများသည် အ ထက်ပါမိန်းကလေးအပါအ၀င် အသက် (၂၅)၊ (၂၉) နှင့် (၃၁)နှစ်အရွယ်ရှိ  အမျိုးသားများဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ရိုးရိုးအေဖိုးစက္ကူကို အသုံး ပြုပြီးတော့ လက်ပ်တော့ကွန်ပျူ တာ၊ Scanner (ပုံကူးစက်)၊ Printer (ပုံနှိပ်စက်)တွေနဲ့ ငွေစက္ကူအတုတွေ ထုတ်တာပါ။ ဒီ စက်တွေကိုလည်း သက်သေခံ ပစ္စည်းအနေနဲ့ သိမ်းဆည်းရမိ ထားပါတယ်’’ဟု ရဲမှူးခင်မောင်စိုး က ပြောသည်။

ပုသိမ်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ငွေစက္ကူအတုများ အသုံးပြုနေကြောင်း ရဲတပ်ဖွဲ့က သတင်းရ၍ ရှာဖွေရာ (၂၉) နှစ်အရွယ် အမျိုးသား၏ ခါးကြားတွင်ထိုးထားသည့် ကြွပ်ကြွပ်အိတ်အနက်အတွင်း  နံပါတ်တူငွေစက္ကူအတုများ ဖမ်းမိခဲ့သည်။

ထို့နောက် ဆက်လက်စုံစမ်း ရာ ငွေစက္ကူထုတ်သည့် စက်ကိရိ ယာများနှင့် ထုတ်လုပ်သူ (၃၁) နှစ်အရွယ် အမျိုးသားနှင့် (၁၉) နှစ်အရွယ် အမျိုးသမီးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ထံမှ ငွေ စက္ကူစမ်းသပ်ထုတ်ရာတွင် ပျက် စီးသည့် စာရွက်များ၊ အရောင်မတူသဖြင့် စွန့်ပစ်ထားသည့် စာရွက်များ၊ ငွေစက္ကူအတုကို ဖြတ်ထုတ်ထားသည့် စာရွက်ဖြတ်စများ၊ စက္ကူဖြတ်ရာတွင် အသုံးပြုသည့် ဓားနှင့် ပေတံကို သိမ်းဆည်းရမိကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

‘‘ဒီငွေတွေကို ဒီနေ့မဖမ်းမိ ရင် နောက်နေ့ဆို အများပြည်သူ လက်ထဲရောက်မှာပါ။ ဒီလို ရောက်တာနဲ့ ငွေကြေးရဲ့ တန်ဖိုး က ပိုကျလေပဲ’’ဟု မြန်မာ့စီးပွား ရေးဘဏ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

၎င်းတို့ လေးဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေဖြင့် အရေးယူရန် စီစဉ်နေသည်။ ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားလျှင် အဆိုပါဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ် ဒဏ်ချမှတ်နိုင်သည်။

ဧရာဝတီတိုင်းတွင် ငွေစက္ကူအတုများဖမ်းမိခြင်းသည် ၂၀၁၈ အတွင်း တတိယအကြိမ်ဖမ်းမိခြင်းဖြစ်ပြီး ပမာဏဒုတိယအများဆုံးဖြစ်သည်။ အများဆုံးဖမ်းမိသည့် ပမာဏသည် ဖျာပုံခရိုင်  ဘိုကလေးမြို့နယ်တွင်   ကျပ် ၈၆၀,၀၀၀ ကျော်ဖြစ်သည်။

ထို့အပြင် မြောင်းမြခရိုင် အိမ်မဲမြို့တွင်လည်း ဖမ်းမိခဲ့ပြီး ကျပ် ၈၀,၀၀၀ ကျော်ရှိကြောင်း စီအိုင်ဒီရဲတပ်ဖွဲ့မှတ်တမ်းများ၌ ဖော်ပြထားသည်။

More in Crime Section