ရှမ်းနှင့်ရန်ကုန် အနိုင်၊ အရှုံးမပေါ်၊ အမှတ်ပေး ဇယားကို ရန်ကုန် ဆက်လက်ဦးဆောင်

မြန်မာလိဂ်ပွဲစဉ် (၁၇)တွင် ရှမ်းနှင့်ရန်ကုန်အသင်း အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - MFF)

 မြန်မာလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) ပထမရက်တွင် လက်ရှိ ချန်ပီယံ ရှမ်းအသင်းနှင့် ရန်ကုန် အသင်းတို့ အကြိတ်အနယ်ယှဉ် ပြိုင်ခဲ့သော်လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ပြီး ရန်ကုန်အ သင်းက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။


ဇွန်လ ၂၃ ရက်က တောင် ကြီးမြို့ ရှမ်းအသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် နှစ်သင်းစလုံး အပြန်အလှန် ထိုး ဖောက်နိုင်သော်လည်း ကွင်းမြက်ခင်းပြင် ဆိုးရွားစွာပျက်စီးနေခြင်းကြောင့် ကစားသမားများ အခက်တွေ့ခဲ့သည်။

သို့သော် အမှတ်ပေးဇယား  ထိပ်ဆုံးနေရာက နှစ်သင်းပြိုင် ဆိုင်မှုကြောင့် ပွဲသည် အကြိတ်အနယ်ရှိခဲ့သည်။ အိမ်ရှင်ရှမ်းအသင်းက ပိုမိုဖိအားပေးကာ  အခွင့်အရေး ပိုရခဲ့သော်လည်း ရန်ကုန်ဂိုးသမား ကျော်ဇင်ထက် ကာကွယ်မှုနှင့် ဂိုးကံခေမှုများကြောင့် ဂိုးမရရှိခဲ့ဘဲ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ယခုပွဲ သရေရလဒ်ကြောင့် ရန်ကုန်အသင်းက ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပြီး ရှမ်း အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဒုတိယနေရာက ဖိအားပေးထား ဆဲဖြစ်သည်။

ပုသိမ်မြို့ ကျောက်တိုင်ကွင်း ၌ ယှဉ်ပြိုင်သည့်ပွဲတွင် ဧရာဝတီ  အသင်းက မကွေးအသင်းကို ၄-၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် သည့်ပွဲ၌ ဇွဲကပင်အသင်းက ရတနာပုံအသင်းကို ၂-၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။

၂၀၁၈ မြန်မာလိဂ် ပွဲစဉ် (၁၇) လက်ကျန်ပွဲစဉ်များကို ဇွန် လ ၂၄ ရက် (ယနေ့) တွင် ကျင်းပမည်ဖြစ်ပြီး မော်လမြိုင်မြို့၌ ဆောက်သမ်းမြန်မာနှင့် ဟံသာဝတီ၊ မုံရွာမြို့၌ စစ်ကိုင်းနှင့် မြ၀တီ၊ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌  GFA နှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။