ထိုင်းက ဂူတစ်ခုထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ လူငယ် ဘောလုံးအသင်းကို လိုက်ရှာနေ

ပျောက်ဆုံးသွားသူများ၏ စက်ဘီးများကို တွေ့ရစဉ် (ဓာတ်ပုံ- The Nation)

ဂူတစ်ဂူထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ ဆယ်ကျော်သက် လူငယ် အများစု ပါဝင်တဲ့ ဘောလုံးအသင်းကို ကယ်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ကြိုးစားနေပါတယ်။

 မယ်ဆိုင်မှာ လွန်ခဲ့တဲ့ ၂ ရက်က လူငယ် ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် နည်းပြတို့ ပါဝင်တဲ့ ဘောလုံအးသင်းဟာ သမ်လောင်ခွန်နမ် သစ်တော ဥယျာဉ်က ဂူတစ်ခုထဲ သွားရောက် လည်ပတ်ရင်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူငယ်အဖွဲ့ကို ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းကတည်းက လိုက်လံ ရှာဖွေနေပေမယ့် သတင်းအစအန မရသေးပါဘူး။
 
စကျင်ကျောက် ဂူထဲမှာ ရွှံ့တွေနဲ့ ရေဝင်ဧရိယာတွေ ရှိနေတာကလည်း ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ သိရပါတယ်။ ကလေးတွေ ဘေးကင်းမယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ ဂူထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းရဲ့ တစ်ဖက်ခြမ်းကို သူတို့တွေ ရောက်နေတယ်လို့ ခန့်မှန်းထားပြီး အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ ဆုတောင်းနေကြောင်း ဆွေမျိုး တော်စပ်သူ တစ်ဦးက ပြောပါတယ်။
 
ရေငုပ်သမားတွေက ရွှံ့ရောင်တွေ နောက်ကျိနေပြီး ငါးမီတာနက်တဲ့ ရေထဲထိ ငုပ်လျှိုး ရှာဖွေခဲ့သလို ဂူထဲက လမ်းခွဲတွေမှာလည်း ကြိုးလိုင်းတွေ ချထားပြီး နေရာ မှတ်သားနေကြပါတယ်။
 
ဘန်ဖောင်ဖာ ဘောလုံးအသင်းဟာ စနေ၊ တနင်္ဂနွေနေ့တွေတိုင်း လေ့ကျင့်ခန်း စုဆင်းလေ့ ရှိပါတယ်။ အဲဒီနေ့ကတော့ နည်းပြ အက္ကာပိုလ် ချန်ဝေါင် ဦးဆောင်တဲ့ အသင်းဟာ သစ်တော ဥယျာဉ်ဖက်ကို သွားလည်ကြရင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဂူအနီးမှာတော့ ဘောလုံးသမားတွေရဲ့ စက်ဘီးတွေနဲ့ နည်းပြရဲ့ ဆိုင်ကယ်ကို တွေ့ခဲ့ရပါတယ်။
 
ရှာဖွေရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကောလာဟလတွေလည်း အမျိုးမျိုး ပျံ့နှံ့နေပြီး လူငယ်တွေကို ပြန်တွေ့ထားပေမယ့် ဂူထဲက စမ်းချောင်း ရေတက်နေချိန်မို့ ကယ်ထုတ်ဖို့ အဆင်မပြေသေးဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။