မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ ထိပ်တန်းအရာရှိများကို အရေးယူပေးရန် AI တောင်းဆို

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဘင်္ဂါလီများကို ဖိနှိပ်ညှဉ်းပန်း မှုများ၌ တာဝန်ရှိကြောင်းစွပ်စွဲမှုဖြင့် မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ ထိပ်တန်းအရာရှိ ၁၃ ဦးကို အရေးယူပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)က တောင်းဆိုသည်။

ဇွန်လ ၂၇ ရက်တွင် AI က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားအရာရှိ ၁၂ ဦးသည် ဘင်္ဂါလီများအပေါ် ဖိနှိပ်ရာတွင် အဓိကတာဝန်ရှိခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။

စာမျက်နှာ ၂၀၀ နီးပါး ပါရှိ သည့် အစီရင်ခံစာတွင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)အနေဖြင့် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ် သက်၍ ထဲထဲဝင်ဝင် စစ်ဆေးစုံ စမ်းမှု၊ အရေးယူမှုပြုလုပ်ပေးရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများထဲသို့ လုံခြုံရေးတပ် ဖွဲ့များ ဝင်ရောက်ကာ သတ်ဖြတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှုများ ကျူးလွန် ခဲ့သည့် အထောက်အထားများ ရထားကြောင်း၊ များပြားလှသည့် ယင်းအထောက်အထားများက ဘင်္ဂါလီများကို စနစ်တကျ တိုက်ခိုက်ရန် အကွက်တကျ စီမံညွှန်ကြားနေမှုများ ရှိနေသည်ဟု ထင်ရှားစွာ ပေါ်လွင်နေစေကြောင်း AI ၏ ပဋိပက္ခကိုင်တွယ်မှုဆိုင်ရာ ထိပ်တန်းအကြံပေး မက်သရူး ဝေါလ်စ်က စွပ်စွဲပြောကြားခဲ့ သည်။

AI ၏ အစီရင်ခံစာ၌ တပ်မတော် ထိပ်တန်းအရာရှိကြီး ၁၀ ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိသုံးဦး၏ အမည်များပါရှိပြီး ၎င်းတို့သည် ဘင်္ဂါလီများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖိနှိပ်တိုက်ခိုက်ခြင်းများကို ဟန့်တားထိန်းသိမ်းရန် ပျက်ကွက်ခဲ့ ကြောင်း စွပ်စွဲဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တွင် ကိုးလမျှပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု၏ ရလဒ်များ၊ အထောက်အထားများကို အခြေခံထုတ်ပြန်ခဲ့ခြင်းဟု AI က ဆိုသည်။ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးလှုပ်ရှားမှုများ၊ အရာရှိ အလိုက် ကွပ်ကဲမှုများ၊ တပ်ဖြန့်မှု များနှင့်ပတ်သက်၍လည်း အသေးစိတ် အချက်အလက်အသစ်များ ကို AI က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီစစ်သွေးကြွအဖွဲ့ အာဆာက လုံခြုံရေးစခန်းများကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကြောင့် တပ်မတော်က စစ်ဆင်ရေးများ တုံ့ပြန်ဆင်နွှဲခဲ့သည့်နောက် သိန်းနှင့်ချီသည့် ဘင်္ဂါလီမျိုးနွယ်စုများ က ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်း ရှောင်ထွက်ပြေးခဲ့သည်ဟု ဆိုသည်။

 အာဆာအဖွဲ့ကို တပ်မတော်၏ ထိရောက်ပြင်းထန်သည့် တုံ့ပြန်ထိုးစစ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကိုလည်း AI က သီးခြားပြုစုထားသည်။

 ယခုအစီရင်ခံစာအတွက်မူ လူပေါင်း ၄၀၀ ကျော်ကို အင်တာဗျူးမေးမြန်းခြင်း၊ ဂြိုဟ်တုဓာတ်ပုံများရယူခြင်း၊ အတည်ပြုနိုင်သည့်ဓာတ်ပုံနှင့် ဗီဒီယိုများကို ကိုးကားခြင်း၊ မှုခင်းပညာရှင်များ၊ လက် နက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ မှတ်ချက်များကို တောင်းယူခြင်း တို့ဖြင့် အချက်အလက်များ စု ဆောင်းခဲ့ကြောင်း AI က ဆို သည်။

 အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ICC တို့ထံသို့ ပေးပို့ရန်လည်း AI က စီစဉ်ထားကြောင်း သိရ သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (Amnesty Inter-national)၏ အထက်ပါထုတ်ပြန် ချက်နှင့်ပတ်သက်၍ တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်သော်လည်း အဆက်အ သွယ်မရရှိပေ။

ပြီးခဲ့သည့် မေလတွင် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ARSA အကြမ်းဖက်အဖွဲ့ သည် ၂၀၁၇ ဩဂုတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဟိန္ဒူဘာ သာဝင်များကို အစုလိုက်၊ အပြုံ လိုက် သတ်ဖြတ်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခိုင်လုံသည့် သက်သေအထောက်အ ထားများ ရရှိထားကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (AI) သည် ရခိုင် ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ လက်ရှိအစိုးရလက် ထက်တွင် အစီရင်ခံစာသုံးကြိမ် ထုတ်ပြန်ထားသည်။