"ထိုင်းနိုင်ငံက ဂူထဲမှာ ပိတ်မိနေတဲ့လူငယ်တွေကယ်ဆယ်ရေးမြန်မာပါဝင်ကူညီမယ်"

ထိုင်းနိုင်ငံ ၊ မယ်ဆိုင် မြို့က ဂူအတွင်းမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေ ကိုကယ်ဆယ်ရေးဆောင်ရွက်ရာမှာ မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်း ကူညီ ဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
 

ကယ်ဆယ်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
 

မယ်ဆိုင်မှာ ဇွန်လ ၂၃ ရက် ကတည်းက ပျောက်ဆုံးနေတဲ့ လူငယ် ဘောလုံးအသင်းကို ရှာဖွေ ကယ်ဆယ်ရေးဟာ အခုအချိန်မှာရင်တော့ ထိုင်းနိုင်ငံအတွက်လ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။
 

ရေတပ်က ကွန်မန်ဒိုတွေနဲ့ ရေငုပ်သမားတွေကပါ ရေလွှမ်းနေတဲ့ ဂူထဲမှာ ကျောင်းသားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားနေကြဆဲပါ။
 

ဒါပေမဲ့ ဇွန်လ ၂၆ ရက်ကစပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခြင်းနဲ့အတူ ဂူထဲကို စိမ့်ဝင် ကျဆင်းလာတဲ့ မိုးရေတွေကြောင့် ရေမျက်နှာပြင် ပြန်မြင့်တက်လာပြီး ကယ်ဆယ်ရေး သမားတွေအတွက် အကျပ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။
 

တကယ်လို့ ဂူထဲမှာ ရေပြန်မကျဘူးဆိုရင် ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ခက်ခဲနေလိမ့်မယ်လို့လည်း သိရပါတယ်။
 

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား အသီးသီးရှိတဲ့ လူငယ်လေးတွေဟာ ရေလွှမ်းဧရိယာ တစ်ဖက်မှာ ဘေးမသီ ရန်မခ ဆက်ရှိနေဦးမယ်လို့တော့ တာဝန်ရှိသူတွေက အကောင်းမြင် မျှော်လင့်ထားဆဲပါ။
 

ဒါပေမဲ့ ရက်ကြာလာတာနဲ့အမျှ အာဟာရ ပြတ်လပ်မှုဒဏ် ခံစားရမယ့် အခြေအနေကိုတော့ စိုးရိမ်နေရပါတယ်။
 

ဂူဝမှာတော့ လူငယ်တွေရဲ့ မိသားစုတွေ စုရုံးနေပြီး နောက်ဆုံးသတင်းတွေကို ရင်တထိတ်ထိတ် စောင့်ဆိုင်းနေကြပါတယ်။
 

ရာသီဥတု အခြေအနေအရ မိုးက ဆက်သည်းနေတာကြောင့် ဂူထဲကို ကျဆင်းလာတဲ့ ရေတွေကို စုပ်ထုတ်လို့ မနိုင်အောင် ဖြစ်နေတယ်လို့လည်း ကယ်ဆယ်ရေးတွေက ဝန်ခံထားပါတယ်။