ကိုယ်ဝန်ဒုတိယသုံးလပတ်ကာလအတွင်း ကယ်လိုရီ အနည်းငယ် ပိုမိုစားပေးရန်လို

ကိုယ်ဝန်ဆောင်ကာလအတွင်း ဟန်ချက်ညီပြီး အာဟာရပြည့်ဝသော အစားအသောက်များသည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကျန်းမာရေးအတွက် အရေးကြီးသည်။ ကျန်းမာရေးနှင့်ညီသော အစားအစာများက သန္ဓေသား မှန်မှန်ကန်ကန်ဖွံ့ဖြိုးရန် လိုအပ်သည့်အာဟာရဓာတ်များ ပေးစွမ်းနိုင်သည်။

အစားအသောက် ကောင်းစွာစားသုံးခြင်းကြောင့် လမစေ့ဘဲ မွေးခြင်း၊ သွေးတိုးခြင်းနှင့် သွေးတိုးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း အပါအဝင် ကိုယ်ဝန်ဆောင်ကာလအတွင်း ရှုပ်ထွေးမှု များကိုလည်း ကာကွယ်နိုင်သည်။


ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများသည် လုံလောက်သော ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်း၊ အဆီနှင့် ကာဗိုဟိုက်ဒရိတ်များ ရရှိရန် အရေးကြီးသည်။ သို့သော် ကိုယ်ဝန်ဒုတိယသုံးလပတ်အတွင်း ကယ်လိုရီအနည်းငယ် ပို၍လိုအပ်သည်။

ကိုယ်ဝန်ဒုတိယသုံးလပတ်အတွင်း အဆီမပါသော အသား၊ ကောင်းစွာချက်ပြုတ်ထားသော ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်ကဲ့သို့ သံဓာတ်ကြွယ်ဝစွာ ပါဝင် သည့် အစားအစာများ စားပေးသင့်သည်။ သံဓာတ်က ခန္ဓာကိုယ် တစ်ခုလုံးသို့ အောက်ဆီဂျင်ကို ပို့ဆောင်ပေးရန် အထောက်အကူပြုပြီး ဖွံ့ဖြိုးဆဲကလေးငယ်ဆီသို့ အောက်ဆီဂျင်ပို့ပေးသည်။ သံဓာတ်ကို ဗီတာမင်စီနှင့်တွဲ၍ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းစွာစုပ်ယူနိုင်စေရန် အထောက်အကူပြုသည်။

ယင်းကာလအတွင်း အမျိုးသမီးများသည် ငါး၊ ပဲအမျိုးမျိုး၊ ဥများ စသော ပရိုတိန်းဓာတ်ကြွယ်ဝသည့် အစားအစာများ စားပေး သင့်သည်။ ကိုယ်ဝန်ဆောင်တစ်ဦးသည် ကလေးငယ်၏ ဦးနှောက် နှင့် အခြားတစ်သျှူးများ ဖွံ့ဖြိုးရေး တစ်နေ့လျှင် ပရိုတိန်း ၇၅ ဂရမ်မှ ဂရမ် ၁၀၀ အထိ စားသုံးသင့်သည်။

ကလေးငယ်၏ သွားနှင့်အရိုးဖွံ့ဖြိုးစေရေး ကယ်လ်ဆီယမ် ဓာတ် စားပေးရန်လည်း အရေးကြီးသည်။ ထို့အပြင် ဖောလစ်အက် စစ် (ဗီတာမင်ဘီ) ပါဝင်သော အစိမ်းရင့်ရောင်ဟင်းရွက်များနှင့် လိမ္မော်သီးတို့ စားသုံးသင့်သည်။

ဗီတာမင်ဒီနှင့် အိုမီဂါ-၃ ဖက်တီးအက်စစ်တို့ကလည်း ကလေး ရော မိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင် သည်။ ယင်းအာဟာရဓာတ်များသည် နှလုံး၊ ဦးနှောက်၊ မျက်စိ၊ ကိုယ်ခံအားစနစ်နှင့် ဗဟိုအာရုံကြောစနစ်တို့အတွက် အထူးလိုအပ် သည့် အာဟာရဓာတ်များဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ရေဓာတ်ပြည့်ဝရန် အရေးကြီးသဖြင့် တစ်နေ့လျှင် ရေဖန်ခွက် ရှစ်ခွက်မှ ၁၂ ခွက်အထိ သောက်သုံးသင့်သည်။ သားစိမ်းငါးစိမ်း၊ ကြက်ဥ၊ ဘဲဥအစိမ်း၊ မီးစုန်းဓာတ်ပါဝင်မှုများသော ငါး၊ မသန့်ရှင်းသော နို့ထွက်ပစ္စည်း များ ရှောင်ရှားသင့်သည်။                               

—Ref: MNT