ပုသိမ်တွင် အိမ်အကူကို နှိပ်စက်သူသုံးဦးအား ပုဒ်မခြောက်ခုအပြင် လူကုန်ကူးဥပဒေဖြင့် အရေးယူ

အိမ်အကူအား နှိပ်စက်သည်ဆိုသူ သုံးဦးနှင့် နှိပ်စက်ခံရသူ၏ ဒဏ်ရာများ (ဓာတ်ပုံ − စောတင်ဦး)

ပုသိမ်တွင် အိမ်အကူမိန်း ကလေးကို ညှဉ်းပန်းနှိပ်စက်သူ သုံးဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မခြောက်ခုအပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အ ရေးယူထားကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးမှူး(ပထမတန်း)ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

အသက်(၃၀)နှစ်ခန့်ရှိသည့် အထည်ဆိုင်ပိုင်ရှင် အမျိုးသားနှင့် ၎င်း၏ဇနီး၊ (၂၁)နှစ်အရွယ် ဆိုင်အလုပ်သမားတို့က ၎င်းကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဆိုကာ  အိမ်အကူမိန်းကလေးက ပုသိမ်မြို့နယ် ရဲစခန်းတွင် ဇွန်လ၂၈ ရက်က အမှုဖွင့်ခဲ့ကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

(၁၈)နှစ်ရှိ အဆိုပါအိမ်အကူ သည် ၂၀၁၅ နှစ်ဆန်းပိုင်းက အထက်ပါအထည်ဆိုင်၌ တစ်လလျှင် ကျပ်သုံးသောင်းခွဲဖြင့် အလုပ်လုပ်ခဲ့သည်။ 

သုံးလခန့် လုပ်ကိုင်ခဲ့ပြီးနောက် တစ်လငါးထောင်ကျပ်စီ တိုးပေးမည်ဆိုကာ အဆိုပါ ဆိုင်ရှင်အိမ်၌  အိမ်အကူအဖြစ် ပြောင်း၍  လုပ်ခဲ့ရသော်လည်း လက်ရှိအထိ လစာတိုးပေးခဲ့ခြင်း မရှိကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

ထို့အပြင် နေအိမ်နှင့် ဆက်သွယ်ခွင့်မရခြင်း၊ အိမ်အပြင် ထွက်ခွင့်မရခြင်း၊ အချိန်မှန်အစားအစာ မကျွေးသည့်အပြင် ၀လင်စွာမ စားရခြင်း၊ အိမ်အလုပ်များကို ဒဏ်ကြေးသတ်မှတ်ဖြတ်တောက် ခဲ့သဖြင့် လစာအပြည့်အ၀ မရရှိ ခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြ ထားသည်။

ထို့အပြင် အိမ်ရှင်နှစ်ဦးနှင့် ဆိုင်အလုပ်သမားက ခါးပတ်ဖြင့် ရိုက်ခြင်း၊ ခန္ဓာကိုယ်ကို မီးပူဖြင့် ကပ်ခြင်း၊ ခြေဖြင့် ကန်ခြင်း၊ ကြက်တောင်ရိုက်တံဖြင့် ရိုက်ခြင်း၊ ကလေးမစင်ကို ပါးစပ်အတွင်း ထည့်ခြင်း စသည့်နည်းများဖြင့် နှိပ်စက်ခဲ့သည့်အပြင် ကာယိနြေ္ဒ ပျက်ပြားစေရန်လည်း ပြုမူခဲ့ ကြောင်း  ရဲတပ်ဖွဲ့ထံတိုင်တန်းချက်တွင် ဖော်ပြထားသည်။ 

‘‘အဲဒီအိမ်ကနေ ဒီကလေးမ က သူ့အမေအိမ်ကို ထွက်ပြေးခဲ့ တယ်။ သူဖြစ်ခဲ့တဲ့ အကြောင်းစုံ ကို မိဘတွေကိုပြောပြခဲ့တော့ အမှုဖွင့်ဖြစ်ခဲ့တာပါ’’ဟု ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

ညှဉ်းပန်းနှိပ်စက်ခံရမှုများ ကြောင့် အဆိုပါ မိန်းကလေး၏ ကိုယ်ခန္ဓာအနှံ့တွင် ဒဏ်ရာအမာ ရွတ်များ ရှိခဲ့သည်ဟုလည်း ၎င်း ကဆက်လက်ပြောသည်။

လက်ရှိတွင် အဆိုပါ အိမ် ရှင်လင်မယားနှစ်ဦးနှင့် အလုပ် သမားကို ပုသိမ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၅၄ (ကာယိနြေ္ဒပျက်စီးစေမှု) ၊ ပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ပုဒ်မ ၃၂၄ (အပြင်းအထန် နာကျင်စေမှု) ၊ ပုဒ်မ ၂၉၄(ညစ်ညမ်းသော အပြုအမူများ ပြုမှုဆောင်ရွက်မှု)၊ ပုဒ်မ ၅၀၀(အသရေဖျက်မှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ကလည်း  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့်  အမှုဖွင့်ထားပြီး တရားစွဲဆိုနိုင်ရန်   စီစဉ်နေသည်။