ဆောတွင် အရက်ကြောင်နေသူက လူလေးဦးနှင့် ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုး၊ သုံးဦးသေဆုံး

မကွေးတိုင်း ဆောမြို့ နယ်၌ အရက်ကြောင်နေသည့်လူ တစ်ဦးက ဇူလိုင် ၁ ရက် ညနေက တစ်ရွာတည်းနေသူ လေးဦးကို ဓားဖြင့်ထိုးပြီးနောက် သူ့ကိုယ်သူ လည်း ဓားဖြင့် ပြန်ထိုးသော ကြောင့် လူသတ်မှုဖြင့် ဖမ်းဆီးအ ရေးယူထားကြောင်း ဆောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ 

ဓားထိုးခံရသူ အမျိုးသမီး သုံးဦးသေဆုံးပြီး အမျိုးသားတစ် ဦးနှင့် ဓားထိုးသူတို့ ဒဏ်ရာပြင်း ထန်စွာရခဲ့ကြောင်း ၎င်းက ပြော သည်။ 

ဆောမြို့နယ် ပိန်းချောင်း ကျေးရွာနေ အသက်(၄၁)နှစ်အ ရွယ် အမျိုးသားသည် အရက် ကြောင်ကာ တစ်ရွာတည်းနေသူ များကို အရိုးအသွား ၁၁ လက်မ ခန့်ရှိ ဓားမြှောင်ဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း တွင် ဖော်ပြထားသည်။ 

အဆိုပါ အမျိုးသားသည် အိမ်မှ ထွက်လာပြီး အိမ်အောက် ထပ်၌ ထိုင်နေသော အသက်(၆၉) နှစ်အရွယ် ဒေါ်ဝဲစိန်ကို ပါလာ သည့် ဓားမြောင်ဖြင့် ထိုးခဲ့ပြီး (၂၉)နှစ်အရွယ် ကိုအောင်မျိုး ထွန်းကို ထပ်မံထိုးခဲ့သည်။ 

ထို့နောက် အနီးရှိ အိမ်တစ် အိမ်သို့ ထပ်ဝင်ကာ အ သက်(၄၉)နှစ်အရွယ် အိမ်ရှင်ဒေါ်မြကြည်ကို ဓားဖြင့်ထိုးပြီးနောက် ရွာလယ် လမ်းမကြီးအတိုင်း ထွက်ပြေးခဲ့ရာ လမ်းတွင် တွေ့သူ အသက်(၁၇) နှစ်အရွယ် မမြသဉ္ဇာလှိုင်ကိုလည်း ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့စစ် ဆေးချက်မှတ်တမ်း၌  ဖော်ပြ သည်။ 

လူလေးဦးကို ဓားဖြင့်ထိုး ကာ ရွာလယ်လမ်းအတိုင်း ထွက်ပြေး  လာပြီးနောက် ကျေးရွာစာကြည့် တိုက်ရှေ့တွင် သူ့ကိုယ်သူ ဓား မြောင်ဖြင့် ထပ်ထိုးခဲ့သဖြင့် ရပ်မိရပ်ဖများက ရဲစခန်းသို့ အကြောင်းကြားကာ ဆေးရုံပို့ခဲ့ကြောင်း ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ 

‘‘အရက်ကြောင်နေတာဖြစ် တယ်။ သေဆုံးသူတွေနဲ့ ရန်ငြိုး ရန်စကြောင့်ဖြစ်တာလား၊ ဒါမှမ ဟုတ် ဘာကြောင့် ဖြစ်တာလဲဆို တဲ့အခြေအနေကိုတော့ အသေး စိတ်စုံစမ်းစစ်ဆေးတုန်းပါပဲ။ ကျန်တဲ့ သူကလည်း ရရှိတဲ့ ဓားဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေ တွေပါပဲ’’ဟု ဆောမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဇော်လင်းက ပြော သည်။ 

အရက်ကြောင်နေသူက ဓား ဖြင့်ထိုးသဖြင့် ဒေါ်မြကြည်သည် အခင်းဖြစ်နေရာတွင် သေဆုံးပြီး ဒေါ်ဝဲစိန်ကို လောင်းရှည်တိုက် နယ်ဆေးရုံသို့ တင်ပို့ကုသရာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ၎င်း က ပြောသည်။ 

မမြသဉ္ဇာလှိုင်၏ ဒဏ်ရာ ပြင်းထန်သဖြင့် လောင်းရှည်တိုက်နယ်ဆေးရုံမှတစ်ဆင့် ပခုက္ကူဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးခဲ့ပြီး ကိုအောင်မျိုးထွန်းသည် ဓားဒဏ်ရာရခဲ့သည်။ ဓားဖြင့် လိုက်ထိုးပြီး မိမိကိုယ်ကိုယ် ပြန်ထိုးသူ ဆန်းထွန်းသည် ဝမ်းဗိုက်ပွင့်ကာ  အူထွက်ခဲ့သဖြင့် ၎င်းကို ပခုက္ကူဆေးရုံကြီးသို့  တင်ပို့ကုသပေးနေ သည်။ အဆိုပါဖြစ်စဉ်ကို လောင်းရှည်နယ်မြေရဲတပ်ဖွဲ့စခန်းက လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး အသေးစိတ်စစ်ဆေးနေကြောင်း ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

More in Crime Section