ထိုင်းလိုဏ်ဂူထဲတွင် ပျောက်ဆုံးနေသော ကလေးငယ်များကို အသက်ရှင်လျက်ပြန်တွေ့

ဇွန် ၂၃ ရက်မှစတင်၍ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသော ကလေးငယ်များကို ယမန်နေ့ညကပြန်လည်တွေ့ရှိပြီးနောက် ထိုင်းရေတပ်က ပထမဆုံးထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်မှ ရယူထားသောဓာတ်ပုံ (Thai Navy SEAL)

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနီးရှိ သမ်လောင်ဂူထဲ၌ ပျောက် ဆုံးနေသည့် လူငယ်ဘောလုံး အသင်းနှင့် ၎င်းတို့၏ နည်းပြ ကို အသက်ရှင်လျက်ရှာတွေ့ပြီ ဖြစ်ကြောင်း ထိုင်းအာဏာပိုင် များက ယမန်နေ့ညတွင် ကြေညာသည်။

နိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင်မြို့အနီး ကျောက်ဂူတစ်ခုထဲ အလည်အပတ်သွား ရောက်စဉ် ဇွန်လ ၂၃ ရက် ကတည်းက ပျောက်ဆုံးနေသည့် လူငယ်များကို ကိုးရက်အကြာ (စတင်ပျောက်ဆုံးသော ဇွန် ၂၃ ရက်မှ စတင်ရေတွက်လျှင် ၁၀ ရက်)တွင် အသက်ရှင်လျက် ပြန် လည်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူများသည် အသက် (၁၁)နှစ်မှ (၁၆) နှစ်ကြား ဆယ်ကျော်သက် ၁၂ ဦး နှင့် ၎င်းတို့၏ အသက် (၂၅) နှစ်အရွယ်ရှိ ၎င်းတို့၏ ဘောလုံးနည်းပြ ဖြစ်သည်။

သမ်လောင် ဂူထဲ၌ လူ ငယ်အားလုံးကို ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ဝန်းကျင်တွင် အသက်ရှင်လျက် ရှာတွေ့ခဲ့ကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ်အို ဆာတန်နာကွန်က တရားဝင် အတည်ပြု ကြေညာသည်။

လူထောင်ချီပါဝင်ပြီး ငွေနှင့်အချိန် ပုံအောအသုံးချခဲ့သည့် ရှာဖွေရေးကဏ္ဍများအပြီးတွင် အလွန်မင်္ဂလာရှိသောသတင်းကို အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်နိုင်ခဲ့သည်။


ယမန်နေ့ညတွင် ကလေးငယ်များကို ရှာဖွေတွေ့ရှိပြီးနောက် ထိုင်းရေတပ်မှ ပထမဆုံးထုတ်ပြန်သည့် ဗီဒီယိုဖိုင်မှပုံ (ဓာတ်ပုံ − Thai NavySEAL)

‘‘သူတို့ကို ကျွန်တော်တို့ ရှာ တွေ့ခဲ့ပါပြီ’’ဟု နာရွန်ဆက်ခ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြေ ညာသည်။ ‘‘ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းက အဆုံးမသတ် သေးပါဘူး’’ဟုလည်း ၎င်းက ပြော ကြားခဲ့သည်။ နာရွန်ဆက်ခ်က သတင်းကောင်းကို ကြေညာချိန်တွင် ကယ်ဆယ်ရေး အဖွဲ့များ၊ လူငယ်များ၏ မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ သတင်းမီဒီ ယာသမားများအားလုံးက ပျော် ရွှင်စွာ ကောင်းချီးဩဘာပေး ဂုဏ်ပြုခဲ့သည်။

နာရွန်ဆက်ခ်က ‘‘ကျွန်တော် တို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်က ရှာဖွေရေး၊ ပြီးတော့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ခေါ်ဆောင်ရေး တွေ ဖြစ်ပါတယ်။ အခုအဆင့်က သူတို့ကို ရှာတွေ့ရုံပဲ ရှိသေးတယ်။ဒီတော့ ကလေးတွေကို ဂူထဲကနေ ခေါ်ထုတ်ပြီး အိမ်ပြန်ပို့ဖို့ လုပ်ကြရအောင်’’ဟုလည်း ဆိုသည်။

လူငယ် ဘောလုံးအသင်း သည် ပုံမှန်လေ့ကျင့်ခန်း အစီအ စဉ်အပြီး ဂူထဲသို့ အဖွဲ့လိုက် သွားရောက်လည်ပတ်စဉ် မိုးရာသီ၌ သဘာဝအတိုင်း ရေဝင်လာမှု ကြောင့် ပြန်မထွက်နိုင်ဘဲပိတ်မိနေခြင်းဖြစ်သည်။

ကယ်ဆယ်ရေး အဖွဲ့များ သည် မိုးဆက်တိုက်ရွာသွန်းမှုနှင့် အတူ တရိပ်ရိပ် မြင့်တက်လာ သည့် နောက်ကျိနေသော ရွှံ့ရေ များကို ငုပ်လျှိုးဖြတ်သန်းကာ ကလေးများကို ရအောင်လိုက် ရှာနိုင်ခဲ့သည်။ ၎င်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပုံနှင့် ကယ်ဆယ်နိုင်ခဲ့ပုံ အသေးစိတ်အချက်အလက်များ ကိုမူ မထုတ်ပြန်သေးပေ။


ကယ်ဆယ်ရေးသမားများက ရေငုပ်ရန်ပြင်ဆင်နေကြစဉ် (ဓာတ်ပုံ − Thai NavySEAL)

သို့သော် ထိုင်းရေတပ်၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ယမန်နေ့ည ၁၂ နာရီကျော်တွင် ထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်တွင် ကလေးငယ်များကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ကယ်ဆယ်ရေးသမား (နိုင်ငံခြားသား)နှင့် ကလေးငယ်များ အပြန်အလှန် စကားပြောခဲ့သည်။ ထိုသို့စကားပြောရာတွင်

ထိုင်းကလေးငယ် -
‘‘ကျေးဇူးတင်ပါတယ်’’

ကယ်ဆယ်ရေး -
‘‘ဦးတို့လာနေပြီ။ လူအများကြီးပါတယ်။ ဦးတို့က ပထမဆုံးရောက်လာလို့။ အများကြီးပါတယ်’’

ဘောလုံးနည်းပြ -
‘‘ဒီနေ့ဘာနေ့လဲ’’

ကယ်ဆယ်ရေး -
‘‘တနင်္လာနေ့’’

ဘောလုံးနည်းပြ -
‘‘တစ်ပတ်ရှိပြီလား’’

ကယ်ဆယ်ရေး -
‘‘ခင်ဗျားတို့ ဒီထဲရောက်နေတာ ဆယ်ရက်ရှိပြီ။ ခင်ဗျားတို့ အရမ်းသန်မာတယ်။ အလွန်ကို သန်မာတယ်’’ ဟု အင်္ဂလိပ်ဘာသာဖြင့် အပြန်အလှန်ပြောထားသည်ကို တွေ့ရသည်။

လူငယ်ဘောလုံးအသင်းကို ရှာတွေ့ပြီးနောက် ၎င်းတို့ကို ဂူ အပြင်ထိ ကယ်ထုတ်ပြီး ဆေးရုံသို့ချက်ချင်းတင်ပို့ရန် လုပ်ငန်းစဉ် များကိုလည်း ညတွင်းချင်း စီစဉ်ထားပြီဟု ဆိုသည်။ ထို့အပြင် အုပ်ချုပ်ရေးမှူး ကြေညာနေ ချိန်၌ပင် ရေငုပ်ကျွမ်းကျင်သည့် ဆရာဝန်များက လူငယ်များ ခိုအောင်းနေသည့် နေရာသို့သွားရောက်ရန် ပြင်ဆင်နေသည်။

ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်များသည် လူငယ်များ ခိုအောင်းနေရာ ဂူအတွင်းပိုင်း ရေလွတ် ဧရိယာထိ အရောက် သွားပြီး ကနဦးအဆင့် ရှေးဦးသူနာပြုနည်းများဖြင့် ကူညီကုသပေး ထားမည်ဖြစ်သည်။ လတ်တလောတွင် လူငယ်များမှာ ဘေး အန္တရာယ် ကင်းရှင်းသည့်တိုင် အာဟာရပြတ်လပ်ပြီး အလွန်အားနည်းနေသလို လှုပ်လှုပ်ရှား ရှား ပြုလုပ်နိုင်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် ၎င်းတို့ဂူအပြင်ထိ ပြန်ရောက်ရေးအ တွက် အတန်ငယ် အချိန်ယူရဖွယ် ရှိနေကြောင်းလည်း ကယ်ဆယ်ရေးများက မှတ်ချက်ပေးထား သည်။

ဆရာဝန်နှင့် သူနာပြုများက လူငယ်များ၏ ကျန်းမာရေးကို စစ်ဆေးပြီး ပြုစုစောင့်ရှောက် ကုသပေးနေချိန်တွင် ကယ်ဆယ် ရေးအဖွဲ့က ဂူထဲရှိ ရေများကို စုပ်ထုတ်သည့် လုပ်ငန်းစဉ်ကို ပိုမို အားသွန်ဆောင်ရွက်ရန်လည်း ပြင်ဆင်ထားသည်။

‘‘ချက်ချင်းတော့ သူတို့ကို ပြန်မခေါ်နိုင်သေးဘူးပေါ့။ ဆရာဝန်တွေက ကလေးတွေရဲ့ ကာယကြံ့ခိုင်မှု အခြေအနေက လှုပ်လှုပ်ရှားရှားလုပ်လို့ ရလောက်ပြီလို့ အချက်ပြတာနဲ့ သူတို့ကို ဂူထဲကထုတ်လာမယ်။ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင် ကျောင်းပြန် တက်နိုင်တဲ့အထိ ကျွန်တော်တို့ကူညီ စောင့်ရှောက်ပေးသွားပါ မယ်’’ ဟုလည်း ချင်းရိုင်ခရိုင် အုပ်ချုပ် ရေးမှူး နာရွန်ဆက်ခ်က ပြောကြားခဲ့သည်။

 —Ref: The Nation/ Sky News, CNN

More in News Section