နိုင်းမြစ်တကြော မေ့မေ့မျောမျော (ဒီနိုဗို)

အာရှတိုက်ရှိ စာဖတ်သူအများအပြားသည် မိမိ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ စာပေများကိုသာ အကျွမ်းတဝင် ဖတ်လေ့ရှိကြသည်။ အသက်မွေးဝမ်းကျောင်းအလုပ်ဖြင့် ရပ်တည်သော စာရေးဆရာ အတော်များများသည်ပင် နိုင်ငံတကာစာပေဟုဆိုပါ က အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် အစရှိသည့် အနောက်တိုင်း စာရေးဆရာများသာ အကျွမ်းဝင်ကြသည်။ ကမ္ဘာ့တစ်ဖက်ခြမ်း အာဖရိကနှင့် လက်တင်အမေရိကတို့၏ စာပေအနုပညာကိုမူ ထိတွေ့မှုနည်းကြသည်။ ထို့အတူ ထိုအာဖရိကနှင့် လက်တင်အမေရိကရှိ စာဖတ်သူများသည်လည်း ထိုနည်းနှင်နှင် ဖြစ်ကောင်းပါသည်။


သို့သော် မိမိနှင့် အလှမ်းကွာဝေးလွန်းသော ဒေသတို့ရှိ ကိုးကွယ်ရာ ဘာသာ၊ ဓလေ့ထုံးတမ်းနှင့် ယုံကြည်သက်ဝင်မှုများ၊ လူသားစရိုက်နှင့် နိုင်ငံရေးသွင်ပြင်လက္ခဏာများကို အချိန်ရလျှင်ရသလို လေ့လာနိုင်မည်ဆိုပါက ပိုမိုကျယ်ပြန့်သော အသိအမြင်များ၊ အတွေးအခေါ်များ ရရှိနိုင်မည်မှာ မလွဲပေ။ ထိုသို့သော လေ့လာမှုမျိုး၊ ထိုသို့သော ချဉ်းကပ်မှုမျိုး သည် ယနေ့ကမ္ဘာကြီး၌ မလွဲမသွေလိုအပ်လာသော အနေအထားမျိုး ဖြစ်လာသည်။ ထို့ကြောင့် ယခုတစ်ပတ် ဖတ်ညွှန်းကို အီဂျစ်နိုင်ငံသား စာရေးဆရာကြီး မားဖုစ်၏ ဝတ္ထုဖြင့် မိတ်ဆက်ပေးလိုပါသည်။ ၁၉၈၈ ခုနှစ်တွင် စာပေနိုဘယ်ဆု ချီးမြှင့်ခံရသော နာဖစ်မားဖုစ်သည် ၂၀ ရာစု၏ အကျော်ကြားဆုံး စာရေးဆရာများ၌ ပါဝင်ခဲ့သည်။ ၎င်း၏ သုံးအုပ်တွဲ The Cairo Trilogy သည် အာဖရိကတွင်သာမက ကမ္ဘာ့စာပေနယ်ပယ်အထိပါ ရိုက်ခတ်မှု ကြီးမားခဲ့ သည်။ ယခု စာရေးသူဒီနိုဗို ဘာသာပြန်ဆိုသော Adrift On The Nile ဝတ္ထုကိုလည်း စာဖတ်ပရိသတ် များ နှစ်သက်စွဲလမ်းခဲ့ကြသည်။ မားဖုစ်၏ ဝတ္ထုသည် ၁၉၇၀ ပြည့်နှစ်မတိုင်မီက အီဂျစ်နိုင်ငံတွင် နာဆာဦးဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို နောက်ခံထားသည်။ နိုင်းမြစ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေအိမ်တစ်စီးပေါ်၌ ညစဉ် တွေ့ဆုံလေ့ရှိ သော လူတစ်စုကို အခြေခံ၍ ထိုစဉ်က အီဂျစ်လူ့အဖွဲ့ အစည်းအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို မီးမောင်းထိုးပြထားသည်။ နာဆာ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် အီဂျစ်နိုင်ငံသားတို့၏ ဘဝအပေါ် မည်သို့ သက်ရောက်မှုရှိစေကြောင်း၊ ဆိုရှယ်လစ် သရုပ်မှန်ဝါဒဟူသော ယုံကြည်သက်ဝင်မှု တစ်ခု ကြောင့် ပြည်သူများ မည်သို့မည်ပုံ ကြုံတွေ့ခံစားနေရကြောင်း ရေးထားသည်။ အီဂျစ်လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါးနှင့် လိင်ပိုင်းဆိုင်ရာကို မည်သို့ လက်ခံထားကြောင်း စေ့စေ့ငင သိရပါမည်။ မားဖုစ် သည် ယခုဝတ္ထုကို ရေးဖွဲ့ရာ၌ ဆေးရှူစဉ် စိတ်အာရုံ များ မည်ကဲ့သို့ ဖြစ်ပျက်လေ့ရှိကြောင်း အသေးစိတ် ရေးထားရာ ဖတ်ရှုသူမဆိုထားနှင့် ဘာသာပြန်သူ ကိုယ်တိုင် ခက်ခက်ခဲခဲ ပြန်ဆိုရကြောင်း အမှာ၌ ရေးထားသည်။

ထို့ကြောင့် စာအုပ်မိတ်ဆက်တွင် ‘ခေတ်ကာလ က နာဆာ၏ လူမှုစီးပွား ခေတ်ပြောင်းတော်လှန်ရေး ကာလ၊ တာဝန်ရှိမှုဆိုသည့် စကားလုံးက ဘဝလမ်း ညွှန်စကားလုံး ဖြစ်နေသည့်ကာလ၊ ပေါ့တန်တန် အဓိပ္ပာယ်မဲ့ နေထိုင်ခြင်းကို လက်မခံသည့်ကာလ၊ ဤလေးနက်သည့် ကမ္ဘာတွင် အနုပညာသည် အနု ပညာအတွက်ဆိုသည့် သီအိုရီမှာ လူထုအတွက် Message ပေးရမည်။ တစ်ခုခု ထွက်ပေါက်ကို ညွှန် ပြရမည်ဆိုသည့် ဆိုရှယ်လစ်သရုပ်မှန်ဝါဒ မီးမောင်း အောက်တွင် မှေးမှိန်ခဲ့ရသည်။ ဤအခြေအနေတွင် ဘူဇွာလူတန်းစားတို့မှ ဆင်းသက်လာသော ဤလူ လတ်ပိုင်း လူလတ်တန်းစားတစ်စုမှာ ခြောက်ကပ် ကပ် ငေါင်စင်းစင်း ကျန်ရစ်နေခဲ့ရာ သူတို့ အလွန် အမင်း လွမ်းဆွတ်တမ်းတနေကြသည့် သက်သောင့် သက်သာနှင့် စွဲမက်ဖွယ်ကောင်းလှသည့် လောကကို ပြန်လည်ဖန်တီးဖို့ရာ မျှော်လင့်ချက်ဖြင့် လရောင် အောက်တွင် စုကြပြီး ဆေးရှူကြသည်။ စကားစမြည် ပြောကြသည်။ သူတို့၏ သရော်လှောင်ပြောင်ချက် များက မီးတိုင်တစ်ဝိုက် ဝဲပျံနေကြသော မှက်များလို ဘာမှအရေးမပါလှ။ သူတို့မှာ အလယ်ခေတ် Mamluk ဆူလတန်မင်းများခေတ်ကို လွမ်းမောတမ်းတကြသည်။ သူတို့အတွက် ပုံမှန်အဖော်ပြုစရာက Kif (သို့မဟုတ်) Hashish ဖြည့်ထားသည့် ရေပြောင်း၊ ရီဝေဝေ အခိုးအငွေ့တွေက သူတို့ရဲ့ဘဝဖြစ်တည်မှု ဆိုင်ရာ စိတ်ပျက်ဝမ်းနည်းမှု၊ ထိတ်လန့်ချောက်ချားမှုများကနေ ယာယီ မေ့ဖျောက်စေသည်။ သို့သော် တစ်ည၊ စိတ်ကူးနှင့်အဖြစ်မှန် တိုးတိုက်မိကြပြီး တင်ကြိုမသိနိုင်သည့် အကျိုးဆက်များ ကြုံရသည်။ ချောက်ချားခြင်းနှင့် အလွန်အမင်း လေးနက်မှုကို ကြုံ ရတော့သည်’ဟု ရေးထားသည်။ စာအုပ်ကို နွယ်နီ စာပေက တန်ဖိုး ၃,၀၀၀ ကျပ်ဖြင့် ထုတ်ဝေဖြန့်ချိ သည်။