ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်အခန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော်ကို ပြတိုက်အဖြစ် ဖွင့်လှစ်မည်
အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့်အခန်းကို ၂၀၁၇ အာဇာနည်နေ့က ပြည်သူများ လာရောက်ကြည့်ရှုလေ့လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
‘‘နောက်နှစ်ထဲဖွင့်မယ်။ ခန့် မှန်းခြေအရဆို နောက်နှစ်မတ်လ လောက်ပြီးပြီးတော့ ဖွင့်နိုင်ဖို့ရှိပါ တယ်’’ဟု ၎င်းကပြောသည်။
ဇူလိုင် ၇ ရက်တွင် ၀န်ကြီး များရုံးဟောင်း၌ ပြုလုပ်သည့် (၇၁)ကြိမ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ် သည်။
ဝန်ကြီးများရုံးဟောင်းကို အနော်မာ အနုပညာအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် နှစ်(၅၀) မြေငှားရမ်း၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းဆောင် ရွက်နေပြီး ပြီးစီးပါက အာဇာနည်များပြတိုက်၊ လွှတ်တော်ပြတိုက်၊ အနုပညာပြခန်းများ၊ မြန်မာတိုင်းရင်းသားရိုးရာပစ္စည်းပြခန်းများ၊ ရုံးခန်းများ ဖွင့်လှစ်မည်ဖြစ် ကြောင်း ဒေါက်တာမောင်မောင် သိမ်းကဆိုသည်။
‘‘ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းကို မူလအတိုင်းပြဖို့စီစဉ်နေပါတယ်။ စားပွဲ၊ ကုလားထိုင်တွေကို  နိုင်ငံတော်က ငှားပေးမယ်ဆိုရင်ပြလို့ရမယ်။ သို့သော်လည်း မရခဲ့ရင် ပုံတူပြဖို့ စီစဉ်ထားပါတယ်။ ကျည်ဆန်ရာရှိရင် ကျည်ဆန်ရာ အစစ်အတိုင်းပြဖို့ လုပ်ထားပါ တယ်’’ဟု ၎င်းကပြောသည်။
 ထို့အပြင် ၀န်ကြီးများရုံးဟောင်းနေရာသည် ၁၆ ဧက ကျယ်ဝန်းသောကြောင့် အများပြည်သူများ အပန်းဖြေနိုင်မည့် ပန်းခြံအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ၀င်ကြေးကို အများပြည်သူ တတ်နိုင်သည့် နှုန်းထားအတိုင်း သတ်မှတ်မည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းကဆိုသည်။ ၀န်ကြီးများရုံးဟောင်းကို ပြင်ဆင်နေသည်မှာ  တစ်နှစ်ကျော် ကြာမြင့်ပြီးဖြစ်ကာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
‘‘ဒါကို ပြင်ဆင်တာ ကျပ် သန်း ၂၀ ကျော် ကုန်ကျပါတယ်။  အသစ်ဆောက်တာ လွယ်တယ် လေ။ ပြင်တဲ့အခါ နဂိုလက်ရာမပျက်အောင် ပြင်ရတဲ့အတွက် ပိုလက်ဝင်တယ်။ နိုင်ငံတကာ ပညာရှင်တွေကိုလည်း ခေါ်ရ တယ်။ နောက်နှစ်ထဲဖွင့်မယ်။ ၇၀ ရာခိုင်နှုန်း ကျန်သေးတယ်။ ဦးစားပေးပြတိုက်နှစ်ခုက ၈၀ ရာခိုင်နှုန်းပြီးသွားပြီ’’ဟု ၎င်းကဆိုသည်။ နှစ် ၁၂၀ ကျော် သက်တမ်းရှိသည့် ၀န်ကြီးများရုံးဟောင်းကို အင်္ဂလိပ်လက်ထက်ကတည်းက အုပ်ချုပ်ရေးရုံးအဖြစ် အသုံးပြုခဲ့ပြီး လွတ်လပ်ရေးရပြီးခေတ်၌ တိုင်းပြုပြည်ပြုလွှတ်တော်တည်ရှိသည့် အဆောက်အအုံဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအလံကို အတွင်းဝန်များရုံးတွင် လွှင့်တင်ခဲ့ပြီး သမိုင်းအစဉ်အလာကြီးသော နေရာတစ်ခုဖြစ်သည်။
More in Politics Section