ရဲတပ်ဖွဲ့ဝင်ချင်း စကားများရာမှ လူသတ်မှုဖြစ်

 ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာမှ ဓားဒဏ်ရာဖြင့် တစ်ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြော သည်။

သာပေါင်းမြို့နယ် မြို့မ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော အသက်(၂၆)နှစ်အရွယ် ရဲတပ်သားအေးချမ်းစိုးကို (၂၄)နှစ်အရွယ် ရဲတပ်သား ချစ်ပိုင်ထူးက ဇူလိုင် ၅ ရက် ညတွင် ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်းကပြောသည်။


ကင်းတာဝန် ထမ်းဆောင် နေသော ရဲတပ်သားအေးချမ်းစိုး ကို အရက်မူးနေသော ရဲတပ်သား ချစ်ပိုင်ထူးက အရက်မတိုက်သည့်ကိစ္စနှင့် အပြန်အလှန် စကားများသဖြင့် ရဲကင်းမှူး တာဝန်ကျနေသော အရာရှိတစ်ဦးက ဖျန်ဖြေခဲ့သည်။

ထို့နောက် လှည့်ကင်းတာ ဝန်ထမ်းဆောင်ရန် လှည့်ကင်းမှူး က ရဲတပ်သားချစ်ပိုင်ထူးကို အိမ် တွင် ယူနီဖောင်းပြန်ဝတ်ခိုင်းရာ ၁၀ မိနစ်ခန့်အကြာတွင် ပြန် ရောက်လာကြောင်း၊ ထို့နောက် အရက်တိုက်ခိုင်းသည့်ကိစ္စနှင့်ပင် ထပ်မံစကားများပြီး ချစ်ပိုင်ထူးက အသင့်ယူဆောင်လာသော အရိုး အသွား ခုနစ်လက်မခွဲရှိသည့် ဦးချွန်ဓားမြှောင်ဖြင့် အေးချမ်းစိုးကို ထိုးခဲ့ကြောင်း အထက်ပါ အဆင့်မြင့်ရဲအရာရှိက ပြောကြားသည်။

‘‘ဓားဒဏ်ရာက နှစ်ချက်၊ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်ကို အထိုး ခံရတာ။ သူတို့နှစ်ယောက် ရန်ဖြစ်နေတာကို ဝင်ဖျန်ဖြေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဘယ်ဘက်လက်ဖျံကိုလည်း ထိသွားတယ်’’ ဟု အဆိုပါရဲအရာရှိက ပြော သည်။

အေးချမ်းစိုးကို သာပေါင်း ပြည်သူ့ဆေးရုံသို့ တင်ပို့ရာ ရရှိ သည့်ဒဏ်ရာ ပြင်းထန်သဖြင့် ပုသိမ်ဆေးရုံသို့ လွှဲပြောင်းစဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ရဲတပ်သား ချစ် ပိုင်ထူးကို အဆိုပါရဲစခန်း၌ လူသတ်မှုနှင့် နာကျင်စေမှုဖြင့် အရေးယူထားသည့်အပြင် ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေဖြင့်ပါ ထပ်မံ အရေးယူထားကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။