ကန်တော်ကြီးဥယျာဉ်ရှိတံတားကျိုးကျ၍ အားကစားလေ့ကျင့်နေသူငါးဦး ရေထဲပြုတ်ကျ

ကြံ့ခိုင်မှုအားနည်းသော တံတားအပိုင်းများကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးမည်ဟု မြို့တော်ဝန်ဆို
တံတားကျိုး၍ ရေထဲပြုတ်ကျခဲ့သူများကို ဆယ်ယူနေစဉ် (ဓာတ်ပုံ − TunLin / FB)

ကန်တော်ကြီးပုဂံလုံး ကျွန်းရှိ သစ်သားတံတားတွင် ဇူလိုင် ၈ ရက်က လူငါးဦး အား ကစားလေ့ကျင့်နေစဉ် တံတား ကျိုးကျသဖြင့် ပန်းဥယျာဉ်ဌာန ၀န်ထမ်းများက လှေဖြင့် ကူညီ ကယ်ဆယ်ခဲ့ရသည်။ 


တံတားသည် ခြောက်ပေခွဲ ခန့်ကျိုးကျပြီး အားကစားလေ့ ကျင့်နေသူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦး ရေကန်ထဲ ပြုတ်ကျခဲ့ကြောင်း၊ ၀န်ထမ်းများ က အချိန်မီ ကယ်ဆယ်နိုင်ခြင်း ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်ခဲ့ကြောင်း တောင်ပိုင်းခရိုင် ဌာနမှူးဦးအောင်ဇော်ဦးက ပြော သည်။ ယင်းဖြစ်စဉ်ကြောင့် ပုဂံ လုံးကျွန်းရေလယ်ဆောင်အနီးရှိ တံတားကို ဇူလိုင် ၈ ရက်ကစတင် ပိတ်ထားခဲ့သည်။

ကန်တော်ကြီးဥယျာဉ်ရှိ တံ တားကို ၂၀၀၄ ကတည်းကတည် ဆောက်ထားပြီး တံတားအရှည် ပေ ၇,၀၀၀ ရှိကြောင်း၊ ယင်းတံ တားသည် နှစ်ကာလကြာမြင့်၍ ဆွေးမြည့်နေပြီဖြစ်ရာ ပြန်လည် ပြုပြင်ရန် တင်ပြသော်လည်း ဘဏ္ဍာငွေလျာထားချက်အတိုင်း သာရရှိသောကြောင့် တံတားတစ် ခုလုံးပြုပြင်၍ မရကြောင်း ၎င်းက ဆိုသည်။

‘‘ဒီမှာရှိတဲ့ဝန်ထမ်းတွေက ကျိုးနေတဲ့တံတားနေရာတွေကို ရှိတဲ့သစ်သားတွေနဲ့ အစားထိုးပြီး ပြင်လို့ရသလောက် နေ့တိုင်းပြင် နေပါတယ်။ အရင်တော့ အပန်း ဖြေတဲ့သူတွေ၊ အားကစားလုပ်တဲ့ သူတွေကို တံတားပေါ်မတက်ဖို့ ပိတ်ပင်ရင် အဟန့်အတားဖြစ်မှာ စိုးလို့ မပိတ်ပင်ခဲ့ဘူး။ အခုတော့ ဒီလိုတံတားကျိုးလို့ နောက်ထပ် ထိခိုက်ဒဏ်ရာဖြစ်မှာစိုးလို့ တံ တားပေါ်မတက်ရတော့ဘူး။ ပိတ် လိုက်ပြီ’’ ဟု ဦးအောင်ဇော်ဦးက ပြောသည်။

ကန်တော်ကြီးပတ်လမ်း မူ လသစ်သားတံတားသည် ကြံ့ခိုင် မှုလျော့နည်းသဖြင့် အစိုးရသစ် တက်လာပြီးနောက်ပိုင်း သံကူ ကွန်ကရစ်တံတား တည်ဆောက် ခဲ့ရာ ၂၀၁၇ တွင်ပေ ၁,၂၅၀  ပြီး စီးကာ ယခုနှစ်ဘတ်ဂျက်၌ ပေ ၂,၀၀၀ ထိပြီးစီးရန် ရည်မှန်းထား ကြောင်း ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုး၏ ဖေ့စ်ဘွတ်ခ်တွင် ယမန်နေ့ကရေးသားထားသည်။

ကျန်ရှိသော တံတားပေ အရှည်များကို ဘတ်ဂျက်နှစ်အ လိုက် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ထား ကြောင်း၊ လက်ရှိကြံ့ခိုင်မှုနည်း သော၊ မတည်ဆောက်ရသေး သောအပိုင်းများကိုလည်း စစ် ဆေးကြည့်ရှုပြီး ဖြတ်သန်းသွား လာခွင့်အန္တရာယ်ရှိနိုင်သောနေ ရာများကို အသိပေးဆိုင်းဘုတ် များချိတ်ဆွဲ၍ အများပြည်သူသိရှိ စေရန် ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တံတားအပိုင်းများ ဆွေး မြည့်နေသောကြောင့် ယင်း ဥယျာဉ် ၀န်ထမ်းများသည် ဥယျာဉ်အတွင်း အားကစားလေ့ ကျင့်သူများနှင့် အပန်းဖြေလာသူ များကို တံတားပေါ်တက်ပါက သတိထားတက်ရန် မကြာခဏ သတိပေးကြောင်း ဥယျာဉ်ဝန် ထမ်းများက ပြောသည်။

‘‘တံတားကတော်တော်ဆွေး နေပြီ။ သာမန်လမ်းလျှောက်တာ တောင် တံတားကလှုပ်နေတာ။ တချို့နေရာတွေဆို သစ်သားတွေ က ပေါက်နေတာ’’ ဟု ကန်တော် ကြီးဥယျာဉ်သို့ လာရောက်လည် ပတ်သူအသက်(၃၀)ကျော်အမျိုး သားတစ်ဦးက ပြောသည်။

အဆိုပါဥယျာဉ်ရှိ တံတား ပိုင်းများသည် မကြာခဏကျိုးကျ နေသော်လည်း ယခင်ကလူပြုတ် ကျသည့်အခြေအနေထိမဖြစ်ဘဲ ယခုကျမှသာ လူပြုတ်ကျသည်အ ထိဖြစ်ခဲ့ကြောင်း ဦးအောင်ဇော်ဦး က ပြောသည်။