ထိုင်းကျောက်ဂူထဲမှာ အင်္ဂလိပ်လို ပြောခဲ့တဲ့ တစ်ဦးတည်းသော ကလေးငယ်က မြန်မာနိုင်ငံဖွားဖြစ်


ဂူထဲမှာ တွေ့ရှိခဲ့ရတဲ့ လူငယ်တွေ

ထိုင်းကျောက်ဂူထဲ ပိတ်မိနေတဲ့ လူငယ် ဘောလုံးအသင်းကို ပထမဆုံး ရှာတွေ့ချိန်မှာ ရေငုပ်သမားတွေကို အင်္ဂလိပ်လို ဆက်သွယ် ပြောဆိုခဲ့တဲ့ ကလေးငယ်ဟာ မြန်မာနိုင်ငံဖွား ဝတိုင်းရင်းသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
 
စင်ကာပူ အခြေစိုက် Straits Times သတင်းစာက မျက်လုံးပြူးပြူးနဲ့ ဆယ်ကျော်သက်လေး အဒူလ်ဆမ်အွန်နဲ့ ပတ်သက်လို့ နောက်ကြောင်း စုံစမ်းပြီး ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် အဒူလ်ဟာ မြန်မာနိုင်ငံက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မွေးဖွားခဲ့ပြီး ခရစ်ယာန် ကျောင်းဆရာတွေရဲ့ စောင့်ရှောက် ပျိုးထောင်မှုနဲ့အတူ ထိုင်းနိုင်ငံမှာ ကြီးပြင်းခဲ့ပါတယ်။
 
သူဟာ ထိုင်းနဲ့ အင်္ဂလိပ် စကားတွေအပြင် တရုတ်စကား၊ မြန်မာစကားတွေကိုပါ ရေလည်အောင် ပြောဆိုနိုင်ပါတယ်။ အင်္ဂလိပ် ရေငုပ်သမား နှစ်ဦးက သမ်လွန်ဂူထဲ ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို ပထမဆုံး ရှာတွေ့ချိန်မှာ အဒူလ်က အားလုံးကိုယ်စား ဘာသာပြန်ပြီး ဆက်သွယ် စကားပြောခဲ့တာ ဖြစ်ပါတယ်။
 
စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံထက် လျော့နည်းတဲ့ အရေအတွက်လောက်သာ အင်္ဂလိပ်လို ပြောတတ်တဲ့ ထိုင်းနိုင်ငံမှာတော့ အဒူလ်ရဲ့ ဘာသာစကား ကျွမ်းကျင်မှုကို ချီးကျူးနေကြပါတယ်။ ဂူထဲမှာ လူငယ်တွေကို ရှာတွေ့ပြီး နာရီပိုင်းလောက် အကြာမှာ ဗီဒီယို တစ်ခုကို ထုတ်ပြန်ခဲ့တဲ့အခါ အဒူလ်က ထိုင်းရိုးရာအတိုင်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောဆိုနေတာ တွေ့နိုင်ပါတယ်။ အဒူလ်ဟာ ယဉ်ကျေးပြီး သူ့ရဲ့ ကိုယ်အမူအယာကလည်း သိမ်မွေ့တယ်လို့ သူ့ကို သင်ကြားဖူးတဲ့ ကျောင်းဆရာ တစ်ယောက်က ဆိုပါတယ်။
 
ရေငုပ်သမားတွေနဲ့ ပထမဆုံး တွေ့ဆုံချိန်မှာ အဒူလ်က နေ့စွဲကို လှမ်းစုံစမ်းခဲ့သလို သူတို့အားလုံး ဗိုက်ဆာနေကြပြီလို့ အင်္ဂလိပ်လို ပြောပြခဲ့ပါတယ်။ ဘောလုံးအသင်း တစ်သင်းလုံးမှာ သူတစ်ယောက်ပဲ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောဆိုတတ်တာ ဖြစ်ပါတယ်။
 
အဒူလ်ဟာ ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့အတူ ၇ နှစ် အရွယ်ကတည်းက မိသားစုကို စွန့်ခွာပြီး ထိုင်းမြောက်ပိုင်းမှာ လာရောက် အခြေချနေခဲ့တာပါ။ ဒါပေမဲ့ မိဘတွေကတော့ သူနေထိုင်ရာ ခရစ်ယာန် ဘုရားကျောင်းဆီ ပုံမှန် လာရောက် လည်ပတ်လေ့ ရှိပါတယ်။
 
အဒူလ်ဟာ ပြည်တွင်း ပဋိပက္ခတွေရဲ့ အကျိုးဆက်အဖြစ် နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ထိုင်းမှာ ခိုလှုံနေသူ လေးသိန်းကျော်ထဲက တစ်ဦး ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အဲဒီ ဒုက္ခသည် ဦးရေဟာ လက်တွေ့မှာ သုံးသန်းခွဲလောက်ထိ များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။