ရခိုင်အသင်း၏ အိမ်ကွင်းလက်ကျန်ပွဲများ ရန်ကုန်မြို့သို့ ပြောင်းလဲကျင်းပမည်

 ရခိုင်ယူနိုက်တက်အသင်း၏ မြန်မာလိဂ်အိမ်ကွင်း လက်ကျန်ပွဲများကို ရာသီဥတုအခြေအနေနှင့် ကွင်းအခြေအနေ တို့ကြောင့် ရန်ကုန်မြို့သို့ ပြောင်း လဲကျင်းပမည်ဖြစ်ကြောင်း လိဂ် ကော်မတီက သတင်းထုတ်ပြန်သည်။

ရခိုင်အသင်း အိမ်ကွင်းဖြစ် သည့် စစ်တွေမြို့ ဝေသာလီအားကစားကွင်းသည် ရာသီဥတုနှင့် ကွင်းအခြေအနေ ဆိုးရွားခြင်း ကြောင့် အိမ်ကွင်းလက်ကျန်ပွဲစဉ် များကို ရန်ကုန်မြို့ရှိ ဘောလုံး ကွင်းများ၌ ပြောင်းလဲကျင်းပနိုင် ရန် ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံ စာတင်ခဲ့ပြီး စိစစ်ခွင့်ပြုခဲ့ ကြောင်း လိဂ်ကော်မတီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


‘‘ရခိုင်အသင်း တာဝန်ရှိသူ တွေက တင်ပြလာတာကြောင့် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးရတာပါ။ ရာသီဥတုဆိုးတဲ့အခါ ပြိုင်ဘက်အသင်းတွေ သွားလာရမလွယ်တာ၊ ကွင်းအနေ အထား ပိုပြီးပျက်စီးနိုင်တာ ကြောင့် ရန်ကုန်မှာပဲ လက်ကျန်ပွဲ တွေ ကျင်းပဖို့ တောင်းဆိုတာကို လိဂ်ဘက်က လိုက်လျောပေးခဲ့ တာပါ’’ဟု ၎င်းကပြောသည်။

မိုးရာသီကာလ ဖြစ်သဖြင့် စစ်တွေ-ရန်ကုန် လေယာဉ်ပျံ သန်းချိန် နောက်ကျခြင်း၊ ခရီးစဉ် ဖျက်သိမ်းခြင်း မကြာခဏ ကြုံတွေ့ရကြောင်း၊ ပြီးခဲ့သည့် ရခိုင်နှင့် ဇွဲကပင်အသင်း ပွဲစဉ်တွင်လည်း ဇွဲကပင်အသင်းသည် ပွဲပြီးနောက်တစ်ရက်တွင် ရာသီဥတု အခြေအနေကြောင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ နှစ်ရက်ထပ်မံနေထိုင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ထို့အပြင် ရခိုင်ပြည်နယ် အစိုးရက ကြီးမှူးကျင်းပသည့် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း စုံ အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ မိုးရာသီဖြစ်သဖြင့် ကွင်း၏ မြက်ခင်းအခြေအနေသည် ပြိုင်ပွဲကျင်းပရန် အခက်အခဲရှိနေကြောင်း မြန်မာလိဂ်ကော်မတီက ထုတ် ပြန်သည်။

ထို့ကြောင့် စစ်တွေမြို့ ဝေသာလီကွင်း၌ ကျင်းပရန်ရှိသည့် ၂၀၁၈ မြန်မာလိဂ်လက်ကျန်ပွဲ ရခိုင်နှင့်ဧရာဝတီ၊ ရခိုင်နှင့် ရှမ်းအသင်းတို့၏ ပွဲများကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း မြန်မာ လိဂ်က ထုတ်ပြန်သည်။

၂၀၁၈ မြန်မာလိဂ်ပွဲစဉ်(၁၉) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားပြီး ရှမ်း အသင်းက ရမှတ် ၄၀ ဖြင့် ဒုတိယ နေရာက ဖိအားပေးနေသည်။