အယ်ဒီတာ့အာဘော်

ကမ္ဘာ့ဖလားမှပေးသော သင်ခန်းစာ

ဇာတ်ရှိန်အမြင့်ဆုံးရောက်လာသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကပေးသည့် သင့်အတွက် အကောင်းဆုံးသင်ခန်းစာနှင့်သတင်းစကားမှာ ဘာဖြစ်ပါသလဲ။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံး မိနစ်သွင်းဂိုးများ၊ VAR  ဗီဒီယိုလက်ထောက်ဒိုင်လူကြီးခေါ် ဘော လုံးပွဲ၏ အငြင်းပွားဖွယ်ရာများနှင့်အဓိကအခိုက်အတန့်များကို နည်း ပညာအသုံးပြုဖြေရှင်းနေခြင်း၊ တိုက်စစ်ကိုအသားပေးသောအသင်းများ အောင်ပွဲခံကာ သွင်းဂိုးများသောပြိုင်ပွဲဖြစ်ခြင်း၊ နာမည်ကြီးအသင်းအများစု ထင်တိုင်းမပေါက်ခဲ့ခြင်းစသောရသမျိုးစုံဖြင့်ကမ္ဘာတစ်လွှားမှ ပရိတ်သတ်များကို အရှိန်အဟုန်ဖြင့်ဖမ်းစားနေသည်။

အထက်ပါ အကြောင်းအရာများထက် လူငယ်မျိုးဆက်သစ်များ ရဲရဲဝံ့ဝံ့ပွဲထုတ်ခဲ့သော အသင်းအောင်ပွဲခံပြီး၊ လူငယ်များကို မယုံကြည်ဘဲ နေရာမပေးခဲ့သောအသင်းကြီးအချို့ကျရှုံးခဲ့မှုကို ယနေ့ဆွေးနွေး လိုပါသည်။ ဗိုလ်စွဲရန်ရေပန်းအစားဆုံးထိပ်ဆုံးငါးသင်းဝင် ဂျာမနီနှင့် အာဂျင်တီးနားအသင်းတို့၏ကျရှုံးမှုက လူငယ်မျိုးဆက်သစ်များကို  နေရာမပေးဘဲ နည်းပြ၏စွန့်စားရဲသော စိတ်ဓာတ်နည်းပါးခြင်းမှာ အဓိကအကြောင်းရင်းများဖြစ်ကြောင်း သုံးသပ်ပါသည်။

ဆယ်နှစ်အတွင်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ငါး ကြိမ်ရ လီယွန်နယ်မက်ဆီ၏ အာဂျင်တီးနားအသင်းမှာ လူငယ် ကစားသမားများကို လျစ်လျူအရှုဆုံးအသင်းဟုဆိုရပေမည်။ ၂၀၁၄ ကမ္ဘာ့ဖလားဒုတိယအသင်းမှ ကစားသမားအများစုကိုပင် ပွဲထုတ်ပြီး လူငယ်ကစားသမားများကိုနေရာမပေးသည့်အတွက် ယခုပြိုင်ပွဲတွင် စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။ နိုင်ဂျီရီးယားကို နှစ်ဂိုးတစ်ဂိုးဖြင့်နိုင်သော အုပ်စုနောက်ဆုံးပွဲတွင် ၁၁ ယောက်၏ ပျမ်းမျှအသက်မှာ ၃၀ နှစ် ၁၈၉ ရက်ရှိပြီး အာဂျင်တီးနားအသင်း၏ကမ္ဘာ့ဖလားဝင်ပြိုင်ခဲ့သောသမိုင်း တစ်လျှောက်အသက်အကြီးဆုံးအသင်းဆိုသောစံချိန်ဖြစ်သည်။ လူငယ် ကစားသမားများကိုနေရာမပေးဘဲ ဝါရင့်ကစားသမားများကိုသာ အား ကိုးခဲ့ခြင်းအတွက်ပေးဆပ်ခဲ့ရမှုမှာ(၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွင် ငယ်ရွယ်နုပျိုပြီး ပါရမီရှင်ဘောလုံးသမားများစွာပါဝင်သော ပြင်သစ် အသင်း၏လျင်မြန်မှုနှင့်ခွန်အားကိုမယှဉ်နိုင်ဘဲရှုံးနိမ့်ပြီး ပြိုင်ပွဲမှစောစီး စွာထွက်ခဲ့ရခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းအတွက် မရဖူးသော ဖလားမရှိသောမက်ဆီအတွက် နိုင်ငံလက်ရွေးစင်အသင်းကြီးဖြင့် ကမ္ဘာ့ ဖလားရယူရေးအိပ်မက်မှာ နည်းပြဆမ်ပါအိုလီ၏ စွန့်စားလိုစိတ်နည်းပါးမှုအောက်တွင်စေားစီးစွာ ပျက်သုဉ်းခဲ့သည်။

ကမ္ဘာ့ဖလားလက်ရှိချန်ပီယံနှင့် ၂၀၁၇ ကွန်ဖက်ဒရေရှင်းချန်ပီယံ ဂျာမနီအုပ်စုမှ လှည့်ပြန်ခဲ့ရခြင်း၏ အဓိကအချက်တစ်ချက်မှာလည်း လူ ငယ်များကိုမယုံကြည်ဘဲ ဝါရင့်ကစားသမားများကိုသာ အားကိုးခဲ့ခြင်း ကြောင့် ဖြစ်သည်။ ဘာကာအတွက်အကောင်းဆုံးလက်စွမ်းပြနေသော တာစတီဂန်ကို နေရာမပေးဘဲ ကြံ့ခိုင်မှုအတွက် ရုန်းကန်နေရသော ဝါရင့်ဂိုးသမားနျူအာကို ဦးစားပေးခဲ့ခြင်းက အဖွင့်ပွဲတွင် အထိနာစေခဲ့သည်။ ထို့အပြင် မန်းစီးတီးတွင် အကောင်းဆုံးခြေစွမ်းပြသနေသော ပရီးမီးယာလိဂ်၏အလျင်မြန်ဆုံးကစားသမား လူငယ်ကြယ်ပွင့် ဆာနေးကို ချန်လှပ်ခဲ့ပြီး ခီဒီယာ၊ မူလာ၊ ခရုဇ်၊ အိုဇေးလ်ကဲ့သို့ ဝါရင့်ကစားသမားများကို ဦးစားပေးခဲ့ခြင်းကလည်း နည်းပြဂျိုအာချင်လို တွက်ကိန်းမှားခဲ့ခြင်းဖြစ်သည်။ အသင်းလိုက်ပျမ်းမျှအသက်မှာ အာဂျင်တီးနားကဲ့သို့ မကြီးလှသော်လည်း အဖွင့်ပွဲနှင့်အုပ်စုနောက်ဆုံးပွဲတွင် အောင်မြင်မှု မဆာလောင်တော့သော ဝါရင့်ကစားသမားများကို အဓိကပွဲထုတ်ခဲ့ခြင်းက ဂျာမနီကိုအုပ်စုမှပင် ပြုတ်စေခဲ့လေသည်။

အထက်ပါနှစ်သင်းနှင့်ဆန့်ကျင်ဘက် လူငယ်များကိုရဲရဲဝံ့ဝံ့နေ ရာပေးပြီး ရလဒ်ကောင်းများရရှိနေသောနှစ်သင်းမှာ ပြင်သစ်နှင့် အင်္ဂ လန်အသင်းတို့ဖြစ်သည်။ အဆိုပါနှစ်သင်းစလုံး၏ ကစားသမားတစ် ဦးချင်း၏ပျမ်းမျှအသက်မှာ (၂၆)နှစ်သာရှိသော်လည်း နည်းပြများက လူငယ်ကစားသမားများကို ယုံယုံကြည်ကြည်နေရာပေးခဲ့ခြင်းက ပြိုင်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနေသည်။

ထိုအချက်က လက်ရှိမြန်မာ့နိုင်ငံရေးနှင့်အဖွဲ့အစည်းအားလုံး အတွက်လည်း သင်ခန်းစာပင်ဖြစ်သည်။ အထူးသဖြင့် စိန်ခေါ်မှုများ စွာရင်ဆိုင်နေရသော နိုင်ငံကိုဦးဆောင်နေရသည့် မြန်မာအစိုးရအဖွဲ့ တွင် လူငယ်များအတွက် နေရာပေးမထားပေ။ အစိုးရအဖွဲ့၏အဓိက တာဝန်ရှိသူများမှာ အသက်အရွယ်ကြီးသူများသာဖြစ်နေသည်။ ထို့ ကြောင့် လွန်ခဲ့သည့်လများကအစိုးရအဖွဲ့ပိုမိုအင်အားတောင့်တင်း လာရန် အပြောင်းအလဲများပြုလုပ်နိုင်သည်ဟုသတင်းများထွက်ပေါ် ခဲ့သော်လည်း လက်တွေ့တွင်မဖြစ်ပေါ်ခဲ့ပေ။

လူငယ်များကိုနေရာပေးရန်အရေးကြီးကြောင်းကို တက်လာ သည့်အစိုးရတိုင်းကမကြာခဏပြောတတ်သော်လည်း လက်တွေ့ တွင်မူ အစိုးရအဖွဲ့၏အဓိကနေရာများတွင်မူလူငယ်များအတွက် နေ ရာမရှိသေးပေ။ အလားတူရှေးရိုးစွဲအဖွဲ့အစည်းများတွင်လည်း အ လားတူ ပြဿနာမျိုးရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုကဲ့သို့စီမံခန့်ခွဲမှု များအတွက် ရုရှားကမ္ဘာ့ဖလားမှ အာဂျင်တီးနား၊ ဂျာမနီ၊ အင်္ဂလန် နှင့်ပြင်သစ်တို့ကပေးသော သင်ခန်းစာကိုယူတတ်ရန်လိုပါသည်။