တာဝန်တွေ ကျေပွန်ပါရဲ့လား

ဒီနေ့ခေတ် ကလေးတွေမသိ ကြတော့ဘူး၊ ဒီနေ့ခေတ် လူငယ်တွေမတတ်ကြတော့ဘူး၊ ဒီနေ့ခေတ် ချာတိတ်တွေ စာဖတ်ရ ကောင်းမှန်း မသိတော့ဘူးစတဲ့ စကားတွေ ရေရွတ်မိဖူးပါသလား။ အဲဒီလို ရေရွတ်ဖူးတယ်ဆိုရင် သင်ဟာ ပျက်ကွက်သူတစ်ယောက် ဖြစ်တယ်ဆိုတာ ၀န်ခံလိုက်တာပါ ပဲ။ ကလေးတွေ သိအောင်လုပ်ဖို့ ပျက်ကွက်ခဲ့သူ၊ လူငယ်တွေ တတ် အောင် မသင်ကြားခဲ့သူ၊ ချာတိတ် တွေ စာဖတ်ခြင်းမှာ ပျော်မွေ့ အောင် လေ့ကျင့်မပေးခဲ့သူလို့ သင့်ကို  သတ်မှတ်ရပါလိမ့်မယ်။

ဒီနေ့ခေတ်ကလေးငယ်တွေ က အီလက်ထရွန်နစ်ကိရိယာ တွေနဲ့ လူလားမြောက်ကြသူတွေ မို့ သူတို့ကို လက်မမျိုးဆက် (Thumb Generation) လို့ ပညာ ရှင်တွေက သတ်မှတ်ကြတယ်။ ကျွန်တော်တို့ မသိတာတွေ သူတို့ သိကြတယ်။ ကျွန်တော်တို့ မတတ်တာတွေ သူတို့တတ်ကြတယ်။ ဒီ နေ့ခေတ် ကလေးတွေက တစ်နှစ် ကျော်အရွယ်မှာပင် ဖုန်းထဲမှာပါ တဲ့ ဂိမ်းတွေ ကစားနိုင်ကြပြီ။ မူလ တန်းတက်ပြီဆိုတာနဲ့ အသင့်စား အစားအစာတွေက ကျောင်းမုန့် ဈေးတန်းမှာ အလွယ်တကူဝယ် လို့ရနေတယ်။ လသားအရွယ်က စပြီး ရယ်ဒီမိတ်အ၀တ်အထည် တွေ ၀တ်ဆင်ခွင့်ရလာတဲ့သူတွေ ဖြစ်တယ်။ မိဘနှစ်ယောက်စလုံး အလုပ်လုပ်နေရတဲ့ခေတ်မှာ မိဘ ရင်ခွင်မှာ အကြာကြီးခိုလှုံခွင့်မရ ခဲ့ကြဘူး။

သူတို့လေးတွေက အီလက် ထရွန်နစ်ကိရိယာတွေနဲ့ ကြီးပြင်းခဲ့ရသူတွေပီပီ ရွှေယုန်နဲ့ ရွှေကြား သက်ငယ်ရိတ်တာ မသိတော့ဘဲ တွန်မ်နဲ့ ဂျယ်ရီကိုသာ သိကြ တော့တယ်။ ငတက်ပြားနဲ့ မိဖုရားစောဥမ္မာအစား အလီဘာဘာနဲ့ ခိုးသား ၄၀ ကိုသာ သိကြတော့ တယ်။ မြန်မာပုံပြင်တွေ နားထောင်ခွင့်မရခဲ့တဲ့ ကလေးတွေက ပုံပြင် ထဲက ဇာတ်ကောင်တွေသိနိုင်စွမ်း မရှိတော့ဘူး။ ပုံပြောဖို့ ပျက်ကွက် သူတွေသာ တာဝန်ရှိပါတယ်။ သူ တို့လေးတွေ အသင့်စား အစား အသောက်တွေပဲ စားသောက်နေ တယ်ဆိုရင် မြန်မာမုန့်ပဲ သရေစာ တွေရဲ့ အာဟာရတန်ဖိုးအ ကြောင်း သူတို့သိအောင် ပြောပြ ဖူးလား။ မြန်မာမုန့်ဆိုင်တွေ ခေါ် သွားဖူးပါသလား။ မြန်မာမုန့်တွေ ၀ယ်ကျွေးဖူးပါသလား။

လက်ရှိလုပ်ငန်းခွင်အသီး သီးမှာဝင်ပြီး လုပ်ကိုင်နေကြသူ တွေကိစ္စမြားမြောင်မှာ တတ်သိ နားလည်တယ်ဆိုတာ သူတို့ရှေ့ မျိုးဆက်တွေက တတ်အောင်၊ သိ အောင်သင်ကြားပြသခဲ့ကြလို့သာ ဖြစ်ပါတယ်။ ပါရမီရှင်တွေကလွဲ လို့ မွေးကတည်းက ဘယ်သူမှ မ တတ်ဘူး။ သင်ကြားလေ့ကျင့်ရင်း နဲ့သာ တတ်မြောက်လာရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ် (၁၉၇၀-၁၉၈၀ မွေးသူများ)အထိ ရှေ့မျိုးဆက်က လက်ဆင့်ကမ်းခဲ့ လို့ မြန်မာ့ရိုးရာပုံပြင်တွေ နား ထောင်ခွင့်ရခဲ့ကြတယ်။ မြန်မာ့ရိုး ရာကစားနည်းတွေ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကစားတတ်ခဲ့ကြ တယ်။ အရသာရှိတဲ့ မြန်မာမုန့်ပဲ သရေစာတွေ စားဖူးခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ နောင်တော်၊အစ်မ တော်တွေဖြစ်တဲ့ ရှေ့မျိုးဆက် တွေက လက်ဆင့်ကမ်းခဲ့ကြလို့ သာ ကျွန်တော်တို့ ထိတွေ့မြည်း စမ်းခွင့်ရခဲ့ကြတာပါ။ သူတို့ကိုယ် တိုင်လည်း ကောင်းမွေတွေ သယ် ဆောင်လာပြီး ကျွန်တော်တို့ကို လည်း ကောင်းမွေတွေ လက်ဆင့် ကမ်းခဲ့ကြတယ်။ ကျွန်တော်တို့ လက်ဆင့်ကမ်းရမယ့် အလှည့်မှာ  ပျက်ကွက်သူတွေသာဖြစ်ခဲ့ကြ တယ်။ အကျိုးဆက်ကတော့ ကျွန် တော်တို့ထက် ငယ်တဲ့ နောက်မျိုး ဆက်ကို လက်ဆင့်ကမ်းရမယ့်အ ချိန်မှာ စနစ်တကျလေ့ကျင့်သင် ကြားမပေးနိုင်ခဲ့လို့ သူတို့ခမျာဘာ မှဟုတ်တိပတ်တိမသိတော့ဘူး။

ကျွန်တော်တို့ ရှေ့ကလူတွေ က ကျွန်တော်တို့ကို စာဖတ်ခြင်း မှာ မွေ့လျော်သူတွေဖြစ်အောင် စနစ်တကျလေ့ကျင့်ပေးခဲ့တယ် လို့ တောင်ဆိုနိုင်တယ်။ သော ကြာနေ့ညနေတိုင်း ၇၅ ပြားတန်ရွှေသွေးစာစောင်အပတ်စဉ်ဝယ် ပေးခဲ့တယ်။ မိုးသောက်ပန်း၊ တေဇနဲ့ တို့ကျောင်းသားစာစောင်တွေ လစဉ်ဝယ်ပေးခဲ့ကြတယ်။ တ ကယ်တော့ သူတို့က အဲဒီအချိန်မှာလစဉ်ထုတ်မဂ္ဂဇင်းတွေဖတ်နေ ကြပြီ။ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသားတွေဝယ် တယ်ဆိုတာ ကျွန်တော်တို့ကလေး တွေဖတ်စေချင်လို့ သီးသန့်ဝယ် ပေးကြတာ။ စာဖတ်ဝါသနာမျိုး စေ့ရှင်သန်လာအောင် ရည်ရွယ် ချက်ရှိရှိ ပြုစုပျိုးထောင်ပေးနေ တာသာ ဖြစ်တယ်။

ဒါတင်မကသေးဘူး၊ ရပ်ရေး ရွာရေးတွေမှာ သူတို့နဲ့အတူပါဝင် နိုင်အောင် ကျွန်တော်တို့ကို လက် တွဲခေါ်ယူခဲ့ကြတယ်။ ရပ်ကွက်အ လိုက်လုပ်တဲ့ အားကစားပြိုင်ပွဲ တွေမှာ အရန်အဖြစ်သူတို့နဲ့အတူ ပါဝင်ဆင်နွှဲခွင့်ရခဲ့ကြတယ်။ အ သင်းဆုဖလားရလာတော့ ရပ် ကွက်ထဲလှည့်ပြီး ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံခဲ့ကြတယ်။ သင်္ကြန်မှာ လည်း အိုးစည်ဒိုးပတ်တီးပြီး သီ ဆိုတီးမှုတ် ကခုန်ကြတယ်။ သီ တင်းကျွတ်ဘုရားပွဲရာသီရောက် တော့လည်း ပဒေသာပင်တွေသီး ပြီး ကုသိုလ်ရေးမှာ ကိုယ်တိုင်ပါ ၀င်ကြသူတွေဖြစ်တယ်။ အခု ခေတ်သင်္ကြန်မှာ ရပ်ကွက်ထဲမှာ လူငယ်တွေမရှိတော့ဘူး။ ဘုရားပွဲရာသီရောက်ရင်လည်း ဓမ္မာရုံမှာ အဘိုး၊ အဘွားတွေသာရှိတော့ တယ်။ ကျွန်တော်တို့ရှေ့က နောင် တော် ၊ အစ်မတော်တွေက ကိုယ်တိုင်လည်း ပျော်အောင်နေတယ်။ ရပ်ကွက်ထဲက လူတွေကိုလည်း ပျော်အောင်ဖန်တီးပေးတယ်။

ခေတ်ပြောင်းတော်လှန်ရေး မှာ ကျွန်တော်တို့ရှေ့က မျိုးဆက် တွေရဲ့ အခန်းကဏ္ဍအရေးပါ တယ်။ စစ်မောင်းသံ တဒူဒူကြား မှာ ခွပ်ဒေါင်းအလံတလူလူလွှင့်ခဲ့ ကြသူတွေဖြစ်တယ်။ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ရက် ပိုင်းအတွင်း မင်းသုံးဆက်ပြုတ်ကျသွားနိုင်အောင် သူတို့တိုက်ထုတ် နိုင်ခဲ့ကြတယ်။ သမိုင်းမှာ ကမ္ပည်းတင်ခွင့်မရခဲ့ကြပေမယ့် သူတို့ တတ်စွမ်းသမျှ လောကကို အလှ ဆင်သွားကြတယ်။ သူတို့က အနေအထိုင်အေးဆေးတယ်။ အစား အသောက်မှာလည်း ဇီဇာမ ကြောင်ဘူး။ အ၀တ်ဝတ်တော့ လည်း ရိုးရိုးရှင်းရှင်းပဲ။ သူတို့မျိုး ဆက်က ရောင့်ရဲခြင်းမှာ ဂုဏ်ထူး ထွက်ပြီး အတ္တလျှော့ချနိုင်ခြင်းမှာ အထူးအောင်ခဲ့ကြသူတွေ ဖြစ် တယ်။ သူတို့မိသားစုအတွက် သူ တို့တာဝန်ကျေခဲ့သလို ရပ်ရွာက လည်း သူတို့ကို အားကိုးအားထား ပြုကြရတယ်။ စကားကြီးစကား ကျယ်တွေမပြောဘဲ အလုပ်နဲ့ သက်သေပြသွားကြသူတွေသာ ဖြစ်တယ်။

နာမည်ကျော်စာရေးဆရာ ဗန်းမော်တင်အောင်ကတော့ လူ တစ်ယောက်ရဲ့ တန်ဖိုးကို သူဖြတ် သန်းခဲ့တဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ တာဝန်တွေ ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲဆိုတာနဲ့ တိုင်းတာရမယ်လို့ ဆိုခဲ့ဖူးတယ်။ မိတ်ဆွေသင်ကော တာဝန်ဘယ် လောက်ကျေပွန်ပြီလဲ၊ သင့်နောက်က မျိုးဆက်ကို ကောင်းမွေလက် ဆင့်ကမ်းနိုင်တဲ့သူဖြစ်ပြီလား။ သင့်နောက်မျိုးဆက်ချာတယ်ဆို ရင် သင်လည်း ပျက်ကွက်သူတစ် ယောက်သာဖြစ်ပါတယ်။ မိတ် ဆွေတို့ကို ပျက်ကွက်သူတွေ မဖြစ်စေချင်ဘူး။ တာဝန်ကျေပွန်တဲ့သူ တွေအဖြစ် မိတ်ဆွေတို့ကို ဂုဏ်ယူပါရစေ။။

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)