လူမှုဝန်းကျင်မှပေးသော ဟီရိသြတ္တပ္ပသင်ခန်းစာ

(တစ်)

တစ်ရက် တက္ကစီငှားစီးရင်း ယာဉ်မောင်း၏ရှေ့ကားဒက်ရှ်ဘုတ်ပေါ်၌ကပ်ထားသော သတိပေးစာလေးကို အမှတ်ထားလိုက်မိသည်။ များသောအားဖြင့် တက္ကစီများတွင်ကပ်ထားသော သတိပေးစာသားများက ‘‘ဆေးလိပ် မသောက်ရ’’ ‘‘ကွမ်းမစားရ’’ ‘‘တံတားကြေး၊လမ်းကြေးများ ယာဉ်ငှားသူမှပေးဆောင်ရန်’’ စသည်တို့သာဖြစ်သည်။ ယခုစာသားမှာတော့ ‘‘ဤနေရာသည် စုံတွဲများအတွက် ပန်းခြံမဟုတ်ပါ’’တဲ့။

ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေး မှတ်တိုင်တွင် ဘတ်စ်ကားရပ် စောင့်ရင်း မြင်တွေ့ရသော အတွေ့အကြုံလေးကို သွားသတိ ရလိုက်ပြန်သည်။ ထိုနေရာက ကျောင်း၊ ရုပ်ရှင်ရုံနှင့် ရှော့ပင်းစင် တာများဆုံရာအရပ်ဖြစ်သဖြင့် ဘတ်စ်ကားစောင့်သူများနှင့် စည် ကားနေတတ်သည်။ စုံတွဲတစ်တွဲ ရုပ်ရှင်လာကြည့်သည်လား။ ဈေး ဝယ်ထွက်ကြသည်လားတော့ မသိ။ ကားမှတ်တိုင်လူအများကြားတွင် ကောင်မလေးက ကောင်လေး၏ရင်ခွင်၌ မှေးမှီထားသည်။ကောင်လေးက ကောင်မလေး၏ ပခုံးကိုဖက်၍ ဆံပင်တွေကို တစ်ချောင်းချင်း လက်ဖြင့် ဆွဲချနေသည်။ ကောင်မလေးကလည်း ထိုအရသာတွင် မြော၍ မျက်လုံးကလေးများပင် ရီဝေနေသည်။ ပတ်ဝန်းကျင်ကို မေ့၊ ကမ္ဘာကြီးကို မေ့နေလိုက်ကြသည်မှာ တီတီစီကျောင်းဘက်မှ ဆယ်ကျော်သက်ကျောင်းသူလေးတစ်ယောက် ဒီဘက် လမ်းဖြတ်ကူးလာမှာကိုပင် စိုးရိမ်နေမိသည်။

‘‘ဤနေရာသည် စုံတွဲများ အတွက် ပန်းခြံမဟုတ်ပါ’’ဟူသော စာများကို ဘတ်စ်ကားမှတ်တိုင်များတွင်ပါကပ်၍ သတိပေးသင့်ပါသလား စာဖတ်သူမိတ်ဆွေ။

(နှစ်)

စာရေးသူတို့ငယ်စဉ်က ချစ် သူစုံတွဲများချိန်းတွေ့ကြသောနေ ရာသည် ရုပ်ရှင်ရုံနှင့် ပန်းခြံတို့ လောက်သာဖြစ်သည်။ ရုပ်ရှင်ရုံ မှထွက်လျှင် အသိတစ်ယောက် ယောက်က တွေ့သွားမည်စိုး သဖြင့် ချိတ်ထားသည့်လက်ကို ဖြုတ်ကာ မသိချင်ယောင်ဆောင် ၍ အိမ်ပြန်ကြသည်။ လူရှင်းသည့် ပန်းခြံထဲသွားလျှင်လည်း ခုံတန်း လျားလေးပေါ်မှာထိုင်ရင်း တစ် ယောက်လက်တစ်ယောက်ဆုပ် ကာ စကားတွေပြောလိုပြော။ ကန်ရေပြင်ကိုခဲနဲ့ ပေါက်လို ပေါက်၊ သည်လောက်နှင့် အချိန် တန်တော့ အိမ်ပြန်ကြရုံသာ။

ယခုတော့ ဘတ်စ်ကားပေါ် မရှောင်၊ ပလက်ဖောင်းပေါ် မရှောင်၊ ဘုရားကျောင်းကန်နှင့် ဝတ္တကမြေပါမရှောင်တော့။ မိန်းမငယ်ကအစ မိန်းမကြီးတွေ အဆုံး ဒူးပေါ်၊ ပေါင်ပေါ်။ လည်ဟိုက်၊ ချိုင်းပြတ်တွေ ဝတ်ဆင်လာကြသည်။ ယောက်ျားလေးတွေက လည်း ဘတ်စ်ကားပေါ်မှာ မိမိချစ် သူကို ပေါင်ကိုင်၍စကားပြောရဲ၊ ပါးချင်းအပ်၍ အိပ်ငိုက်ရဲဖြစ်လာ သည်။ ယိုသူမရှက် မြင်သူရှက်ရ သဖြင့် စာသင်ကျောင်းများနှင့် သာသနာ့နယ်မြေများ၌ပါ မြန်မာ့ ရိုးရာနှင့်အညီ ဝတ်ဆင်ကြရန် သတိပေးဆိုင်းဘုတ်များကပ်ထား ရတော့သည်။

ရုပ်ရှင်သရုပ်ဆောင် စိုးမြတ် သူဇာတို့၊ မေသန်းနုတို့ခေတ်က လုံချည်တိုတို ဝတ်ကြသဖြင့် လူကြီးတွေ ကဲ့ရဲ့ဝေဖန်ခဲ့ကြဖူး သည်။ နောက်ပိုင်း အကယ်ဒမီရ သွားသော အမျိုးသမီးသရုပ် ဆောင်တစ်ဦး စင်ပေါ်တက်၍ မလုံ့တလုံဖြင့် သီချင်းတက်ဆိုရာ ထိုခေတ်အစိုးရ၏ အနုပညာလှုပ် ရှားခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။ စစ်အစိုးရလက်ထက် သိမ်ကြီး ဈေး (စီ)ရုံ အမိုးပေါ်မှစားသောက် ဆိုင်၌ အဆိုတော်များမလုံ့တလုံ သီဆိုဖျော်ဖြေကြ၍ ဆိုင်အပိတ်ခံ ရကာ ဆိုင်ရှင်ပါ ထောင်ချခံခဲ့ရ ဖူးသည်။

မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှာတော့ အစ္စလာမ်ဥပဒေ အရ အမျိုးသမီးတွေမလုံမခြုံဝတ် ဆင်မည်ဆိုလျှင် အမျိုးသားများ ကိုမြှူဆွယ်ရာရောက်၍ဟုဆိုကာ ကြိမ်ဒဏ်အပြစ်ပေးသည်ဆို၏။ တောင်ကိုရီးယား သမ္မတသစ် တက်တုန်းကလည်း အရေးယူဖို့ ဥပဒေထုတ်ခဲ့ဖူးသည်။ မြန်မာ နိုင်ငံတွင်သာ ထိုဥပဒေမျိုးထုတ် ၍ အရေးယူပါက ရန်ကုန်မြို့ လယ်ကောင်၌ပင် တော်တော်များ များ အဖမ်းခံရလောက်ပါသည်။ မဟာဗန္ဓုလလမ်းပေါ်ကြည့် မလား၊ အနော်ရထာလမ်းပေါ် ကြည့်မလား၊ ဗိုလ်ချုပ်အောင် ဆန်းလမ်းပေါ်ကြည့်မလား။ ဘောင်းဘီတို၊ စကတ်တိုနှင့် သွားလာနေကြသော မြန်မာအမျိုးသမီးများကို တွေ့မြင်နိုင်ပါသည်။ ကဗျာတစ်ပုဒ်ထဲကလိုပင် လမ်းတွေကို ပန်းနာမည်ပေးတော့ မွှေးသတဲ့လားဟုပင် မေးချင်ပါသည်။

(သုံး)

မကြာမီက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ‘‘ပေါက်တဲ့အိုး’’သီချင်းဖြင့် နာမည် ရခဲ့သူအဆိုတော်မလေး၏တစ် ကိုယ်တော်ခွေကာဗာဓာတ်ပုံကို တွေ့လိုက်ရသည်။ စာရေးသူ၏ သားတော်မောင်ချာတိတ်က ထိုပုံ ကိုမြင်ပြီး ဟင်ခနဲမျက်နှာလွှဲသွား ပါသည်။ အင်္ကျီလည်ဟိုက်က ရင် သားတစ်ဝက်နီးပါးပေါ်နေသည်။ ဆေးလိပ်ဖွာနေသည်မှာလည်း အငွေ့တထောင်းထောင်းနှင့်။ စီးရီးအမည်က ပလေးဘွိုင်းတဲ့။

နောက်နေ့ထုတ်သတင်းစာ များတွင် ထိုဓာတ်ပုံနှင့်ပတ်သက် ၍ နည်းနည်းခပ်ကြမ်းကြမ်းသူများ နဲ့မတူတဲ့ ပုံစံမျိုးတွေလုပ်ချင် ကြောင်း၊ စိတ်ထဲက တကယ်လုပ် ချင်နေတဲ့ ပုံစံမျိုးကို အရင်တုန်း က မလုပ်ဖြစ်ခဲ့တော့ အခုမှ အကောင်အထည်ဖော်ခွင့်ရကြောင်းပြောကြားသွားခဲ့ပါသည်။ သူ့စကားအရဆိုလျှင် အရင်က စာနယ်ဇင်းလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်တွေ ပိတ်ပင်ခဲ့သော အစိုးရကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေသည်။

ဟီရိဩတ္တပ္ပဆိုသည်မှာ ပါဠိဝေါဟာရအတွဲအစပ်မှလာ သောဝေါဟာရဖြစ်ပါသည်။ ဟီရိ ရှက်ခြင်းနှင့် ဩတ္တပ္ပကြောက်ခြင်း ကိုတွဲစပ်ထားပြီး လူတွင်အရှက် အကြောက်ရှိရမည်ဟု လမ်းညွှန်  ထားသော စကားဖြစ်သည်။ ဟီရိ ဩတ္တပ္ပဟူသည် လောကကို စောင့်ရှောက်သော တရားနှစ်ပါး တစ်နည်းအားဖြင့် လောကပါလ တရားနှစ်ပါးလည်း ဖြစ်သည်။ မကောင်းမှုကိုပြုရမှာရှက်ခြင်း၊ ကြောက်ခြင်းသည် လောကပါလ တရားကိုထိန်းသိမ်းစောင့်ရှောက် ခြင်းဖြစ်၏။

မြန်မာ့ယဉ်ကျေးမှုကို ထိန်း သိမ်း စောင့်ရှောက်ရာ၌လည်း တိုက်ပုံခေါင်းပေါင်းနှင့် ထိုင် မသိမ်းအင်္ကျီတို့ဝတ်ဆင်ရန်ဟု မဆိုလိုပေ။ လူတို့သည် အဝတ် အစားဝတ်ဆင်ခြင်းကို အရှက်နှင့် ကျန်းမာရေးတို့ကြောင့် စတင် ဝတ်ဆင်ခဲ့ကြခြင်းဖြစ်၏။ ထို့အပြင် လူတို့၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တို့ကလည်း လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ပြဆိုနေပါသည်။

ပါးစပ်က အမျိုးကိုစောင့်ကြဟု ကြွေးကြော်နေပြီး ကိုယ့်ကိုယ်၌က အမျိုးကိုထိပါးမည့် အဝတ်အဆင်၊ အပြောအဆို၊ အပြုအမူများပြုမူနေထိုင်နေပါက အဘယ်မှာ အမျိုးစောင့်ရာ ကျပါမည်နည်း။ လက်မောင်းမှာ တက်တူး၊ ရင်ဘတ်မှာတက်တူး၊ နားမှာနားကွင်း၊ ဆံပင်မှာအရောင်မျိုးစုံဖြင့် လူမျိုးခြားနှင့် မပေါင်းသင်းသေးသည့်တိုင် ကိုယ်တိုင်က လူမျိုးခြားအသွင်ဆောင်နေပြီ မဟုတ်လား။ မြန်မာလူမျိုးတိုင်း ငယ်စဉ်က ကျောင်းသင်ခန်းစာတွင် စောင့်လေမျိုးနွယ်ဟူသော သားသမီးဝတ်ကို သင်ကြားခဲ့ရပါသည်။ ကိုယ့်အမျိုးကို ကိုယ်ကိုယ်တိုင်စောင့်ရှောက်ခြင်းသည် လူ့ကျင့်ဝတ်ဖြစ်ပါ၍ လောကပါလ တရားများစောင့်ရှောက်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြု လိုက်ရပါတော့သည်။

Top News