ငြိမ်းချမ်းရေးအတွက် နိုင်ငံသားအားလုံး တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတပြော

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ပထမနေ့တွင် ဖျော်ဖြေနေကြသည့် အနုပညာရှင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ပထမအဆုံးအကြိမ် ကျင်းပသည့် ““မြန်မာ့ငြိမ်းချမ်းရေးပွဲတော်၂၀၁၃”” ပထမနေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ပြောကြားထားသည့် သတင်းစကား ရုပ်သံဖိုင်ကို ပြသခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးပွဲစီစဉ်သူ ဦးသူရ ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်သည်။ သမ္မတကြီးက ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပြီး ဒီမိုကရေစီရှင်သန်နိုင်ရန် ငြိမ်းချမ်းရေးသည် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌နေထိုင်သည့် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း ငြိမ်းချမ်းရေးရရှိရန် အဓိကလိုအပ်သည့်အချက်များရှိသည်ဟု ပြောခဲ့သည်။ ယင်းအချက်များတွင် နိုင်ငံတော်သမ္မတကြီးက ကိုယ်တိုင်ငြိမ်းချမ်းရေးကို လိုလားရမည်။ တိုင်းရင်းသားလက်နက်ကိုင်များကလည်း ငြိမ်းချမ်းရေးကို လိုလားရမည်။ တပ်မတော်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမည်။ ထို့အပြင် ပြည်သူလူထုများအနေဖြင့်လည်း ကိုယ့်ကိစ္စမဟုတ်ဟုဆိုကာ အိမ်မှာထိုင်၍မနေဘဲ  ၀ိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံကို ထောက်ခံအားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ ဖျော်ဖြေမှုအစီအစဉ်ကို  ညနေ ၆ နာရီခွဲခန့်တွင် စတင်ခဲ့ပြီး ည ၉ နာရီခန့်တွင် ကဏ္ဍစုံမှ အနုပညာရှင်များက ငြိမ်းချမ်းရေးကို ပုံစံအမျိုးမျိုး ပုံဖော်ပြသခဲ့ကြသည်။ ချမ်းချမ်း၏သီဆိုမှုဖြင့် ပွဲကို စတင်ခဲ့ကာ Lလွန်းဝါ၊ Nကိုင်ရာ၊ ချစ်သုဝေ၊ ဇော်ပိုင်၊ မီးမီးခဲတို့ ဆက်လက်ဖျော်ဖြေခဲ့ပြီး လူရွှင်တော်အဖွဲ့များ၏ ဖျော်ဖြေမှုအစီအစဉ်များနှင့် Hip Hop အဖွဲ့များ၊ ကျားပေါက်၊ စောဖိုခွားတို့ ဖျော်ဖြေမှုများစသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ပေးခဲ့သည်။

လူရွှင်တော်အဖွဲ့များ၏ ဖျော်ဖြေမှုအစီအစဉ်တွင် ဟားငါးကောင်အဖွဲ့၏ ဖျော်ဖြေမှုအစီအစဉ်တွင် ပရိသတ်များ အားပေးမှုအများဆုံး ရရှိခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းပုံစံ ၀တ်ဆင်ထားသော လူရွှင်တော်၏ ဗိုလ်ချုပ်မိန့်ခွန်းပြောသည့်ပုံစံ ဖျော်ဖြေမှုကို ပရိသတ်များက လက်ခုတ်သံများဖြင့် အားပေးခဲ့ကြသည်။

ပွဲတွင် ငြိမ်းချမ်းရေးအတွက် လှူဒါန်းငွေများရရှိခဲ့သောကြောင့် အလှူငွေအပေးအပ်ခြင်းအစီအစဉ်အဖြစ် နေတိုး၊ သက်မွန်မြင့်၊ Nကိုင်ရာတို့က ရိုးရာဝတ်စုံများဝတ်ဆင်ကာ အလှူငွေလက်ခံပေးခဲ့ပြီး စောဖိုးခွားကလည်း ကူညီပေးခဲ့သည်။

ထို့နောက် ဗကသများ အဖွဲ့ချုပ်မှ ကျော်ကိုကိုရေးစပ်ထားသော ငြိမ်းချမ်းရေးအာသီသကဗျာကို နေတိုးနှင့် သက်မွန်မြင့်တို့က ဖတ်ကြားပေးခဲ့သည်။ ထို့နောက် ဖျော်ဖြေမှုများကို ဆက်လက်တင်ဆက်ရာ သဘင်ပညာရှင်များဖြစ်သော မန္တလေးသိန်းဇော်၊ နန်းဝင်း၊ မိုးဝင်း၊ ချမ်းသာတို့၏ လက်ရည်တစ်ပြင်တည်း သီချင်းဖျော်ဖြေမှု၊ မြန်မာသံအဆိုရှင်ကြီးများ၏ ငြိမ်းချမ်းရေးသာပေးကြပါ သီချင်းဖျော်ဖြေမှု၊ မိုးဝင်း တင်ဆက်သော ငြိမ်းချမ်းရေးလိုတယ် သီချင်းကို  ၎င်းတို့၏ ဇာတ်သဘင်အဖွဲ့သားများနှင့် ဖျော်ဖြေတင်ဆက်မှု၊ နန်းဝင်းတင်ဆက်သော ငြိမ်းချမ်း ရွှေပြည်ရောဟိဏီအော်ပရာတို့ကို ဆက်တိုက်ဖျော်ဖြေခဲ့ကြသည်။