တန်ဆောင်မုန်း လပြည့်နေ့ ရန်ကုန်တွင် လေပြင်းမွှေ

လှိုင်မြို့နယ်တွင် နေရာကွက်၍ လေပြင်းတိုက် နေအိမ်နှင့် ဓာတ်တိုင်၊ သစ်ပင်များ ပြိုလဲ
ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နိုဝင်ဘာ ၆ ရက်က နံနက်က လေဆင်နှာမောင်းကဲ့သို့ နေရာကွက်၍ လေပြင်းတိုက်ခတ်စဉ် မိနစ်ပိုင်းအတွင်း ဓာတ်တိုင်နှင့် သစ်ပင်များ ပြိုလဲသွားရာ လဲကျနေသော ဓာတ်တိုင်အနီး ရဲတပ်ဖွဲ့ ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခွဲ တွင် လှိုင်မြို့နယ် နေရာအချို့၌ လေဆင်နှာမောင်းနှင့် ဆင်တူ သောလေပြင်း နေရာကွက်၍ တိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များ၊ ဓာတ်တိုင်များ၊ သစ်ပင်များပြိုလဲပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်ချိန်မှာ ခန့်မှန်းခြေ ၇ မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်နှင့် လှိုင်မြို့နယ် အမှတ် ၁၂၊ ၁၃၊ ၁၆ ရပ်ကွက်တို့ရှိ နေအိမ် ၁၀၀ ကျော် အမိုးလန်ပြီး  အနည်းဆုံးအိမ်ခြေငါးလုံး ပြိုကျပျက်စီးခဲ့သည်။

‘‘လက်ရှိ စာရင်းအရတော့ အိမ်ခြေ ၁၈၆ လုံး၊ အိမ်ထောင်စု ၂၀၂စု စာရင်းရထားပြီ။ အခုလိုအပ်တဲ့ပစ္စည်းတွေကိုလည်း ဒုက္ခ ရောက်တဲ့သူတွေကို လိုက်ပြီးပေး နေပါပြီ။ သူတို့ စားဖို့အတွက်လည်း ကြက်ခြေနီအဖွဲ့ဝင်တွေ အားလုံးလိုက်ပြီး ဝေပေးနေပါပြီ။ ၀န်ကြီး ဒေါက်တာ မြင့်သိန်းကလည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့အတွက် မှာထားတယ်’’ဟု လှိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒေါ်နှင်းကဆိုသည်။

ထို့အပြင် ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ Ford  ကားအရောင်း ပြခန်းနှင့် မျက်နှာချင်းဆိုင်ရှိ ‘မြင့်’ ပရိဘောဂဆိုင်ပေါ်သို့ သစ်ပင်ပိကျခဲ့၍ အိမ်ပြိုကျခဲ့ပြီး ခန့်မှန်းခြေ ကျပ်သိန်းသုံးရာ တန်ဖိုးရှိ ပရိဘောဂ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မုန်တိုင်းဖြစ်စဉ် အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေဆင်နှာမောင်း အသွင် လေပြင်းတိုက်ခတ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် ရပ်ကွက်နေသူများက လေဆင်နှာမောင်းဟု ထင်ကြောင်းပြောသည်။

‘‘ရန်ကုန်မှာ လေပြင်းတိုက်သွားတာပါ။ လေဆင်နှာမောင်းက ပစ္စည်းတွေအားလုံး စုပ်ယူသွားပြီး လေထဲဝဲပျံနေပြီး အဝေးကို လွင့်သွားတာ။ အခုကတော့ အမိုးတွေလန်ပြီး ပျက်စီးတာပေါ့။ မုန်တိုင်းက လွင့်လာတဲ့ တိမ်တိုက်ကြောင့်ဖြစ်တာပါ’’ ဟု မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း ပြောကြားသည်။

        လေပြင်းတိုက်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပါရမီလမ်းပေါ်ရှိ Special ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ဖြစ်သူက ‘‘လေက အင်းစိန်လမ်းမဘက်ကနေ ဝေါခနဲဝင်လာတာ နှစ်မိနစ်လောက်ပဲ ရှိမယ်။ ဆိုင်ခန်းငါးခန်းတွဲအမိုးတွေ လန်ကုန်တယ်။ သစ်ပင်တွေလည်း လဲကုန်တယ်’’ဟု ပြောသည်။

ထို့အပြင် ပါရမီလမ်းဆုံအနီး ရှိ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့ နယ်တို့အား ဓာတ်အားပံ့ပိုးနေ သော ဓာတ်တိုင် လဲကျသွားခဲ့သဖြင့် အဆိုပါ နှစ်မြို့နယ် ရပ်ကွက်များ၌ ရက်အနည်းငယ်ကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ပြီး အပျက်အစီးများကို နေ့ချင်းပြီး ကောင်းမွန်ရန် ပြင်ဆင်နေကာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ဒုလျှပ်စစ်အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်ကပြောသည်။

‘‘ကားလမ်းမမှာစိုက်ထားတဲ့ ဟိုတုန်းက သစ်ပင်တွေဖြစ်တဲ့ ညောင်ပင်ကြီးတွေ၊ ဗာဒံပင်တွေ၊ တမာပင်တွေတော်တော်လေး ပါသွားတယ်။ လေတိုက်ချိန်မတိုင်ခင် မီးပျက်သွားတာ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ မီးသာလာပြီး အခုလိုဓာတ်တိုင် ဓာတ်ကြိုးပြတ်ကျပုံနဲ့ဆို မတွေးရဲဘူး’’ဟု ဒေါ်နှင်းက ဆိုသည်။ (၁၃)ရပ်ကွက်နှင့် (၁၆)ရပ်ကွက်တို့တွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ(၁၃)ရပ်ကွက်သည် ပျက်စီးမှုအများဆုံးဖြစ်သည်ဟု ၎င်းက ပြောသည်။

‘‘အဘွားတို့ အိမ်မှာက မိသား စုခုနစ်ယောက်ရှိတယ်။ မနက်မိုး လင်းတော့ တော်လည်းသံလိုမျိုး အသံကြီးကြားရပြီး လေတွေတိုက် တော့တာပဲ။ တံခါးတွေလိုက်ဖွင့်  လုပ်ပေမယ့် အိမ်မှာက လူကြီးတွေ နဲ့ ကလေးငယ်တွေပဲရှိတာ။ အခု တော့အပေါ်တစ်ထပ်လုံးလည်း ဘာမှ မရှိတော့ဘူး။ အရင်အတိုင်းလေး ပြန်လုပ်ပေးမယ်ဆိုရင်တော့ ၀မ်းသာတာပေါ့’’ ဟု (၁၃) ရပ်ကွက် ခိုင်ရွှေဝါလမ်းတွင်နေထိုင်သည့်အမျိုးသမီးကြီး တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများ အင်အားလေးရာခန့်က အပျက်အစီးများ ရှင်းလင်းနေကြောင်း ၎င်းကထပ်မံပြောကြားသည်။

‘‘ကျွန်တော်တို့ အဓိကလုပ် ပေးတာက လမ်းတွေ ပိတ်နေ တော့ သစ်ပင်တွေကို စည်ပင်ဌာန က ၀န်ထမ်းတွေ ကျွန်တော်တို့ ပန်းဥယျာဉ်ဌာနကလူတွေအားလုံး ပေါင်းဝန်ထမ်း နှစ်ရာကျော် လောက်လာပြီး ရှင်းပေးနေတာ မနက်ကတည်းကပါ။ သစ်ပင် တွေတင်ဖို့လည်း ကားက စုစု ပေါင်း၁၅စီးကျော်နဲ့ ချက်ချင်းရှင်း လင်းပေးနေပါတယ်’’ ဟု ပန်းဥယျာဉ်ဌာနမှ အရာရှိတစ်ဦးကဆို သည်။

 ပျက်စီး ဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် လောလောဆယ် အသုံးပြုနိုင်ရန် တာလပတ်များ ပေးဝေနေသကဲ့သို့ ထမင်းထုပ်များလည်း လိုက်လံပေးဝေနေသည်ဟု ကမာရွတ်မြို့နယ်ကြက်ခြေနီအဖွဲ့မှ ဦးတင်ကိုကပြောသည်။

ထို့အပြင် အမှတ်(၁၆) ရပ် ကွက် အုပ်ချုပ်ရေးမှူးက ပါရမီ လမ်းမပေါ်ရှိ ၆၆ ကေဗီဓာတ်အားလိုင်းနှစ်တိုင်၊ ဓာတ်အားတိုင်တစ်တိုင်နှင့် အင်းစိန် လမ်းမပေါ်ရှိ ဓာတ်တိုင်ခြောက်တိုင်ခန့် ပျက်စီးခဲ့သည်ဟု ပြောကြားသည်။

‘‘လောလောဆယ်မီးတွေက ပြတ်နေတော့ ကူညီရတာအဆင် မပြေလှဘူး။ ဒုက္ခရောက်နေတဲ့ မိသားစုတွေဆီတော့ စားသောက် ဖို့နဲ့ မိုးရွာရင်ကာဖို့အတွက်တော့ ပစ္စည်းတွေလိုက်ဝေနေတာ တော် တော်တော့ပြီးနေပါပြီ။ ကျန်တာ တော့မနက်မိုးလင်းတာနဲ့ သက် ဆိုင်ရာအဖွဲ့တွေအားလုံးပေါင်း ပြီး ဆက်လက်ကူညီသွားမှာပါ’’ ဟုလှိုင်မြို့နယ် (၇)ရပ်ကွက်တွင်နေထိုင်သူ ကိုမင်းက ပြောသည်။

 လမ်းမီးတိုင်များ  ပျက်စီး သွားသည့်အတွက် လှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်အများစုမှာ လျှပ်စစ်မီးများပြတ်နေသော် လည်း အချို့ရပ်ကွက်များတွင် ညနေ ၅နာရီခန့်၌ လျှပ်စစ်မီးများ ပြန်လည် ရရှိနေသည်ဟု ၎င်းက ပြောသည်။

ဘင်္ဂလား ပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ကူးပြောင်းလာသည်ဟု မိုးလေ၀သနှင့် ဇလဗေဒမှ သတင်းထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့တွင်း ဒေသအချို့၌ မိုး ဆက်လက်ရွာသွန်းလျက်ရှိသည်။