အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန်လမ်းမအချို့ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွား

အိုဘားမားလာရောက်မည်ဖြစ်သဖြင့် လှည်းတန်းလမ်းဆုံတွင် လမ်းပိတ်ထားစဉ် (ဓာတ်ပုံ − နစ်ကီ)

 အမေရိကန်သမ္မတ အိုဘားမား  ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့သော ရန်ကုန်မြို့ခရီး စဉ်တွင် မင်္ဂလာဒုံလေဆိပ်အထွက်မှစ၍ မြို့တွင်းသွားရာလမ်းမ တစ်လျှောက် ယာဉ်လမ်းကြောင်း ပိတ်ဆို့မည့်အပေါ် သက်ဆိုင်ရာ က  ကြိုတင်အသိပေးကြေညာ ထားခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ခြင်းကြောင့် ခရီးသွား များအနေဖြင့် စီးပွားရေးနှင့်လူမှု ရေးဆိုင်ရာအခက်အခဲများနှင့်ကြုံ ခဲ့ကြရကြောင်းသတင်းရရှိသည်။

ဧည့်သည်တော်သမ္မတ အနေဖြင့် လေဆိပ်သို့  နံနက် ၁၀ နာရီခွဲခန့်မှသာ ရောက်ရှိလာသော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ရန်ကုန်မြို့ရှိ လမ်းမအချို့ကိုနံနက် ၈နာရီခွဲ ခန့်ကတည်းကပိတ်ထားခဲ့ကြသည်။ ပိတ်ဆို့မည့် လမ်းကြောင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက ကြိုတင်ထုတ်ပြန်ကြေညာထားခဲ့ခြင်းမရှိသကဲ့သို့ ပြောင်းလဲမောင်းနှင်နိုင် မည့်လမ်းကြောင်းများကို အသိပေးထားခြင်းမရှိသည့်အတွက် ယာဉ်မောင်းများအတွက် အခက်အခဲများရှိခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

‘‘ရန်ကုန်ဆေးရုံကြီးသွားရ မှာ၊ လူနာစောင့်သွားချိန်းရမှာ လေ။ လိုင်းကားစောင့်တော့ လည်း လမ်းပိတ်ထားလို့ အဲဒီ ဘက်မရောက်တော့ဘူးပြောတယ်။တက္ကစီငှားတော့လည်း လမ်းတွေပိတ်ထားလို့ ကားတွေ အရမ်းကျပ်နေတယ်ဆိုပြီး မလိုက်ကြဘူး’’ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဒေါ်ဥမ္မာကပြောသည်။

ယာဉ်လမ်းကြောင်းများပိတ် ဆို့ထားမှုကို ရန်ကုန်မြို့ပြည်လမ်း မတစ်လျှောက်၊ ကမ္ဘာအေး ဘုရားလမ်းပိုင်းအချို့နှင့် ရန်ကုန်မြို့တွင်း လမ်းမတော်တော်များတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပြည်လမ်းမမှာ ယာဉ်ကြောပိတ်ဆို့မှု နေ့တစ်ဝက် နီးပါး ကြာမြင့်ခဲ့ပြီး ကျန်လမ်းပိုင်းများမှာ နာရီပိုင်းမျှကြာ အကန့်သတ်ဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

‘‘လမ်းမပေါ် လိုင်းကားတွေလည်း စီးမရ၊ အငှားကားတွေက လည်း လမ်းပိတ်တာကိုအကြောင်းပြပြီး မတန်တဆဈေးပိုတောင်းနဲ့ ဒီနေ့တစ်နေ့လုံးအဆင်မပြေကြ ဘူး။ အိုဘားမားမြန်မာပြည်လာ တာတော့ ဝမ်းသာတယ်။ ဒါပေမဲ့ သူလာလို့ လမ်းတွေပိတ်၊ အလုပ် တွေနောက်ကျကုန်ကြရတော့ အဆင်မပြေဘူး’’ဟု လှိုင်မြို့နယ် နေ ဒေါ်တင်တင်ထွေးက ပြော သည်။

ထိုသို့ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် အလုပ် သမားအများစုမှာ အလုပ်ချိန် နောက်ကျမှုများ ဖြစ်ပေါ်ခဲ့ကြ သဖြင့် ကြိုတင်အသိပေးခြင်းမရှိ ဘဲ ရုံးချိန်ရောက်မှ လမ်းများရုတ် တရက်ပိတ်ခဲ့သောအစီအစဉ် အပေါ် ဝေဖန်အပြစ်တင်ခဲ့ကြသည်။

‘‘ဒီနေ့ရုံးလာတာ ပိုက်ဆံ တော်တော်ကုန်တဲ့နေ့ပဲ။ ညနေ ရုံးဆင်းပြန်ရင်လည်း ကားတွေ မရှိမှာစိုးလို့ စောစောပြန်ဖို့ မန်နေ ဂျာကိုခွင့်တောင်းရဦးမှာ။ ဒီနေ့ အိုဘားမားလာလို့ ဝန်ထမ်းတွေ ရုံးနောက်ကျတာကို ရုံးကသူတွေ နားလည်ပေးရင် ကောင်းမှာပဲ’’ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဝေဖြိုးကဆိုသည်။

‘‘ကားကို လမ်းထဲကမထွက် ခိုင်းတော့ အလုပ်ကိစ္စချိန်းထား တာလွဲသွားတာကတော့ ကျွန် တော့်အတွက် ဒီနေ့မှတ်မှတ်ရရ နစ်နာမှုပဲ။ သူတို့လမ်းမဖွင့်မချင်း မထွက်ရဘူးဆိုလို့ ငုတ်တုတ်ထိုင် စောင့်နေတာ’’ဟု ကျောက်တံတားမြို့နယ် ၃၇ လမ်းမှ ကားပိုင်ရှင် တစ်ဦးကပြောသည်။

အိုဘားမားအနေဖြင့် ရန်ကုန်မြို့သို့ ၂၀၁၂ ခုနှစ်က တစ်ကြိမ် လာရောက်ခဲ့သေးသော်လည်း ထိုစဉ်က ယခုလောက် ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားစွာ မဖြစ်ပေါ်ခဲ့ပေ။ ယာဉ်ကြောယခု ကဲ့သို့ ဆိုးရွားစွာပိတ်ဆို့မှုစေရ ခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်မှာ အိုဘားမား၏ ယာဉ်တန်း ဖြတ်သန်းသွားရောက်မည့်ခရီးစဉ်လမ်းကြောင်းနှင့် ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကြိုတင်၍အတိအကျ မသိရှိရခြင်းများကြောင့် ၎င်းလာရောက်နိုင်သည်ဟု ယူဆရသောလမ်းများကို ပိတ်ထားရခြင်းကြောင့်လည်း ပါဝင်သည်ဟု တာဝန်ကျယာဉ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အိုဘားမား၏ ရန်ကုန်မြို့ ခရီးစဉ်မှာ ကြာချိန် ခုနစ်နာရီနီးပါး ခန့်သာရှိခဲ့သော်လည်း နံနက် အစောပိုင်းမှ ယင်းနေ့ညအချိန်ထိ ရန်ကုန်မြို့တွင်း ခရီးသွားလာမှု အပေါ် များစွာသက်ရောက်မှု ရှိခဲ့ သည်။ ရန်ကုန်တွင် ယာဉ်ကြောရှင်းလင်းရန်အတွက် ယာဉ်ထိန်းရဲတစ်ထောင်ချခဲ့ သည်ဟုဆိုသည်။

‘‘အစကတည်းကပိတ်နေတဲ့ ရန်ကုန်လမ်းတွေ အိုဘားမားလာ မှပဲ လမ်းပေါ်ညအိပ်ရတော့မယ့် အခြေအနေဖြစ်နေပြီ။ ဒါလူ့ အ ခွင့်အရေးချိုးဖောက်ခံရတယ်လို့ ပြောလို့မရဘူးလား’’ဟု လရိပ် အမည်ဖြင့် အကောင့်ပိုင်ရှင်တစ် ဦးကလည်း ယနေ့ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့်ပတ်သက်၍ ရေး ထားထားသည်။