Intel က မြန်မာနိုင်ငံတွင် ဈေးနှုန်းချိုသာသောနည်းပညာထုတ်ကုန်များ ထုတ်လုပ်ရန်စီစဉ်နေ

ကမ္ဘာ့အကြီးဆုံးပရိုဆက်ဆာထုတ်လုပ်သော ကုမ္ပဏီ တစ်ခုဖြစ်သည့် Intelသည် မြန်မာနိုင်ငံအတွင်း ဈေးနှုန်းချိုသာသော နည်းပညာထုတ်ကုန်များ ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိသော်လည်း အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အထောက်အပံ့များ လိုအပ်နေကြောင်း သတင်းရရှိသည်။

‘‘မြန်မာပြည်တွင်းမှာ ဈေးနှုန်းချိုချိုသာသာနဲ့ထုတ်ကုန်တွေ ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒါမျိုးတွေအတွက်က အစိုးရရဲ့ ပူးပေါင်ဆောင်ရွက်မှုနဲ့ လုပ်မှရပါမယ်’’ဟု Intel၏ ထုတ် ကုန်အရောင်းပိုင်းဆိုင်ရာဌာန ဒါရိုက်တာMs.Chantana Suwan-nawongကဆိုသည်။

ပြည်တွင်း၌ ဈေးနှုန်းချိုသာသော နည်းပညာထုတ်ကုန်များထုတ်လုပ်နိုင်ရန်အစိုးရ ချမှတ်ထားသည့်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်ပြီး အချို့နိုင်ငံများတွင် Intel ၏ ထုတ်ကုန်များအတွက် လိုအပ်သည်များထောက်ပံ့ပေးခြင်း၊ အချို့အခွန်များကို လျှော့ချ၍ ကောက်ခံပေးခြင်းတို့ဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချပေးသောကြောင့် ဈေးသက်သာစွာရောင်းချ ပေးနိုင်ခဲ့ကြောင်း Ms. Chantanaက ရှင်းပြသည်။

Intel၏ လုပ်ငန်းမျိုးသည် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာ တကို ထိခိုက်စေသောလုပ်ငန်းမဟုတ်ဘဲ ပြည်တွင်း၌ ဈေးသက်သာစွာ အသုံးပြုခွင့်ရမည်ဖြစ်၍ လုပ်ငန်းများအလွယ်တကူအကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်ပေးသင့်ကြောင်း  မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်များအသင်းနာယကဦးရဲမြတ်သူကပြောသည်။


‘‘အခုလက်ရှိ ပြည်တွင်းကို တရုတ်နိုင်ငံက ဈေးသက်သာတဲ့ ဟန်းဆက်တွေ အများကြီးဝင်နေတယ်။ ကြာရင် အမှိုက်ပုံလိုဖြစ် သွားမှာတောင် ကြောက်ရတယ်။ တရုတ်ပစ္စည်းကိုပဲ ၀ယ်သုံးမလား၊ Intelလို ကုမ္ပဏီမျိုးရဲ့ထုတ်ကုန်ကိုပဲ ဈေးနှုန်းချိုချိုသာသာနဲ့ ၀ယ်သုံးမလားဆိုတာ စဉ်းစားဖို့လိုအပ်ပါတယ်’’ဟု ဦးရဲမြတ်သူကပြောသည်။

Intel အနေဖြင့် Lenovo, Dell, Acer, Asus, MSIစသော ကုမ္ပဏီများနှင့် ပူးပေါင်း၍ Desktopကွန်ပျူတာများ၊ လက်ပ်တော့များ၊ စမတ်ဖုန်းများနှင့် တက်ဘလက်များ ထုတ်လုပ်လျက်ရှိသည်။

ထို့အပြင် အချို့နိုင်ငံများ၌ မိသားစုသုံးရန် My Family PCကဲ့သို့ ဈေးသက်သာသည့် ကွန်ပျူတာများကိုလည်း ရောင်းချပေးလျက်ရှိသည်။

‘‘Intelရဲ့ထုတ်ကုန်တွေကို သူတို့ဆီမှာ ထုတ်ဖို့လိုအပ်တဲ့မီးအားမပေးနိုင်တဲ့အတွက် နိုင်ငံတစ်ခုလုံးရဲ့ မီးအားပေးစနစ်ကိုအသစ်လဲခဲ့တယ်။ သိပ်မကြာဘူး။ အဲဒါက အရင်းပြန်ကျေသွားပြီး Intelရဲ့ ထုတ်ကုန်တွေကိုလည်း ဈေးသက်သက်သာသာနဲ့ သုံးခွင့် ရခဲ့တယ်’’ဟု ဦးရဲမြတ်သူက ဆက်လက်ပြောသည်။

Top News