e-Government စီမံကိန်းအကောင်အထည်ဖော်မှု နှေးကွေးနေဟုဆို

လက်ရှိအစိုးရအနေဖြင့် e-Government စနစ်ကို လ ၂၀ စီမံချက် ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည်ဟု ပြောကြားထား သော်လည်း ယင်းစနစ်ဖော်ဆောင် ရာတွင် နှေးကွေးနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။


  အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ပြည်သူ များအကြား လုပ်ငန်းဆောင်ရွက် လည်ပတ်ရာတွင် အချိန်တိုအတွင်း အဆင်ပြေ   ချောမွေ့မှုရှိစေရန် e-Government မှာ မဖြစ်မနေလိုအပ်နေပြီး အစိုးရဝန်ထမ်းများအနေဖြင့်လည်း လုပ်ဆောင်သင့်သည့်  ကိစ္စတစ်ရပ်အဖြစ်ခံယူထားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

‘‘ပြည်သူတွေသုံးနိုင်အောင် လည်း လှုံ့ဆော်ဆောင်ရွက်ရမယ်။ အခက်အခဲဆိုတာရှိတာပေါ့။ အချိန်အကြာကြီးဆက်ပြီးလုပ် ဆောင်သွားဖို့လိုပါတယ်။ အခု လုပ်ဆောင်နေတာကိုကြည့်ရင် အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ သွားတဲ့ပုံစံက အရမ်းနှေး နေတယ်လို့မြင်တယ်’’ဟု ၎င်းက ဆိုသည်။

အစိုးရဝန်ကြီးဌာနများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ e-Government ဖော်ဆောင်ရေးကို စိတ်ဝင်စားမှုရှိ သော်လည်း ကျန် ၂၀ ရာခိုင်နှုန်း မှာစိတ်ဝင်စားမှုအားနည်းနေ ကြောင်း၎င်းက သုံးသပ်သည်။

e-Government ဖော်ဆောင်ရာတွင် လွှတ်တော်နှင့် အစိုးရက လုံလောက်သည့် ဘတ်ဂျက်ချ ထားပေးရန်လိုအပ်ပြီး ဘတ်ဂျက် မချထားသေးမီ PPP(Public-private partnership)ပုံစံဖြင့် ဖော်ဆောင်သင့်ကြောင်း ဆက် သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားထားသည်။

သို့သော် လက်ရှိတွင် PPP ပုံစံကို ကျင့်သုံးခြင်းအားနည်းနေ ပြီး အဆိုပါပုံစံမှာလည်း နေရာ တိုင်းတွင် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများ က ပြောသည်။

‘‘PPP မော်ဒယ်ကို အရမ်း ကြီးအားကိုးလို့မရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပရောဂျက်ရဲ့ပိုင်ရှင် က အစိုးရပဲလေ။ စီးပွားရေးလုပ် ငန်းရှင်တွေအနေနဲ့ ကူညီပေးလို့ ရတာရှိတယ်၊ မရတာရှိတယ်။ ဥပမာဝန်ကြီးဌာနတစ်ခုရဲ့ စည်း မျဉ်းစည်းကမ်း ဒါမှမဟုတ် ဥပဒေတွေထည့်သွင်းတဲ့အခါမှာ အစိုးရဘက်ကပဲ ဒါကိုလုပ်လို့ရတာလေ’’ဟု ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

e-Government စနစ်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဦးဆောင်လုပ်ကိုင်နေပြီး အခြေခံ အဆောက်အအုံ (Infrastracture)မလုံလောက်မှုနှင့် အင်တာနက်လိုင်းနှေးကွေးနေခြင်းမှာ ကြီးမားသည့်အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက သုံးသပ်သည်။

e-Government ဖွံ့ဖြိုးမှုနိုင်ငံတကာ စစ်တမ်းတွင်မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၇၅ ၌ ရပ်တည်နေပြီး အနိမ့်ကျဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည်။

Top News