တတိယအကြိမ် စကိတ်စီးပြိုင်ပွဲ ထောက်ကြန့်တွင် ဇွန်လဆန်း ကျင်းပမည်

တတိယအကြိမ်မြောက် စကိတ်စီး အားကစားပြိုင်ပွဲကို လာမည့်ဇွန်လဆန်းတွင် ထောက် ကြန့်၌ ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ စကိတ်စီးအား ကစား ၀ါသနာရှင်များအသင်း Myanmar Skate Association (MSA) မှ ကြီးမှူး၍ ဟန်ဆာပလတ်စ်ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမည့် အင်လိုင်းစကိတ်နှင့် စကိတ်ဘုတ်စီးပြိုင်ပွဲကို ထောက်ကြန့်ရှိ မီလျံစကိတ်ကွင်းတွင် ဇွန်လ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာတစ်နိုင်ငံလုံးရှိ စကိတ်စီးဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်နိုင်ပြီး မေလ ၁၆ ရက်အထိ ပြိုင်ပွဲဝင် ၁၉၀ ခန့် ယှဉ်ပြိုင်ရန် စာရင်းပေး သွင်းထားကြောင်း MSA ဥက္ကဋ္ဌဦးလွင်လတ်က ပြောသည်။

ပြိုင်ပွဲအမျိုးအစား ၁၁ မျိုး ထည့်သွင်းကျင်းပမည့် ယင်းပြိုင် ပွဲတွင် ဆုရရှိသူများကို စကိတ် ပစ္စည်းများ အဆင့်အလိုက် ချီး မြှင့်ပေးသွားမည်ဖြစ်ပြီး ငွေကြေး ဆုချီးမြှင့်ပေးသွားမည်မဟုတ် ကြောင်း ဥက္ကဋ္ဌဦးလွင်လတ်က ပြောသည်။

‘‘ပြိုင်ပွဲတွေမှာ နိုင်တဲ့သူတွေ ကို ဆုကြေးပိုက်ဆံချီးမြှင့်မှာ မဟုတ်ပေမယ့် သိန်းသုံးဆယ် လောက် တန်ဖိုးရှိတဲ့ နိုင်ငံတကာ က စကိတ်ပစ္စည်းအကောင်းစား တွေ ချီးမြှင့်ပေးသွားမှာကြောင့် စကိတ်သမားတွေအတွက်တော့ ငွေထက် တန်ဖိုးရှိပါတယ်’’ဟု ၎င်းကပြောသည်။

ပြိုင်ပွဲတွင် နိုင်ငံတကာမှ စကိတ်ပညာရှင်သုံးဦးက ဒိုင်လူ ကြီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စကိတ်ပြိုင်ပွဲများကို  ၂၀၁၃ က ရန်ကုန်မြို့၌တစ်ကြိမ်၊ ၂၀၁၄က မန္တလေးမြို့၌ တစ်ကြိမ်ကျင်းပ ခဲ့ကြပြီး နောက်ပိုင်းတွင် ခြောက်လတစ်ကြိမ် ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဟု MSA အဖွဲ့တာဝန်ရှိသူကဆိုသည်။

Top News