ဒီချုပ်ရာနှုန်းပြည့်အနိုင်ရလျှင်ပင် မည်သူ့ကိုမျှ အာဃာတမထားဘဲ လက်တွဲ လုပ်ကိုင်ရန် ကြိုဆိုမည်ဟု ဒေါ်အောင်ဆန်းစုကြည် သတင်းစကားပါး

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်း လှည့်လည်ပြောကြားခဲ့သော မဲဆွယ်ဟောပြောပွဲများအနက် အများဆုံးအဖြစ် စံချိန်တင်ခဲ့သော သုဝဏ္ဏမြို့ဦးစေတီကွင်းမှ ပရိသတ်များကို ဝေဟင်မှ တွေ့ရစဉ်

 ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့် အနိုင်ရလျှင်ပင် မည် သူ့အပေါ်မျှ အာဃာတမထားဘဲ အတူ လက်တွဲလုပ်ဆောင်ရန် လက်ကမ်းကြိုဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ကျွန်မတို့ဟာ အားလုံးကို ကျောသား ရင်သားမခွဲ ဆက်ဆံ ရေးဟာ တစ်ကယ့်ကို သိက္ခာရှိ တဲ့၊ အဆင့်အတန်းရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းများအားလုံးရဲ့ တာ ၀န်ဖြစ်လို့၊ ဘယ်သူ့ကိုမှ အာဃာ တမထားဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်းနိုင်လို့ရှိရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့စိတ် ရှိပါတယ်လို့ ကျွန်မပြောနိုင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောမှု နောက်ဆုံးပွဲတွင် ပြောကြားခဲ့သည်။

သုဝဏ္ဏမြို့ဦးစေတီကွင်း တွင် အောက်တိုဘာ ၁၀ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲ၌ ပြည်ခိုင် ဖြိုးဗဟိုအလုပ်အမှုဆောင် ဦးမြ ညိမ်းက ရန်ကုန်တိုင်း၌ အနီ ရောင်မလွှမ်းဘဲ အစိမ်းရောင်သာ လွှမ်းရမည်ဟု ပြောကြားခဲ့သည်။

ထိုသို့ပြောကြားပြီး သုံးပတ် အကြာ နိုဝင်ဘာ ၁ရက်က သုဝဏ္ဏမြို့ဦးစေတီကွင်းတွင် ပြု လုပ်သော ရန်ကုန်တိုင်းလုံးကျွတ် ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲသို့ ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ပရိသတ်တစ်သိန်းခွဲ ခန့် တက်ရောက်ခဲ့သည်။ ပူပြင်းသောနေရောင်အောက် ပရိသတ် များမှာ ကွင်းလုံးပြည့်လျှံခဲ့ပြီးလမ်းများပေါ် တွင်ပါ ပြည့်ကျပ်ခဲ့သည်။ ထို့ကြောင့် စင်ကာပူမှ Channel News Asia သတင်းဌာနာက အနီရောင်လူပင်လယ်ပြင်ဟုတင်စား ကာ သတင်းတင်ဆက်ခဲ့သည်။

မဲဆွယ် မိန့်ခွန်းတွင် ဒေါ် အောင်ဆန်းစုကြည်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပြည်သူလူထု၏ ယုံ ကြည်ထောက်ခံမှုကိုသန့်သန့်ရှင်း ရှင်းဖြင့်ရယူရဲကာ သူများကိုတိုက် ခိုက်ပြီး မမှန်သောနည်းလမ်းများ၊ တစ်နည်းအားဖြင့် အဆင့်မရှိ သောနည်းများဖြင့် လုပ်ဆောင်ဖို့ မရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲနီးလာချိန် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်ဖြင့် အောင် မြင်စွာ ဖြစ်မြောက်ရေးအတွက် ပြည်သူများအား ထပ်တလဲလဲ မေတ္တာရပ်ခံနေသော်လည်း အချို့က ရွေးကောက်ပွဲနီးလာသည်နှင့် အမျှ မသမာသည့် နည်းများဖြင့် ရွေးကောက်ပွဲကို အနိုင်ယူနိုင်ရန် စဉ်းစားနေသူများလည်းရှိနေ ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်မအနေနဲ့ ပုတ်ခတ်ချင် လို့ တိုက်ခိုက်ချင်လို့ မဟုတ်ပါ ဘူး။ အဖြစ်ကို အဖြစ်အတိုင်း မြင် ဖို့လိုပါတယ်။ ကျွန်မတို့သတိနေ ရာမှာ မလစ်ဟင်းအောင်လို့ ပြော တာပါ။ သတိဆိုတာ လွန်ကဲ တယ်ရယ်လို့ မရှိနိုင်ဘူးဆိုတာ တရားတော်ထဲမှာလည်း ပါပါ တယ်။ အခုအခြေအနေမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့အားလုံး အင်မတန်မှ သတိနဲ့ပြည့်ဝရပါ လိမ့်မယ်’’ဟု ရွေးကောက်ပွဲအနိုင် ရရေးအတွက် မသမာသည့်နည်း လမ်းများဖြင့် ပြုလုပ်နေသူများကို ပြည်သူများ သတိထားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

‘‘ကျွန်မတို့နိုင်ငံကို ကျွန်မတို့ အေးချမ်းစေချင်တယ်။ ချမ်းသာ စေချင်တယ်။ တိုးတက်စေချင် တယ်။ ဒီရွေးကောက်ပွဲဟာ ဒီလို အေးချမ်းရေး၊ ညီညွတ်ရေး၊ တိုး တက်ရေးအတွက် အခြေချလိုက် တဲ့ ပွဲကြီးတစ်ခုဖြစ်စေချင်ပါ တယ်။ အဲဒီတော့ ကျွန်မတို့ ဒီရွေး ကောက်ပွဲ မတိုင်ခင်မှာလည်း ကျွန်မတို့ ပြည်သူလူထုက ဘယ် လောက်စည်းကမ်းရှိရှိ၊ ဘယ် လောက်မှန်မှန်၊ ဘယ်လောက် စိတ်ထားပြည့်ဝစွာနဲ့ ဒီရွေး ကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်သွားတယ်ဆိုတာ တစ်ကမ္ဘာ လုံးက မြင်စေချင်တယ်’’ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းသည်။

ဝန်ထမ်းများအနေဖြင့် လွတ် လွတ်လပ်လပ် အကြောက်တရား ကင်းကင်းဖြင့် မဲပေးကြရန်နှင့် မည်သည့်ပါတီကိုသာ ထောက်ခံ ရန် ဖိအားပေးပြောဆိုသူရှိလာပါ က အဆိုပါပုဂ္ဂိုလ်သည် ဥပဒေချိုး  ဖောက်သူဖြစ်ကြောင်း သိရှိထား ရမည်ဖြစ်ကာ မိမိတို့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြ ရန်လည်း တိုက်တွန်းပြောကြားခဲ့ သည်။

ရန်ကုန်မြို့တွင် လူတန်းစား အလွှာစုံ နေထိုင်သည့်အတွက် ရန်ကုန်၏ ထောက်ခံမှုသည် တစ် နိုင်ငံလုံးထောက်ခံမှု၏ ရောင်ပြန် ဟပ်မှုပင်ဖြစ်ကြောင်း ဟောပြော မှုအစပိုင်းတွင် ပြောကြားသည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောပွဲအားလုံးတွင် ယခုပွဲက လူအများဆုံးဖြစ် ကြောင်း  လိုက်ပါသတင်းရယူသော သတင်းထောက်များက ပြောသည်။

‘‘နိုင်ငံသူ၊ နိုင်ငံသားများက လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရဖြစ်လို့ရှိရင် ငါတို့က တော့ မြိန့်မြိန့်လေးထိုင်နေရုံပဲ။ အဖွဲ့ချုပ်ကနေ တာဝန်ယူလိမ့် မယ်လို့ ဘယ်တော့မှ မစဉ်းစားပါ နဲ့။ အဲဒီလိုအစိုးရတစ်ခုကို ပုံအပ် ထားရင် အာဏာရှင်တွေ ပြန်ပြီး တော့တက်လာလိမ့်မယ်လို့ သတိ ပေးပါရစေ။ ဘယ်အစိုးရကိုမှ ပုံအပ်ပြီးမထားပါနဲ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ပုံ အပ်မထားပါနဲ့။ ကျွန်မတို့ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးလုပ်စရာ တွေက အများကြီးပါ။ ပြည်သူလူ ထု မပါဘဲနဲ့မလုပ်နိုင်ပါဘူး။ ပြည် သူလူထုကို အားမကိုးဘဲနဲ့ လုပ် တဲ့အစိုးရဆိုတာ အာဏာရှင် သန္ဓေပါတဲ့ အစိုးရဖြစ်တယ်။  ဒါ ကြောင့် ဘယ်တော့မှ အဲဒါမျိုးကို အားမပေးပါနဲ့လို့ ပြောချင်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အာဏာရှင်ဆန်တဲ့ အစိုး ရမျိုးဖြစ်လာမယ့်အစား အာဏာ က ပြုတ်သွားတာမှ ကောင်းမယ် လို့ ကျွန်မက ဒီအတိုင်းပဲ ယူဆပါ တယ်။ ဒါကြောင့်မို့ ကျွန်မတို့ ပြည်သူဟာ အဖွဲ့ချုပ်ကို လုံးဝအ လိုမလိုက်ပါနဲ့။ ရွေးကောက်ပွဲမှာ တော့ ၁၀၀ ရာခိုင်နှုန်းထောက်ခံ နော်။ ပြီးလို့ရှိရင်တော့ လုံးဝအလို မလိုက်ပါနဲ့လို့ ကျွန်မက မေတ္တာ ရပ်ခံချင်ပါတယ်’’ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မိန့်ခွန်းမှာ ၂၅ မိနစ်ကြာ မြင့်ခဲ့ပြီး ပြည်သူများ ရွေးကောက် ပွဲတွင် မှန်ကန်စွာ မဲပေးနိုင်ရေး၊ အနိုင်ရပါက ပြိုင်ဘက်များအပေါ် ထားရှိမည့် သဘောထား၊လာမည့် ရွေးကောက်ပွဲသည် နိုင်ငံပြုပြင် ပြောင်းလဲရေးအတွက် အရေးပါ ပုံတို့ကိုလည်း ထည့်သွင်းပြော ကြားခဲ့သည်။

မေးခွန်းမေးမြန်းသူများလွန်း၍ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစု ကြည်က နာမည်ကြီးကဗျာဆရာ ကြီးတင်မိုး၏ ‘ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါလေ’ ဆိုသည့် ကဗျာကိုကိုးကား၍ အချိန်တန်ရင် အိမ်ပြန်ရမယ်။ အချိန်တန်ရင်အိမ်ပြန်တတ်တဲ့ ပုဂ္ဂိုလ်များသာလျှင် နိုင်ငံကို အကျိုးပြုတယ်’’ ဟု ပြောပြီး ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

ဒီချုပ်၏ မဲဆွယ်ဟောပြော ပွဲသို့ ပြည်တွင်းပြည်ပမှ မီဒီယာ တစ်ရာခန့် တက်ရောက်သတင်း ရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပါတီနာယက ဦးတင်ဦး လည်း တက်ရောက်ဟောပြောခဲ့ ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်နေသည်ဆိုသောသူများ အနေဖြင့် လွှတ်တော်အတွင်းရှိ တပ်မတော် ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍ ပြည်သူများလိုလား သည့်အတိုင်း ပြု ပြင်ပြောင်းလဲမှုလုပ်နိုင်ခဲ့ရဲ့လားဟု မေးခွန်းထုတ် လိုကြောင်း ပြောသည်။

မဲဆွယ်ဟောပြောပွဲကို ညနေ ၄ နာရီတွင် စတင်ခဲ့သော် လည်း နံနက် ၁၁ နာရီခန့်မှစ၍ ဟောပြောပွဲမစမီ၌ အနုပညာ ရှင်များက သီချင်းများဖြင့် ဖျော် ဖြေခဲ့ကြသည်။

ဟောပြောပွဲ နားထောင်ရန် ရောက်လာသူ အများစုသည် NLD ပါတီအင်္ကျီဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ပါတီအလံပါသော နဖူးစည်းများ စည်းထားကြသည်ကို တွေ့ရသည်။ ပုသိမ်မြို့နှင့် ပဲခူး မြို့စသောမြို့များမှ ပြည်သူများကလည်း ကားများဖြင့် တက် ရောက်ခဲ့သည်ကို တွေ့ရသည်။

‘‘ဒီနေ့ပြောတဲ့အထဲမှာ ငွေ ကြေးနဲ့စည်းရုံးတာ။ ၀န်ထမ်းတွေ ကို ခြိမ်းခြောက်စည်းရုံးတာတွေနဲ့ ပတ်သက်လို့ပြောတာကို သ ဘောကျပါတယ်။ ကုမ္ပဏီဝန် ထမ်းတွေကို ထည့်ပြောတာက ရန်ကုန်နဲ့ကွက်တိပဲ။ ကိုယ်ပေးတဲ့ မဲကလျှို့ဝှက်မဲဆိုတာ ပြည်သူ တွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့လို တယ်။ ဘယ်ခြိမ်းခြောက်မှုကိုမှ ကြောက်စရာမလိုဘူး။ ကျွန်တော် နယ်ပြန်ပြီး ဒီကိစ္စတွေကို အသိ ပညာပေးသွားမှာပါ’’ဟု ဟော ပြောပွဲသို့ လာရောက်သော ၀မ်း တွင်းမြို့သား ကိုအောင်လင်း က ပြောသည်။

ထို့အပြင် ဟောပြောပွဲသို့ လာရောက်သူအချို့က ‘‘ငါး ထောင်ပေးတိုင်းတို့မယူ၊ အမေစု ရဲ့လူ၊ ဒံပေါက်ကျွေးတိုင်းတို့မစား အမေစုရဲ့သား . .’’ဟု စာသားများ ရေရွတ်ကြသည်ကိုလည်း တွေ့ရ သည်။

ကွင်းအတွင်း စနစ်တကျ အ မှိုက်စွန့်ပစ်ရန် အိတ်များထားပေး သည်ကိုတွေ့ရပြီး စေတနာ့ဝန်ထမ်း လူငယ်အချို့က ဟောပြောပွဲအပြီးတွင် အမှိုက်များ လိုက်လံကောက်ယူသိမ်းဆည်းပေးခဲ့ကြသည်။

 

Top News