မြစ်ဆုံစီမံကိန်း အပြီးတိုင်ပယ်ဖျက်ပေးရန် ကချင်အခြေစိုက်အဖွဲ့အစည်းများ တောင်းဆို

ကချင်အဖွဲ့အစည်းများက မြစ်ဆုံစီမံကိန်းအပြီးရပ်ပေးရန် တောင်းဆိုလျက်ရှိသည်။(ဓာတ်ပုံ−မရန် )

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ရပ်တန့်ထားသည့် မြစ်ဆုံစီမံကိန်းကို ယခု အစိုးရသစ်လက်ထက်တွင် အပြီးတိုင်ပယ်ဖျက်ပေးရန် ကချင်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကို အလိုမရှိသောကြောင့် မကြာမီ တာဝန်ယူတော့မည့် အစိုးရသစ် လက်ထက်တွင် အပြီး တိုင် ပယ်ဖျက်ပေးရန် ကချင်ပြည် နယ်အခြေစိုက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ဘာသာရေးအဖွဲ့ အစည်းပေါင်း ၃၀ က တောင်းဆို လိုက်ခြင်းဖြစ်သည်။

၎င်းတို့၏ တောင်းဆိုချက်ကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း များ ထိန်းသိမ်းရေးနှင့် ရေကာ တာဆန့်ကျင်ရေးနေ့ မတ်လ ၁၄ ရက်တွင် တရုတ်အစိုးရ၊ မြန်မာ အစိုးရနှင့် စီမံကိန်းကို အကောင် အထည်ဖော်မည့် တရုတ်ကုမ္ပဏီ၊ မြန်မာကုမ္ပဏီတို့ထံ အိတ်ဖွင့်ပေး စာပေးပို့ခဲ့သည်။ ယင်းစာများ ပေးပို့သည်မှာ နှစ်ရက်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန် ထိ နှစ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီ ဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းတို့အဖွဲ့ထံမှ သတင်းရရှိသည်။


‘‘မြစ်ဆုံဒေသခံ ၉၉ ရာခိုင် နှုန်းက ဒီစီမံကိန်းကို အလိုမရှိပါ ဘူး။ ဆန္ဒထုတ်ဖော်ခြင်းတွေ လည်း လုပ်ခဲ့ပါတယ်။ ကုမ္ပဏီ၊ လက်ရှိအစိုးရနဲ့ နောက်တက်လာ မယ့် အစိုးရသစ်ကလည်း ဒါကို အသိအမှတ်ပြု လေးစားသင့်ပါ တယ်’’ဟု ကချင်ပြည်နယ်ဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့မှ အားနန်က ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ကို ပြည်သူများ ကန့်ကွက်မှုမရှိ သောကြောင့် ပြန်လည်စတင်မည် ဟု ပြောဆိုထားသော တရုတ် သံအမတ်၏ ပြောဆိုမှုကို ၎င်းက တုံ့ပြန် ပြောကြားခြင်းဖြစ်သည်။

 မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံထောင်ပေါင်းများစွာတို့ သည် နေရပ်စွန့်ခွာ အဓမ္မပြောင်း ရွှေ့ခံခဲ့ရပြီး ပတ်ဝန်းကျင် အသစ် တွင်လည်း အာမခံချက်ရှိသည့် အိုးအိမ်လယ်ယာမြေများမရှိသဖြင့် ပြန်လည်ထူထောင်မှုကို မစတင်ရသေးပေ။ အသက်မွေး ဝမ်းကျောင်း ခက်ခဲလှသဖြင့် မူလ နေရပ်သို့ ပြန်လည်ပြောင်းရွှေ့ ခွင့်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။

အဆိုပါအိတ်ဖွင့်ပေးစာများ မပေးပို့မီ အရပ်ဘက်အဖွဲ့အစည်း များစုပေါင်း၍ မြစ်ဆုံဒေသတွင် ပြုလုပ်သော လူထုသဘောထား ဆန္ဒခံယူပွဲ၌ တက်ရောက်သူ ဒေသခံများ (၉၉ရာခိုင်နှုန်း)က အဆိုပါစီမံကိန်းကို အလိုမရှိ ကြောင်း ပြောဆိုခဲ့သည်ဟု အရပ် ဘက်အဖွဲ့အစည်းပေါင်း ၃၀ က ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်း များက ဧရာဝတီမြစ်ဆုံတွင်တည် ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအပြင် ကချင်ပြည်နယ်၌ တည်ဆောက်ရန် စီစဉ်နေသည့် အခြားရေကာတာစီမံကိန်းများကိုလည်း ရပ်တန့်ပေးရန် ထပ်မံတောင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် မြစ်ဆုံစီမံကိန်းအပါအဝင် အစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ သည် ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသည့်အပြင် သဘောထားမှတ်ချက်ယူခြင်း များလည်း မရှိ၍ ယင်းသို့တောင်းဆိုခြင်းဖြစ်သည်ဟု သမ္မတထံပေးပို့သော အိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြထားသည်။

ကချင်ပြည်နယ်တွင်ရှိသော ရေအားလျှပ်စစ် စီမံကိန်းအများစု သည် ကချင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနီး၌ ရှိသောကြောင့် ပဋိပက္ခဖြစ်ပွားမည့် အရေးကိုလည်း ဒေသခံများက စိုးရိမ်မကင်းဖြစ်နေကြသည်ဟု အိတ်ဖွင့်ပေးစာတွင် ရေးသား ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် မြစ်ဆုံ အပါအဝင် မေခနှင့် မလိခမြစ်ပေါ်၌ တည်ဆောက်မည့် စီမံကိန်းများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မှု မရှိမီ ရပ်တန့်ပေးရန် ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားသည်။