ကောလင်းမြို့ပေါ်တွင် တောင်ကျချောင်းရေများ စီးဆင်းနေ၍ ရေနစ်မြုပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နှင့်ဝန်းသိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ယနေ့ဇွန်လ ၉ရက် နံနက်ပိုင်းတွင် တောင်ကျချောင်းရေများ မြို့ပေါ်ရပ်ကွက်များနှင့်မြေနိမ့်ပိုင်းကျေးရွာများသို့ စီးဆင်းလာ၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ကောလင်းမြို့နှင့်ဝန်းသိုမြို့အနီးတစ်ဝိုက်တွင် ဇွန်လ ၈ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်နောက်ပိုင်း တောင်ကျချောင်းရေများ အဆက်မပြတ် စီးဆင်းခဲ့ခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပရဟိတကွန်ယက်မှ ဦးအောင်မျိုးဝေက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကောလင်းမြို့ပေါ်ရပ်ကွက်(၆)ခု၌ တောင်ကျချောင်းရေများ ၂ပေမှ ၄ခန့်အထိ မြင့်တက်လျက်ရှိပြီး ကားလမ်းအချို့ ရေနစ်မြုပ်နေသည်ဟု ကောလင်းမြို့ဒေသခံများ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ဓာတ်ပုံ-Kawlin Development Parahita Network ၊Ko Gyi Maung ၊sai thyra