စဥ့်ကူးမြို့အနီးတွင် အင်အားနည်းငလျင်လှုပ်

လှုပ်ခတ်သွားသော ငလျင်၏ ဗဟိုချက်ပြမြေပုံ

စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ စဥ့်ကူးမြို့အနီးတွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်အရှိန်ကို မန္တလေးမြို့၌ပါ ခံစားခဲ့ရကြောင်း မိုးဇလဌာနမှ သတင်းရရှိသည်။

စဥ့်ကူးမြို့၏ အရှေ့- အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က လှုပ် ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။


‘‘ငလျင်က အင်အားအနည်းငယ်ပါပဲ။ ဒါပေမဲ့ မန္တလေးရော၊ စဥ့်ကူးရော သိလိုက်ရပါတယ်။ ထိခိုက်ပျက်စီးမှုတော့မရှိဘူး ကြားပါတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။

စဥ့်ကူးမြို့အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့သည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည်ရှိပြီး ၂၀၁၁ က လှုပ်ရှားခဲ့သော ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်ဒဏ်ကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ပြင်းထန်စွာ ခံစားခဲ့ရသည်။