-->

အငှားကားပေါ်မေ့ကျန်ခဲ့သော ကျပ် သိန်းတစ်ထောင်တန်ဖိုးရှိ ရတနာများကို ယာဉ်မောင်းက ပိုင်ရှင်ထံ ပြန်လည်ပေးအပ်

ပိုင်ရှင်မိသားစုက ဂုဏ်ပြုသောအားဖြင့် ကားဝယ်ပေးရန်စီစဉ်

အငှားယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သည့် ကျပ် သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ စိန်နှင့်မြ ကျောက်များကို အငှားယာဉ်မောင်းက ပိုင်ရှင်များထံ ပြန် လည်ပေးအပ်ရာ ၎င်း၏ ရိုးသားမှုအတွက် ရတနာ ပစ္စည်းပိုင်ရှင်က ကားတစ်စီးဝယ်ပေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

အဆိုပါပစ္စည်းများကို အငှားယာဉ်ပေါ်တွင် မေ့ကျန်သူသည် ကလေးမြို့နေ ဒေါ်ချိုချိုဌေးဖြစ် ပြီး သန်လျင်ရေနံချက်စက်ရုံ အရာရှိအိမ်ရာဝင်းနေ သမီးနှင့် သမက်တို့ထံ၌ ခေတ္တတည်းခိုနေထိုင်သူဖြစ်သည်။

ဒေါ်ချိုချိုဌေးနှင့် သူငယ်ချင်း ဒေါ်လှလှမြင့်တို့နှစ်ဦးသည် စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်က ရွှေတိဂုံစေတီ အနောက် ဘက်မုခ်မှ မြေနီကုန်းပန်းခြံလမ်း ရှိ ဒေါ်လှလှမြင့်၏ နေအိမ်သို့ အငှားယာဉ်ဖြင့် သွားရောက်ရာ ယာဉ်ပေါ်တွင် ဒေါ်ချိုချိုဌေး၏ စိန်နှင့် မြကျောက်များ မေ့ကျန်ခဲ့ကြောင်း ၎င်း၏သမက် ကိုရဲလွင်က ပြောသည်။

အငှားယာဉ်ပေါ်တွင် မေ့ ကျန်ခဲ့သော ရတနာပစ္စည်းများမှာ အမျိုးသမီးများအတွက် လက် ၀တ်လက်စားနှင့် အသုံးအဆောင် များပြုလုပ်သည့် အိန္ဒိယကျောက် များဖြစ်ပြီး ပန်းထိမ်ဆရာများအား ဖောက်သည်ပေးခြင်းဖြစ် ကြောင်း ဒေါ်ချိုချိုဌေး၏ သမီးမချစ်သွေးနီက ပြောသည်။ ပစ္စည်းများပြန်လာပေးသော အငှားယာဉ်မောင်းသူမှာ သာကေတမြို့နယ်(၇) အရှေ့ရပ်ကွက် ဇီဇ၀ါလမ်းနေကိုသန်းထိုက်ကျော်ဖြစ်ပြီး ၎င်းလိုက်ပို့ခဲ့သည့် မြေနီကုန်းပန်းခြံ လမ်းရှိ အိမ်ကိုပြန်လာပေးခြင်း ဖြစ်ကြောင်း မချစ်သွေးနီက ပြော သည်။

‘‘ကားသမားက ဒီနေ့မနက် ကျတော့ လာပြန်ပေးပါတယ်။ မနေ့ညက အမေတို့ကို ပို့ပေးပြီး တော့ ကားဆက်မဆွဲတော့ဘဲ နား လိုက်တာတဲ့။ မနက်ကျမှ သိလို့ လာပြန်ပေးတာပါလို့ ပြောတယ်။ တော်တော်ရိုးသားတဲ့ သူပါ။ ကျွန်မတို့က ကျေးဇူးတင်တဲ့အနေ နဲ့ ပြန်ပေးတာကိုတောင်မှ အ တင်းငြင်းပါတယ်။ သူ့ကို ဓာတ် ပုံတောင် အရိုက်မခံပါဘူး’’ဟု မချစ်သွေးနီက ပြောသည်။

ရတနာပစ္စည်းများ ပြန်လာ ပေးသည့် ကိုသန်းထိုက်ကျော်ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပစ္စည်းပိုင်ရှင် မိသားစုက ကား တစ်စီးဝယ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘မနက်ဖြန်ကျမှ သူ့အိမ်ကို မိသားစုလိုက်သွားမယ်လို့ စီစဉ် ထားတယ်။ ဘယ်လိုကားမျိုးလဲ ဆိုရင် သူကြိုက်တာပေါ့။ ကာယ ကံရှင်ရဲ့ ဆန္ဒကို မေးမြန်းပြီးမှ ပေါ့။ အဓိကကသူ့ကို ကျေးဇူးဆပ် တာဆိုတော့လေ။ တန်ဖိုးနဲ့ တွက် တာမဟုတ်ပါဘူး။ ဒီနေ့ကျတော့ အမေလည်း ကျန်းမာရေးသိပ် မကောင်းသေးလို့ပါ’’ ဟု မချစ် သွေးနီက ပြောသည်။

အဆိုပါကျောက်များ ပြန် လည်ရရှိနိုင်ရန် ပစ္စည်းပျောက်ဆုံး သူများက လူမှုကွန်ရက်စာမျက် နှာတွင် ရတနာပစ္စည်းထုပ်ဓာတ် ပုံများနှင့်အတူ ဖုန်းနံပါတ်များ ဖော်ပြပြီး အကူအညီတောင်းရေး သားခဲ့သည်။ အငှားယာဉ်မောင်း က ပြန်လည်ပေးသည့်အခါတွင်လည်း ၎င်း၏အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ရေးသားပြီး လူမှုကွန်ရက်တွင် ပြန်လည်ရေးသားခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူများက ကားသမား၏ ရိုးသားမှုကို ချီးကျူးကြောင်း ရေး သားဖြန့်ဝေခဲ့သည်။

‘‘ဒီနေ့မနက် ကားရေဆေး တော့ အထုပ်ကို တွေ့ပါတယ်။ ဖွင့်ကြည့်လိုက်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုတာသိတယ်။ ဒီဟာတွေ ကျွန်တော့်အတွက်တော့ ဘာမှမဟုတ်ပေမယ့် သူတို့အ တွက်က အရေးကြီးတယ်ဆိုပြီး ပြန်သွားပေးတာ။ ကျွန်တော်ပို့ ပေးလိုက်တဲ့ အိမ်ကို မှတ်မိနေ တော့ အဲဒီအိမ်ကိုသွားပေးတယ်။  နောက်ပြီးဖေ့စ်ဘွတ်ခ်မှာ သူတို့ တင်ထားတဲ့ ဖုန်းနံပါတ်တွေတွေ့ လို့ ဖုန်းဆက်ပြီးသွားပေးလိုက် တာ’’ ဟု ပစ္စည်းများ ပြန်ပေးသူ ကိုသန်းထိုက်ကျော်က ပြောသည်။ အဆိုပါပစ္စည်းများ ကား ပေါ်တွင် ပါသွားစဉ်က စိုးရိမ်ပြီး ရဲစခန်း၌ သွားရောက်တိုင် ကြားသော်လည်း ယခုအမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မချစ် သွေးနီကဆိုသည်။

Top News