၂၀၁၆ ခုနှစ် ရက်စွဲမှတ်တမ်း

ဇန်နဝါရီ

(၁)ရက်- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နယ်လိုင်စင်ကားများအား မြို့ဝင်ကြေးကောက်ခံနေမှုကို စတင်ရပ်ဆိုင်းလိုက်သည်။

(၇)ရက်- ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့်ခုနှစ် ပြင်ဆင်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေညာသည်။

(၂၂)ရက်- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပပြီးစီးမှုကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၁၀၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

(၂၅)ရက်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒုတိယအကြိမ်အဖြစ် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။

(၂၇)ရက်- အမှုလိုက်သည့် ရဲတပ်ကြပ်ကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တရားခံနှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ စီ အသီးသီးကျခံစေရန် ဒုတိယခရိုင်တရားသူကြီး (၄)က အမိန့်ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီ

(၁)ရက်- ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များဦးဆောင်သည့် ဒုတိယအကြိမ်  ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို စတင်ကျင်းပသည်။

(၄)ရက်- ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ၁၇ နာရီခန့်ကြာ မီးလောင်ကျွမ်း၍ လူ ၁,၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

(၆)ရက်- နအဖ အစိုးရ၏ အတွင်းရေးမှူး (၃) ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။

(၁၀)ရက်- နေပြည်တော်လေဆိပ်နှင့် တစ်မိုင်ခန့်အကွာတွင် တပ်မတော်(လေ)မှ Beech-1900 D အမျိုးအစား (အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်) တစ်စီးပျက်ကျခဲ့ရာ အရာရှိသုံးဦးနှင့် အခြားအဆင့်နှစ်ဦး သေဆုံးခဲ့သည်။

မတ်လ

(၄)ရက်- မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်လေးခုအား ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ရန် လိုင်စင်များချပေးခဲ့သည်။

(၁၅)ရက်- ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သည့်နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မဲအများဆုံးအဖြစ် ဦးထင်ကျော်အား နိုင်ငံတော်သမ္မတ တင်မြှောက်ခဲ့သည်။

(၂၄)ရက်- ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူက တင်သွင်းသည့် ၀န်ကြီးလောင်း ၁၈ ဦး၏ အမည်များကို ကန့်ကွက်သူမရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

ဧပြီ

(၁)ရက်- ပြည်ထောင်စုဝန်ကြီးသစ်များ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

(၃)ရက်- (၂၀၁၄ -၂၀၁၅) ၂ နှစ်တာအတွက် မြန်မာ့ရုပ်ရှင်ဆုပေးပွဲအခမ်းအနားကို (Myanmar Event Park) MEP တွင် ကျင်းပခဲ့သည်။

(၄)ရက်- လာဘ်ပေးလာဘ်ယူပပျောက်စေရန် အစိုးရအဖွဲ့သစ်အတွက်လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သော လမ်းညွှန်ကို သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

(၆)ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည်။

(၂၀)ရက်- အစိုးရအဖွဲ့ဝင်တစ်ဦး၏ ကိုယ်ရေးအရာရှိအား မီဒီယာကုမ္ပဏီကြီးတစ်ခုက နှစ်သစ်ကူးလက်ဆောင်အဖြစ် ကျပ်သိန်း၅၀ ပေးအပ်ခဲ့သဖြင့်ပြည်ထောင်စုအဖွဲ့ရုံးမှ အသိပညာပေးသည့် အကြောင်းကြားစာပေးပို့ခဲ့ သည်။

(၂၂)ရက်- မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး မိုးသီးများကြွေကျကာ လူသေဆုံး၊ ဒဏ်ရာရသူများ ဖြစ်ပွားခဲ့သည်။

(၂၆)ရက်- ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဓားထောက်ကာ ဓားစာခံပြုလုပ်၍ ငွေကြေးတောင်းခံမှုတစ်ခုဖြစ်ပွားခဲ့သည်။

မေလ

(၆)ရက်- သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံ သို့ သွားရောက်ခဲ့သည်။

(၁၉)ရက်- တောင်တက်သမားနှစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦးသည် အမြင့်ပေပေါင်း  ၂၉,၀၂၉ ပေမြင့်သည့် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်သို့ အောင်မြင်စွာခြေချနိုင်ခဲ့သည်။

(၂၄)ရက်- ပုဂံမြို့ဟောင်း မြင်းကပါဂူမြစေတီဘုရား၌ မြစေတီ(ရာဇကုမာရ်) ကျောက်စာအား ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။

ဇွန်လ

(၃)ရက်- ဧည့်စာရင်းတိုင်ကြားခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မများ ပယ်ဖျက်သော ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

(၁၄)ရက်- အမြန်လမ်းမကြီး မိုင်တိုင် (၇၂)အနီး ဒိုက်ဦးမြို့နယ်အတွင်းရှိ လျှိုတစ်ခုထဲသို့ တပ်မတော်ရဟတ်ယာဉ်တစ်စီးပျက်ကျကာ အရာရှိနှစ်ဦး နှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးသွားခဲ့သည်။

(၂၈)ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့သည် နေပြည်တော်ရှိ HorizonLake View ဟိုတယ်၌ တွေ့ဆုံခဲ့ကြသည်။

(၃၀)ရက်- နိုင်ငံတော်သမ္မတရုံး၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီလွှင့်တင်ပေးနိုင်ရန် Viber တွင် Public Chat အစီအစဉ် စတင်လိုက်ကြောင်းသတင်းထုတ်ပြန်သည်။

ဇူလိုင်

(၁၆)ရက်- ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ခေါင်းဆောင်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံရန် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

(၂၁)ရက်- ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း နောက်ဆက်တွဲအစီရင်ခံစာတစ်ခုဖြစ်သော ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဟော်တယ်မက်(စ်)၌ ကျင်းပသည်။

(၂၃)ရက်- ရန်ကုန်မြို့  မင်္ဂလာဒုံမြို့နယ် တိလောက ရပ်ကွက်နေ အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦး ဆုံဆို့နာရောဂါဖြစ်ပွားသဖြင့် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် အဆိုပါရပ်ကွက်အသွားအလာကို ယာယီကန့်သတ်ခဲ့သည်။

(၂၉)ရက်- အစိုးရသစ်က ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော် မည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒကို အစိုးရတက်လာပြီး ရက်ပေါင်း ၁၂၀ ခန့်အကြာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဩဂုတ်

(၁၈)ရက်- ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့တို့က ထုတ်ပြန်ခဲ့သည်။

(၂၃)ရက်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီဥက္ကဋ္ဌနေရာအပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာများကို လူသစ်များဖြင့် အစားထိုးပြန်လည်ဖွဲ့စည်းလိုက်သည်။

(၂၆)ရက်- ထိပ်ပိုင်းခေါင်းဆောင်အချို့ ရာထူးတိုးခြင်း၊ ပြောင်းလဲခန့်အပ် ခြင်းများကို တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

(၃၀)ရက်- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်းပညာရှင်များဖြင့် ပြင်ဆင်ဖွဲ့စည်းရေး အရေးကြီးအဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့သည်။

စက်တင်ဘာ

(၆)ရက်- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင် ကိုဖီအာနန် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာချိန်တွင် ဒေသခံပြည်သူပေါင်း များစွာတို့က စစ်တွေမြို့၌ ဆန္ဒပြခဲ့ကြသည်။

(၁၅)ရက်- လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာရှိ ဒေသခံငါးဦးသေဆုံးမှုအ တွက် တပ်မတော်အရာရှိလေးဦးအပါအ၀င် စစ်သည်ခုနစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်စီ ချမှတ်လိုက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

(၂၃)ရက်- ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းပြုလုပ်စေရန် မရိုးမဖြောင့်သောသဘောဖြင့် လူတစ်ဦးဦးအား ငွေကြေး(သို့) ပစ္စည်းတစ်စုံတစ်ရာပေး၍ သွေးဆောင်ခြင်းမပြုရဟူသော ပုဒ်မကို ငြိမ်းစုစီဥပဒေကြမ်းတွင် ထည့်သွင်းရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်သည်။

အောက်တိုဘာ

(၇)ရက်- အငှားယာဉ်ပေါ်တွင် ခရီးသည်များ မေ့ကျန်ခဲ့သော ကျပ်သိန်း ၁,၀၀၀ ခန့်တန်ဖိုးရှိ ကျောက်မျက်ရတနာများကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည် ပေးအပ်ခဲ့သည့် ဦးသိန်းထိုက်ကျော်အား စက်တင်ဘာလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံရုံးက ရွေးချယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(၉)ရက်- မောင်တောနယ်စပ်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အပါအ၀င် နယ်ခြားစောင့်ရဲစခန်းသုံးခုကို အကြမ်းဖက်စီးနင်းသူများက နံနက်အစောတွင် ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံး ပြီး  တစ်ဦးပျောက်ဆုံးကြောင်း အစိုးရက ထုတ်ပြန်သည်။

(၁၁)ရက်- ၂၀၁၇ ဧပြီ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာသည်။

(၂၇)ရက်- ဇီကာ(Zik)ရောဂါဖြစ်ပွားနေသည့် နိုင်ငံခြားသူတစ်ဦးကို မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်သည်။

နိုဝင်ဘာ

(၄)ရက်- သဘာဝဘေးကို အကြောင်းပြ၍ လိမ်လည်အလှူခံနေခြင်းများ အရေးယူရန် အချက် ၁၂ ချက်ပါ စည်းကမ်းချက်ကို  ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

(၂၀)ရက်- မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးအပါအ၀င် တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို ကေအိုင်အေဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ အရပ်သားလေးဦးအပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး စုစုပေါင်း ကိုးဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။

(၂၀)ရက်- ဒေါပုံမြို့နယ်ရှိ  Capital Hypermarket ဈေးဝယ်စင်တာတွင်  မိနစ်ပိုင်းအတွင်း နေရာနှစ်ခု၌ အသေးစားပေါက်ကွဲမှု လေးကြိမ်ဖြစ် ပွားခဲ့သည်။

(၂၅)ရက်- လုံခြုံရေးတင်းကျပ်သော ရန်ကုန်တိုင်းအစိုးရရုံးဝင်းအတွင်း အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

(၂၆)ရက်- ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို ဒေးဗစ်ထန်း၏ နောက်ဆုံးသွင်းဂိုးဖြင့် အနိုင်ယူကာ အကြိုဗိုလ်လုပွဲအဆင့်သို့  ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

(၂၈)ရက်- သက်ငယ်မုဒိမ်းကျူးလွန်သူများကို အနည်းဆုံးထောင်ဒဏ်၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ  ပြစ်ဒဏ်ချမှတ်နိုင်ရန်  ဥပဒေပြင်ဆင်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ဒီဇင်ဘာ

(၃)ရက်- စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာတစ်ခုကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။

(၄)ရက်- ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ကို ထိန်းသိမ်းနိုင်ပြီ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

(၅)ရက်- မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေါက်တာဟာဂျီဇူကီဖလီဘင်မိုဟာမက်ဇင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သမ္မတအိမ်တော်သို့ လာရောက်တွေ့ဆုံခဲ့သည်။

(၇)ရက်- ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ခိုက်နေသော လက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် KIA/TNLA/MNDAA တို့ကို အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ်  သတ်မှတ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။

(၁၃)ရက်- နိုင်ငံတော်တစ်ဝန်းတွင် စီမံကိန်းများအကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှဂျပန်ယန်း (သန်း ၉,၀၀၀)ကျော် (၉၃၁,၉၇၀) အား ချေးယူရန် နိုင်ငံတော်သမ္မတ တင်ပြလာမှုအပေါ် ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့ သည်။

(၁၆)ရက်- ငွေလွှဲနှုန်းပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင်၁,၄၄၀ ကျပ် ပေါက်ဈေးရှိပြီး ယင်းမှာ ဗဟိုဘဏ်ရည်ညွှန်းဈေးနှင့် ၇၅ ကျပ်ခန့်ပိုများကာ အဆိုပါနှုန်းသည် ပြည်တွင်းငွေလဲနှုန်း သမိုင်းတွင် စံချိန်တင်အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။

(၁၈)ရက်- ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့တွင် စစ်ဆေးရေးအသွင်ဖြင့် ထိုးစစ်ဆင်နေတာ တပ်မတော်ကို အောင်မြင်မှုရရှိရေးနှင့် ထောက်ခံပွဲပြုလုပ်သည့် ဆန္ဒပြပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

(၂၀)ရက်- ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန် ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

(၂၁)ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သံအမတ်ကြီး နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

 

Top News