ပထမဆုံးများ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ပြည်သူက ရွေးချယ်တင်မြှောက်သည့် NLD အစိုးရလက်ထက်တွင် အခြေခံဥပဒေပုဒ်မ ၅၉ (စ)ဖြင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်၌ ဥပဒေသစ်တစ်ခုပြဋ္ဌာန်းကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံရေး သမိုင်းတစ်လျှောက် ပထမဆုံးခန့်အပ်ခဲ့သည်။ အဆိုပါရာထူးသည် နိုင်ငံတော်၏အင်္ဂါစဉ်တွင် နံပါတ်(၂) နေရာ၌ရှိပြီး လက်တွေ့တွင် အစိုးရတစ်ဖွဲ့လုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်နေသည်။ 



ဓာတ်ပုံ-စိုင်းဇော်         

၂၀၁၅-၁၆ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် လက်စတာ စီးတီးအသင်းသည် မေလ ၂၂ ရက်က မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေတိဂုံစေတီတော်၌ အောင်မြေနင်း ဆုတောင်းခဲ့ပြီး စေတီတော်ကို လက်ယာရစ်သုံးကြိမ်ပတ်၍ ဖူးမြော်ခဲ့သည်။   




ဓာတ်ပုံ-နစ်ကီ        

အမြင့်ပေ ၂၉,၀၂၉ ရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ မြန်မာလူမျိုး တောင်တက်သမားနှစ်ဦးဖြစ်သော ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုး အောင်တို့က ၂၀၁၆ မေလ ၂၁ ရက်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ပြီး မြန်မာနိုင်ငံသားများထဲမှ ဧဝရက်တောင်ထိပ်သို့ ပထမဆုံး တက် ရောက်သူများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။     




ဓာတ်ပုံ-MFF     

ပြိုင်ပွဲဝင်ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်သည့် မြန်မာ့ပထမဆုံး အမျိုးသမီး ဆီမီး-ပရိုလိဂ်ဘောလုံးပြိုင်ပွဲကို ၂၀၁၆ ဒီဇင်ဘာ ၁၀ ရက်က အောင်ဆန်းအာကစားကွင်း၌ စတင်ကျင်းပခဲ့သည်။     




ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 

မြန်မာနိုင်ငံတွင် ပထမဆုံး ဇီကာရောဂါဖြစ်ပွားမှုကို ၂၀၁၆ အောက်တိုဘာ ၂၇ ရက်ကစမ်းချောင်းမြို့နယ်နေ ဥရောပနိုင်ငံသူ ကိုယ်ဝန်ဆောင် အမျိုးသမီး၌တွေ့ရှိခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ၂၀၁၅ က ယင်းရောဂါ စတင်ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ရောဂါဖြစ်ပွားသော နိုင်ငံများထဲ၌ ၇၃ ခုမြောက်နိုင်ငံဖြစ်လာသည်။



မမြင်နိုင်သော သယံဇာတဖြစ်သည့် Spectrum (လှိုင်းနှုန်းစဉ်)ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး လေလံပစ်ခဲ့သည်။ Broadband အင်တာနက် ဝန်ဆောင်မှုပေးအပ်ရာတွင် အလွန်အရေးပါသော 2600 Spectrum ကို လေလံပစ်ခဲ့ခြင်းဖြစ်ပြီး လေလံပွဲမှ အမေရိကန်ဒေါ်လာ သန်း ၂၄၀ကျော် ရရှိခဲ့သည်။ လေလံအောင်မြင်သော ပြည်တွင်းကုမ္ပဏီလေးခုသည် Spectrum ကို ၁၅ နှစ်ကြာပိုင်ဆိုင်မည်ဖြစ်သည်။ 




ဓာတ်ပုံ-MFF  

မြန်မာကွင်းလယ်ဒိုင် ဒေါ်သိန်းသိန်းအေးသည် မြန်မာ့ဘောလုံးသမိုင်းတစ်လျှောက်  ပထမဆုံး ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်သည့် ၂၀၁၆ ကမ္ဘာ့ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တာဝန်ပေးအပ်ခြင်းခံရသည်။ ဖီဖာကွင်းလယ် ဒိုင် ဒေါ်သိန်းသိန်းအေးသည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတွင် အိမ်ရှင် ပါပူဝါးနယူးဂီနီနှင့် ဆွီဒင်အသင်းတို့ပွဲကို ပထမဆုံးတာဝန်ယူခဲ့သည်။ 




ဓာတ်ပုံ-ကျော်ဇင်သန်း  

အစိုးရသစ်လက်ထက် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အခြေခံပညာ ၁၂ တန်းပညာရေးကို ပထမဆုံးအကြိမ် ကျင့်သုံးခဲ့ပြီး သူငယ်တန်း၌ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားနေပြီဖြစ်သည်။ ၁၁ တန်းပညာရေးစနစ်အစား ၁၂ တန်းပညာရေးကို ပြောင်းလဲကျင့်သုံးသော ပထမဆုံးနှစ်အဖြစ် ယခုနှစ်တွင် စတင်ခြင်းဖြစ်သည်။    




ဓာတ်ပုံ-မောင်တာ      

မြန်မာနိုင်ငံခေါင်းဆောင်များတွင် ပထမဆုံးအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ပြည်သူကြားမှ ပြည်သူများအား လစဉ်ကိုယ်တိုင်လက်မှတ်ရေးထိုး ဂုဏ်ပြုချီးမြှင့်ဆုပေးအပ်သည်။




ဓာတ်ပုံ-United Nations Information Centre Yangon

မြန်မာနိုင်ငံသားတစ်ဦး ပထမဆုံး ပူလစ်ဇာဆုရရှိမှုအဖြစ် အေပီသတင်းထောက် ကချင်တိုင်းရင်းသူ အက်စ်သာထုဆန်သည် ဧပြီ ၁၈ ရက်တွင် အမေရိကန်သတင်းစာ၊ စာပေလောက၏ အမြင့်ဆုံးဖြစ်သည့် ပူလစ်ဇာဆုရရှိခဲ့သည်။ ထိုင်းငါးဖမ်းစက်လှေများတွင် အဓမ္မခိုင်းစေရန် အင်ဒိုနီးရှားကျွန်းတစ်ခု၌ ဖမ်းဆီးအကျဉ်းချခံထားရသော မြန်မာအလုပ်သမားများ အပါအဝင် လူကုန်ကူးခံ ရေလုပ်သားများအကြောင်း အခြေခံ၍အရှေ့တောင်အာရှငါးဖမ်းလုပ်ငန်းကို စုံစမ်းထောက်လှမ်းဖော်ထုတ်ရေးသားခဲ့ခြင်းကြောင့် အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ပူလစ်ဇာဆုကို အက်စ်သာသည် အေပီသတင်းဌာန၏ သတင်းထောက်များဖြစ်သည့် မာဂီမေဆင်၊ ရော်ဘင်မက်ဒေါဝဲလ်၊ မာသာမင်ဒိုဇာတို့ နှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။




ဓာတ်ပုံ-နစ်ကီ

ရန်ကုန်မြို့၏ ပထမဆုံး ညဈေးတန်းကို ကမ်းနားလမ်း၌ ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွင့်လှစ်ပေးခဲ့သည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ် များရှိ လမ်းဘေးဈေးသည်များကို ညဈေးတန်းသို့ ပြောင်းရွှေ့စေပြီး ဈေးသည်ခြောက်ထောင်ကျော်အနက် ၁၆၀၀ကျော်အား နေရာသတ်မှတ်ပေးရောင်းချစေခဲ့သည်။