မင်္ဂလာဒုံတွင်ဖမ်းမိသည့် ဘင်္ဂါလီလူမျိုး ၁၄ ဦးကို အမိန့်ချ

မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့သည့် ဘင်္ဂါလီလူမျိုး ၁၄ ဦးအား သက်ဆိုင်ရာတရားရုံးက မေ ၁၀ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဘင်္ဂါလီလူမျိုး ၁၄ ဦး အနက် ၁၃ ဦးအား ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက် ဥပဒေပုဒ်မ-၆(၃)အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ကျန် အသက် ၁၂ နှစ် အရွယ် အမျိုးသားအား ကလေးသူငယ်ဥပဒေအရ၂ ၀၁၅ ခုနှစ် မေလ ၁၀ ရက်အထိ ကော့မှူးမြို့နယ်၊ လူငယ်ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားရှိမည်ဟု အမိန့်ချမှတ်ခဲ့သည်။

““သူက အသက်မပြည့်သေးတော့ ကလေးထောင်ပို့လိုက်တာပါ။ ငှက်အော်စခန်းကို”” ဟု မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု သစ်ဆိမ့်ကုန်း ရပ်ကွက်အတွင်းရှိ ခြံကွက်လပ်၌ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ၀င်ရောက်လာသည့် ဘင်္ဂါလီ လူမျိုး ၁၄ ဦးအား ဧပြီ ၂၇ ရက်တွင် ဖမ်းဆီးခဲ့သည်။