လေးလအတွင်း ကလေးသူငယ်များအား အဓမ္မပြုကျင့်မှု ၂၆ မှု ဖြစ်

ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ လေးလတာအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက်မပြည့်သေးသည့် ကလေးသူငယ်များအား အဓမ္မပြုကျင့်ခံရမှု ၂၆ မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမှုခင်း အများဆုံးဖြစ်ပွားသောမြို့နယ်မှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး လေးလအတွင်း ရှစ်မှုဖြင့် စံချိန်တင် မြင့်တက်ခဲ့သည်။ ဒုတိယအများဆုံးအဖြစ် တိုက်ကြီးမြို့နယ်တွင် သုံးမှုဖြစ်ပွားခဲ့ပြီး  ထောက်ကြန့်၊  မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း လေးလအတွင်း နှစ်မှုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော မှတ်တမ်းများအရ  သိရှိရသည်။    

ထိုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးသူငယ်များအား အဓမ္မပြုကျင့်မှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများဖြစ်သော အရက်ပုန်းဆိုင်၊  မူးယစ်ဆေးဝါးနှင့် ညစ်ညမ်းဗီဒီယိုအခွေများအပြင် ကာမရာဂစိတ်ကို ပိုမိုနှိုးဆွစေသည့် ဆေးဝါးများရောင်းဝယ်သည့်ဆိုင်များကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါမှုခင်းများဖြစ်ပွားရာတွင် ကျူးလွန်သူများမှာ လူစိမ်းများမှ ကျူးလွန်မှု ၂၂ မှု နှင့် အများဆုံးဖြစ်ပြီး  ဖခင်အရင်း၊ ပထွေး၊ အစ်ကိုဝမ်းကွဲနှင့် ဦးလေးတို့မှ တစ်မှုစီကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်များတွင် ကလေးများအား မုန့်ဝယ်ကျွေးမည်၊ ဖိနပ်ဝယ်ပေးမည် စသဖြင့် ဖြားယောင်းသွေးဆောင်မှုများပြုလုပ်၍ ကျူးလွန်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိရကြောင်း တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။