နိုင်ငံခြားသားများသာ

ဒီတစ်ခေါက် စင်ကာပူမှ ပြန်အလာတွင် လေယာဉ်ကွင်းမှနေ ပြီး မိသားစုလိုက် ဘုရားဖူးရန် ရွှေတိဂုံဘုရားသို့ လာခဲ့မိသည်။ ဘုရားရောက်မှ ကျွန်တော့်အမျိုး သမီး ဘောင်းဘီတိုဝတ်ထားမှန်း သတိထားလိုက်မိ၍ ခရီးဆောင် အိတ်ထဲမှ ထဘီတစ်ထည်ယူကာ ဘုရားပေါ် မတက်မီ အမျိုးသမီး အိမ်သာထဲဝင်၍ လဲရန် တောင် ဘက်မုခ်ထဲသို့ ဝင်လိုက်သည်။ အိမ်သာထဲသို့ဝင်ရန် အလုပ်တွင် ဘုရားမှ ဝန်ထမ်းအမျိုးသမီးတစ် ဦးရောက်လာပြီး အိမ်သာသုံးလို့ မရကြောင်း လာပြောသည်။ ကျွန် တော့်အမျိုးသမီးကလည်း အိမ် သာသွားရန် မဟုတ်ဘဲ ထဘီလဲရုံ ပဲဖြစ်ကြောင်း ပြန်ပြောသည်။ ဝန်ထမ်းအမျိုးသမီးက မရဘူး။ ထဘီလဲချင်လျှင် အပြင်တွင်သွား လဲဆိုပြီး အော်ဟစ်ပြောတော့ သည်။ ပြီးတော့ နိုင်ငံခြားသူနှစ် ဦးကို အိမ်သာထဲခေါ်သွားကာ သူ ကိုယ်တိုင် ပတ်ထဘီများ ဝတ်ပေးနေတော့သည်။

ထိုအချိန်တွင် ဒေါသထောင်း ခနဲထွက်သွားသော်လည်း ဒေါသ ကိုထိန်းလိုက်ပြီး နိုင်ငံခြားသူတွေ တော့ အိမ်သာထဲ ထဘီဝတ်ခွင့် ပေးပြီး ဘာလို့ ဗမာလူမျိုးအမျိုး သမီးတစ်ယောက်ကို ကာယိနြေ္ဒ ပျက်ပြားအောင်၊ အဂါရဝ အပြု အမူဖြစ်အောင် အပြင်တွင် ထဘီလဲခိုင်းတာလဲ မေးလိုက်တော့ ဝန်ထမ်းအမျိုးသမီးက ဒေါသနဲ့ ပြန်ဟောက်တော့သည်။ ဒါ နိုင်ငံခြားသားတွေအတွက် မြန် မာတွေဝင်လို့မရဘူး။ ကျွန်တော့် တစ်ကိုယ်လုံး ဒေါသဖြင့် တုန် သွားသည်။ စကားပြန်ပြောသည့် အချိန်တွင်လည်း အသံများ တောင် တုန်ရီနေသည်။ ခင်ဗျား တို့ဗျာ တစ်ကမ္ဘာလုံးမှာ ဘယ် နေရာဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတွေ ကို ပထမဦးစားပေးကြပါလျက် ကျွန်တော်တို့ မြန်မာပြည်တွင်မှ ဗုဒ္ဓဘာသာတွေရဲ့ အထွတ် အမြတ်ထားရာနေရာဖြစ်သော ရွှေတိဂုံစေတီလို နေရာမျိုးမှာ တောင် ကိုယ့်လူမျိုး ကိုယ့်ဘာ သာကို ဦးစားမပေးဘဲ နိုင်ငံခြား သားကိုမှ ဦးစားပေးရတယ်လို့။ ကျွန်တော့်အမျိုးသမီးကလည်း လူတွေအများကြီးထဲ ထဘီလဲရန် ဘယ်လိုမှ အဆင်မပြေသဖြင့် အတင်းဝင်ပြီး ထဘီလဲလိုက် သည်။ ပြန်အထွက်တွင် ဝန်ထမ်း အမျိုးသမီးက အိမ်သာတံခါးကို ဆောင့်ပိတ်လိုက်ပြီး သော့ပါခတ် လိုက်တော့သည်။ ဘုရားတက် အဖူးတွင် ဂေါပကကို ဝင်ပြောရန် ကြံစည်သော်လည်း ဒေါသအလွန်ဖြစ်နေသည့်အတွက် ရန်ဖြစ်သလိုဖြစ်နေမည်စိုး၍ တစ်ကြောင်း၊ ပြောဆိုရာတွင်အမှားပါသွားနိုင် သည်က တစ်ကြောင်းမို့ မပြော ဖြစ်တော့။ သည်လိုမျိုးအတွေ့ အကြုံများသည် တစ်ကြိမ်မက တော့ပေ။

၂၀၁၂ လောက်က မြန်မာ ပြည်တွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် ဆွေးနွေးပွဲ ကို ကျင်းပသည့်အချိန်တွင် စင် ကာပူမှ လူငယ်စီးပွားရေးလုပ်ငန်း ရှင်အဖြစ် ဖိတ်ကြားခြင်းခံရသည်။ မြန်မာလူမျိုးဖြစ်သော်လည်း စင် ကာပူတွင် အခြေစိုက်ကာ စီးပွား ရေးအတိုင်ပင်ခံအဖြစ် အလုပ် လုပ်နေသောကြောင့် စင်ကာပူမှ နေပြီး  ဖိတ်ကြားခံရခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် အဲဒီအချိန်က သမ္မတကြီး ဦးသိန်းစိန်ပါ တက်မည်ဟုဆို သောကြောင့် ဖိတ်ကြားမှုကို ဂုဏ်ယူမိသည်။ ဆွေးနွေးပွဲကျင်း ပမည့် ကြယ်ငါးပွင့်အဆင့်ဟို တယ်တွင် နိုင်ငံတကာမှလာသော တက်ရောက်သူများကို အခန်း များ စီစဉ်ပေးထားသည်။ ကျွန်တော့်ကိုလည်း စင်ကာပူမှ ဖိတ်ကြား ထားသည့်အတွက် ဟိုတယ် အခန်းတစ်ခု စီစဉ်ပေးထားသည်။ ဟိုတယ်တွင် ဆွေးနွေးပွဲ တက် ရောက်လာသူများအတွက် အခန်းသော့များ ဝေပေးရန် သီးခြားနေ ရာ လုပ်ပေးထားသည်။

 ဟိုတယ်ဝန်ထမ်းကို ဆွေး နွေးပွဲ လာတက်သူဖြစ်ကြောင်း ပြောပြီး မြန်မာမှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။ နိုင်ငံခြားသား များကတော့ သူတို့၏ နိုင်ငံကူး လက်မှတ်ဖြင့် အခန်းသော့ကို ထုတ်ယူကြသည်။ လူများသည့် အတွက် ထိုင်စရာနေရာများ လုပ် ပေးထားပြီး ဟိုတယ်ဝန်ထမ်းများ က ကော်ဖီနှင့်မုန့်များဖြင့် လိုက် လံဧည့်ခံသည်။ ကျွန်တော်လည်း တခြားနိုင်ငံမှ လာရောက်ပြီး ဆွေးနွေးပွဲတက်ရောက်သူများနှင့် စကားပြောရင်း ထိုင်စောင့်နေ လိုက်သည်။ ခဏကြာတော့ ဟို တယ်ဝန်ထမ်းများလာပြီး အခန်း သော့များကို လိုက်ပေးသည်။ တစ်ယောက်ပြီး တစ်ယောက် အခန်းသော့များယူပြီး ထွက်သွား ကြသည်။ တစ်နာရီလောက်ကြာ သည့်တိုင် ကျွန်တော့်အတွက် အခန်းသော့မရသေးပေ။ လူတွေ များလွန်းသဖြင့် အလုပ်များကာ ကြာနေတာနေမှာပါဟု တွေးပြီး ဆက်  စောင့်နေလိုက်သည်။ တဖြည်းဖြည်း လူတွေကုန်သ လောက်နီးပါး ဖြစ်သွားသောအခါ အခန်းများ စီစဉ်ပေးနေသော နေ ရာသို့သွားပြီး မြန်မာလိုပင် သွား ၍ မေးကြည့်မိသည်။

 ဟိုတယ်ဝန်ထမ်းများက နိုင်ငံခြားသားများကို ချိုသာစွာ ရှင်းပြ  အကူအညီပေးနေသော် လည်း ကျွန်တော်က မြန်မာလို မေးသည်ကို ကြောင်အမ်းအမ်းနှင့် နားမလည်သလို စိုက်ကြည့်နေကြ သည်။ အတော်ရှင်းပြတော့မှ ထောင့်မှာကပ်နေသော မှတ်ပုံ တင်ကိုယူကြည့်ပြီး သြော်ဒီမှာနေ မလို့လားဟုပြောပြီး နာမည်စာ ရင်းထဲကို ကြည့်ကာ အခန်းသော့ ထုတ်ပေးသည်။ ကျွန်တော်လည်း အခန်းသော့ကိုယူရင်း မင်းတို့တွေ ဟိုတယ်မှာ အလုပ်လုပ်တာနဲ့ မြန်မာလိုတောင် စကားမတတ် တော့ဘူးလားဟု ပြောခဲ့မိသည်။

နှစ်အတော်ကြာကြာ တစ် ရက်က FMI Center ဘေး မီး ရထားဟိုတယ်ရှေ့တွင် ဖွင့်ထား သော စားသောက်ဆိုင်တစ်ခုတွင် လည်း ထိုကဲ့သို့သော အဖြစ် အပျက်တစ်ခုနှင့် ကြုံဖူးသည်။ စားသောက်ဆိုင်တွင်း ဝင်သွား သောအခါ စားပွဲထိုးများစုပြီး ထောင့်တစ်ထောင့်တွင် စကား ပြောနေကြသည်ကို တွေ့ရသည်။ လွတ်တဲ့ခုံတစ်လုံးတွင် ဝင်ထိုင် ရင်း စားပွဲထိုးကို လှမ်းခေါ်သည်။ မည်သူမှမလာကြ။ ဒါနဲ့ ခဏ စောင့်ပြီး ထပ်ခေါ်သည်။ မလာ။ ထိုအချိန်တွင် အနောက်တိုင်းမှ နိုင်ငံခြားသားနှစ်ဦး ဆိုင်အတွင်း ဝင်လာသည်။ စုပြီး စကားပြော နေကြသော စားပွဲထိုးများအားလုံး ပြေးထွက်ကာ ခရီးဦးကြိုကြတော့ သည်။ ကျွန်တော်လည်း ဒေါသ ဖြစ်သဖြင့် ထိုင်နေရာမှ ထထွက် လာပြီး စားပွဲထိုးတွေကို မင်းတို့ တွေ နောက်တစ်ခါ မြန်မာလူမျိုး မဝင်ရဆိုပြီး ဆိုင်းဘုတ်ချိတ်ထား လိုက်ကွာဟု လှမ်းပြောခဲ့လိုက် သည်။

ပထမတော့ ထိုကဲ့သို့သော အဖြစ်အပျက်များကို တော်တော် ဒေါသထွက်မိသည်။ သေသေ ချာချာ စဉ်းစားကြည့်မိတော့ ထို ကဲ့သို့သော ဆက်ဆံမှုများသည် နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ဆုံးရှုံးမှုမှတစ်ဆင့် ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားမှု လျော့ပါးလာ ကာ ကိုယ့်အမျိုးအနွယ်တစ်ခုလုံး ထက် နိုင်ငံခြားသားများနှင့် နိုင်ငံ ခြားတိုင်းပြည်များကို ပိုမိုအထင် ကြီးစိတ် ဝင်လာကြခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိသည်။

လူသားအခွင့်အရေး ဆုံးရှုံးမှု

မြန်မာနိုင်ငံမှ ပြည်သူများ သည် နှစ်ပေါင်းဆယ်စုနှစ်များစွာ လူသားအခွင့်အရေးများ ဆုံးရှုံးခဲ့ ရသည်။ အာဏာရှင်များသည် ကိုယ့်အုပ်ချုပ်မှု အာဏာ တည် မြဲရေးအတွက် ပြည်သူများကို အ ကြောက်တရားများ ရိုက်သွင်းအုပ် ချုပ်ခဲ့ကြသည်။ မွေးဖွားမလာ မီအချိန် ကိုယ်ဝန်စဖြစ်တည်က တည်းက ဆရာဝန်များကို ကျေးဇူးရှင်သဖွယ် စတင် ကြောက်လန့် ခဲ့ရသည်။ တိုးတက်သောနိုင်ငံ များတွင် ဆရာဝန်များက လူနာ ကို ထမင်းရှင်အဖြစ် တလေး တစား ဆက်ဆံသည်။ လူနာသိချင်သမျှ ရှင်းပြသည်။ ကုထုံးများကို တိုင်ပင်သည်။ လူနာသဘော မတူလျှင် ဘာမှလုပ်မရ။ မြန်မာပြည်တွင် မွေးဖွားလာသောအခါ ဆေးရုံစောင့်မှစပြီး သူနာပြု ဆရာမအဆုံး အကုန်ကြောက်ရ သည်။ တစ်ရက် ဆေးရုံကြီးတွင် အသိလူနာတစ်ယောက်ကို သွားကြည့်ရာ ဆရာဝန်ကြီး Round လှည့်ချိန်နှင့်တိုးသဖြင့် အော်ဟစ်မောင်းထုတ်ခြင်း ခံရဖူးသည်။ ကျောင်းစာသင်ချိန်တွင်လည်း ဆရာ၊ ဆရာမများကို တုန်နေ အောင် ကြောက်ခဲ့ရသည်။ အလုပ်ဝင်တော့ အထက်အရာရှိများကို ကြောက်ရသည်။ ထိုအကြောက် တရားများ တစိမ့်စိမ့်ဝင်နေခဲ့ရ သော မျိုးဆက်တစ်ခုသည် Dignity ဟုခေါ်သော ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားစိတ်များ လျော့ပါးကုန်ကြသည်။ မျိုးဆက် တစ်ခုလုံးနီးပါး တန်ဖိုးထားမှု လျော့ ပါးသွားသောအခါ ကိုယ့်လူမျိုး ကို ကိုယ်ကိုယ်တိုင် အထင်ကြီး လေးစားမှု ပျောက်ကွယ်ကုန်ကြ သည်။ လူသားဆိုင်ရာ အခွင့် အရေးများကို တောင်းဆိုဖို့နေနေ သာသာ ကိုယ်နှင့်ထိုက်တန်မှုမရှိ ဟု ယူဆလာကြသည်။ ထို အ ချက်သည် အာဏာနှင့် အုပ်ချုပ် သူလူတန်းစားအတွက် အုပ်ချုပ် ဖို့ လွယ်ကူပေမယ့် တိုင်းပြည်ကတော့ စိတ်ဓာတ်ကစပြီး အစစ အရာရာ ယိုယွင်းသွားတော့သည်။

ပြောင်းလဲချိန်တန်ပြီ

 အင်န်အယ်လ်ဒီအစိုးရ လက်ထက်တွင် ပြုပြင်ပြောင်းလဲ မှုများ အရှိန်အဟုန်ဖြင့် စတင် လုပ်ဆောင်လာသည်ကို တွေ့ရ သည်။ သို့သော် ရုပ်ဝတ္ထုပြုပြင် ပြောင်းလဲမှုသာမက တစ်တိုင်း ပြည်လုံး စိတ်ဓာတ်များ ပြုပြင် ပြောင်းလဲဖို့အတွက် အထူးဂရုပြု အာရုံစိုက်သင့်သည်။ လူတိုင်းလူ တိုင်း လူ့အခွင့်အရေးဆိုသည်ကို နားလည်သိရှိဖို့နှင့်လူ့အခွင့်အရေး အပြည့်အဝ မရရှိပါက တောင်း ဆိုတတ်ဖို့နှင့် ရအောင်ကြိုးပမ်း ကြဖို့ လိုအပ်ပါသည်။ ထိုသို့ အခြေခံလူသား အခွင့်အရေးများ အပြည့်အဝ ရလာကြလျှင် ကိုယ့် ကိုယ်ကိုယ် တန်ဖိုးထားမှု မြင့် တက်လာပြီး ကိုယ့်လူမျိုးကို ကိုယ်လေးစားချစ်ခင်သော စိတ်များ ဝင်လာကြမည်မှာ မလွဲဧကန်ဖြစ် တော့သည်။

ထို့ကြောင့် မဝေးတော့သည့် အနာဂတ်တွင် ‘နိုင်ငံခြားသားများ သာ’ဆိုသည့် နေရာများ ပျောက် ကွယ်သွားပြီး မြန်မာအချင်းချင်း ရိုင်းပင်းချစ်ခင်မှုများ တိုးပွားလာ ကြမည်ဟု ယုံကြည်မျှော်လင့်ရင်း . . . ။